backup og meta

အစာရေမျိုအနာဖြစ်ခြင်း


Aye Thi Mon မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အစာရေမျိုအနာဖြစ်ခြင်း

    ပါးစပ်ကနေ စားသောက်လိုက်တဲ့ အစားအစာများဟာ အစာအိမ်ကိုရောက်ဖို့ အစာရေမျိုကို ဖြတ်သန်းရပါတယ်။ တနည်းပြောရရင် အစာရေမျိုဟာ လည်ချောင်းနဲ့ အစာအိမ်အကြား ဆက်သွယ်ပေးထားတဲ့ အင်္ဂါအစိတ်အပိုင်း ဖြစ်ပါတယ်။

    အစာရေမျိုတလျှောက်မှာ အနာတွေဖြစ်ရင် အစားအစာများကို မျိုချရာမှာ နာကျင်မှုကို ခံစားရပါတယ်။ အစာရေမျိုအနာဖြစ်ရတဲ့ အကြောင်းအရင်းတွေများစွာ ရှိပါတယ်။ H Pylori ဘက်တီးရီးယား ကူးစက်ခံရခြင်းကြောင့် ဖြစ်နိုင်သလို အစာအိမ်ထဲက အစာချေရည်တွေ လည်ချောင်းဆီကို ပြန်ဆန်တက်လာတဲ့အတွက်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ တခါတရံမှာ မှိုရောဂါပိုးနဲ့ ဗိုင်းရပ်ပိုးတွေကြောင့်လည်း အစာရေမျိုအနာဖြစ်တတ်ပါတယ်။

    အစာရေမျိုအနာဖြစ်ရင် နာကျင်ပြီး ခံရခက်တာကြောင့် ဆေးဝါးကုသခြင်း၊ နေထိုင်စားသောက်ပုံ ပြောင်းလဲခြင်း စတာတွေကို ဆောင်ရွက်ပေးသင့်ပါတယ်။

    လက္ခဏာများ

    အစာရေမျိုအနာဖြစ်ရင် တွေ့ရအများဆုံး လက္ခဏာကတော့ ရင်ဘတ်ထဲမှာ ပူနေခြင်း ဖြစ်ပါတယ်။ နာကျင်မှုကို အတန်အသင့်ကနေ ဆိုးရွားတဲ့အထိ ကြုံနိုင်ပါတယ်။ တခြားကြုံတွေ့နိုင်တဲ့ လက္ခဏာတွေကတော့

    ပျို့အန်ခြင်း

    – အစာမကြေခြင်း

    – အချဉ်ဓာတ်များပြန်ဆန်တက်ပြီး ရင်ပူခြင်း

    – လေပွခြင်း

    – အစားပျက်ခြင်း

    – အစာမျိုချချိန်နာကျင်ခြင်း

    – ချောင်းခြောက်ဆိုးခြင်း

    – ပါးစပ်အတွင်း ချဉ်နေခြင်း စတာတွေ ဖြစ်ပါတယ်။

    ဘာကြောင့်ဖြစ်ရသလဲ

    ယခင်က စိတ်ဖိစီးခြင်းနဲ့ ပူစပ်သော အစာများစားသုံးခြင်းကြောင့် ဖြစ်တယ်လို့ ယူဆခဲ့ကြပါတယ်။ နောက်ပိုင်းမှာ သိလာရတာက အဆိုပါအချက်များကြောင့် ဖြစ်ပွားခြင်းမဟုတ်ပေမယ့် ရောဂါလက္ခဏာကိုတော့ ပိုဆိုးစေနိုင်ပါတယ်။

    အဓိကအားဖြင့် H Pylori ဘက်တီးရီးယားကြောင့် ဖြစ်တတ်ပါတယ်။ အဆိုပါ ဘက်တီးရီးယားဟာ အစာရေမျိုရဲ့ နံရံတွေကို ထိခိုက်ပျက်စီးစေပါတယ်။ အစာအိမ်မှ အစာချေရည်များ ပြန်ဆန်တက်ခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အစာရေမျိုအောက်ပိုင်းက အပိတ်အဖွင့်လုပ်ပေးတဲ့ ကြွက်သားအားနည်းရင် အစာချေရည်များ အပေါ်ကို ပြန်ဆန်တက်နိုင်ပါတယ်။

