backup og meta

ဝမ်းနုတ်ဆေးတွေမှာ ဘာဆိုးကျိုးရှိသလဲ

Written by Dr. Thant Zin · အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


13/12/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဝမ်းနုတ်ဆေးတွေမှာ ဘာဆိုးကျိုးရှိသလဲ

    ဝမ်းနုတ်ဆေးအကြောင်းမပြောခင် ဝမ်းချုပ်ခြင်းအကြောင်း အရင်ပြောလိုပါတယ်။ ဝမ်းချုပ်တယ်ဆိုတာ ဝမ်းသွားရန်ခက်ခဲနေပြီး တစ်ပတ်လုံးမှာ ၃ရက်အောက်နည်းပြီး ဝမ်းသွားရင် ဝမ်းချုပ်တယ်လို့ သတ်မှတ်နိုင်ပါတယ်။ ဝမ်းချုပ်တဲ့ ကာလရှည်ကြာနေပြီဆိုရင်တော့ ကျန်းမာရေးကိုပါ ထိခိုက်လာနိုင်ပါတယ်။ ဒါကြောင့် ဝမ်းနုတ်ဆေးကို ဝမ်းသွားရလွယ်အောင် အသုံးပြုလာကြပါတယ်။

    ဝမ်းနုတ်ဆေးများဟာ များသောအားဖြင့် ဆရာဝန်ညွှန်ကြားချက်မလိုဘဲ သောက်သုံးနိုင်တဲ့ဆေးတွေဖြစ်ပြီး အမျိုးအစားလည်း မျိုးစုံရှိပါတယ်။

    သောက်ဆေးအမျိုးအစားထဲမှာ ရေများကို အူမကြီးထဲ ရောက်လာစေပြီး ဝမ်းသွားလွယ်စေတဲ့ အမျိုးအစား၊ အစာဟောင်းများကို ရေနဲ့ပေါင်းစပ်ကာ အရွယ်အစားကြီးမားပျော့ပြောင်းလာစေပြီး အူအတွင်းပိုင်း လှုပ်ရှားမှုကို မြှင့်တင်ပေးတဲ့ အမျိုးအစား စသဖြင့် နည်းလမ်းကွဲပြားတဲ့ အမျိုးအစားတွေ ရှိပါတယ်။ ဒါ့အပြင် စအိုကနေ ထည့်သွင်းပြီး အူလမ်းကြောင်းလှုပ်ရှားမှုကို မြင့်တက်စေပြီး ဝမ်းသွားစေတဲ့ဆေး (ဝမ်းချူဆေး) တွေလည်း ရှိပါတယ်။

    ဘေးထွက်ဆိုးကျိုးဘာတွေရှိသလဲ

    အူမကြီးထဲကို ရေတွေဆွဲယူပေးပြီး ဝမ်းသွားစေတဲ့ ဝမ်းနုတ်ဆေးတွေဟာ

    – လေပွခြင်း

    – လေလည်ခြင်း

    – ဗိုက်အောင့်ခြင်း

    – ဝမ်းပျက်ခြင်း စတဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်စေနိုင်ပါတယ်။

    အစာဟောင်းများကို ရေနဲ့နူးစေပြီး ဝမ်းသွားစေတဲ့ ဝမ်းနုတ်ဆေးတွေကတော့

    – လေပွခြင်း

    – ဗိုက်ရစ်ခြင်း

    – ရေအလုံအလောက်မသောက်လျှင် ဝမ်းပိုချုပ်ခြင်း စတဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်စေပါတယ်။

    အူလမ်းကြောင်းလှုပ်ရှားမှုကို မြင့်တက်စေပြီး ဝမ်းသွားစေတဲ့ ဝမ်းနုတ်ဆေးတွေကတော့

    – ဗိုက်ရစ်နာခြင်း

    – လေတက်ခြင်း

    – ဆီးအရောင်ပြောင်းခြင်း

    – ပျို့တက်ခြင်း

    – ဝမ်းပျက်ခြင်း စတာတွေ ဖြစ်စေနိုင်ပါတယ်။

    ဝမ်းချူဆေးတောင့်တွေကတော့ ဗိုက်ရစ်ခြင်း၊ ဝမ်းပျက်ခြင်း၊ အူမကြီးနှင့် စအိုနာခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။

    အခြားဆေးဝါးများနှင့် ဓာတ်ပြုခြင်း

    ဝမ်းနုတ်ဆေးတွေဟာလည်း တခြားဆေးဝါးတွေနဲ့ ပေါင်းစပ်ဓာတ်ပြုနိုင်ခြေ ရှိပါတယ်။ အထူးသဖြင့် နှလုံးဆေးများ၊ ပဋိဇီဝဆေးများ၊ အရိုးအတွက် သောက်သုံးနေရတဲ့ဆေးများ စတာတွေ ပါဝင်ပါတယ်။ များသောအားဖြင့် ဆေးများရဲ့အချက်အလက်တွေဟာ အညွှန်းစာမှာ ပါတတ်ပါတယ်။ ဒါပေမယ့် ပိုပြီးစိတ်ချရအောင် နားလည်တတ်ကျွမ်းသူများနဲ့ တိုင်ပင်သင့်ပါတယ်။

    နောက်ဆက်တွဲပြဿနာ

    ဝမ်းချုပ်ခြင်းဟာ အူမကြီးနံရံတွေမှာ တွင်းချိုင့်တွေပေါ်လာတတ်တဲ