    ဆေးလိပ်သောက်ခြင်း၊ အရက်အလွန်အကျွံသောက်ခြင်း၊ အကိုက်အခဲပျောက်ဆေးများ မကြာခဏ သောက်သုံးခြင်း စတာတွေဟာလည်း အစာရေမျိုနံရံများကို ထိခိုက်ပျက်စီးစေပါတယ်။ အထူးသဖြင့် ဆေးဝါးများကို ရေလုံလောက်စွာဖြင့် မသောက်သုံးခြင်း၊ သောက်သုံးပြီးပြီးချင်း လဲလျောင်းခြင်း စတာတွေကလည်း အစာရေမျိုကို ထိခိုက်စေပါတယ်။ မျီုးရိုးဗီဇနဲ့လည်း သက်ဆိုင်ပါတယ်။ ကိုယ်ခံစွမ်းအားနည်းပါးနေသူတွေမှာလည်း ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် HIV၊ ရေယုန်ရောဂါပိုး စတာတွေကူးစက်ထားရင် ပိုမိုဖြစ်နိုင်ခြေ ရှိပါတယ်။

    ကုသခြင်း

    အစာရေမျိုအနာကို ကုသရာမှာ အကြောင်းအရင်းကို မူတည်ပြီး ကွာခြားပါတယ်။ H Pylori ကူးစက်ခြင်းကြောင့်ဆိုရင်တော့ ပဋိဇီဝဆေးတွေ သောက်သုံးရတတ်ပါတယ်။ အကိုက်အခဲပျောက်ဆေးတွေကြောင့် ဖြစ်ပွားရင်တော့ အဆိုပါဆေးဝါးတွေကို ဖြတ်ထားရပါမယ်။ ဆရာဝန်ညွှန်ကြားချက်မလိုဘဲ မိမိဖာသာ ဝယ်ယူသောက်သုံးနိုင်တဲ့ အစာအိမ်ဆေးများကိုလည်း သောက်သုံးနိုင်ပါတယ်။ ဆေးရည်ပုံစံနဲ့လာတဲ့ အစာအိမ်ဆေးတွေကို သောက်သုံးရင် အစာအိမ်အချဉ်ဓာတ် ပြန်ဆန်ခြင်းကို သက်သာစေပြီး ရင်ပူသက်သာစေပါတယ်။

    ဘယ်လိုနေထိုင်စားသောက်သင့်သလဲ

    ဆေးများကို ဆရာဝန်ညွှန်တဲ့အတိုင်း တိကျစွာ သောက်သုံးရပါမယ်။ ဆေးဝါးများ သောက်သုံးရာမှာ ရေများများနဲ့သောက်ပြီး ချက်ချင်းမလှဲသေးဘဲ မတ်မတ်နေရပါမယ်။ ဒါ့အပြင် နေထိုင်သင့်တဲ့ပုံစံတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

    စိတ်ဖိစီးမှုလျှော့ချပါ

    – အိပ်ရေးဝအောင်အိပ်ပါ

    – အသီးအနှံများများစားပါ၊ အဆင့်ဆင့်ပြုပြင်ပြီး အချိုဓာတ်များတဲ့ အစားအစာတွေရှောင်ပါ

    – အစာကို နည်းနည်းချင်းစီနဲ့ အကြိမ်များများခွဲစားပါ

    – စားသောက်ပြီးရင် တနာရီခန့်အတွင်း မတ်မတ်နေပါ။ မလှဲပါနှင့်။

    – အရက်၊ ဆေးလိပ်ရှောင်ပါ

    ရေများများသောက်ပါ

    ကိုယ်အလေးချိန်ထိန်းပါ

    အစားအစာများအနေနဲ့ အမျှင်ဓာတ်များတဲ့ အသီးအနှံများကို ဦးစားပေးစားသုံးသင့်ပါတယ်။ ရှောင်ကြဉ်သင့်တဲ့ အစားအသောက်တွေကတော့

    – ကော်ဖီ၊ လက်ဖက်ရည်၊ ကဖိန်းပါသော အရည်များ

    – ဆိုဒါ

    – ချောကလက်

    – အရက်၊ ဘီယာ

    – ချဉ်သော အသီးများ

    – ပူစပ်သော အစားအစာများ

    – ဆီဖြင့်လွန်ကဲစွာကြော်ထားသော အစားအစာများ

    စတာတွေ ဖြစ်ပါတယ်။

    အစာရေမျိုအနာဖြစ်ခြင်းဟာ အသက်အန္တရာယ်နဲ့ဝေးပေမယ့် ခံစားရခက်ပြီး နေ့စဉ်လူနေမှုဘဝကို ထိခိုက်နိုင်တာကြောင့် သတိပြုဆင်ခြင်သင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement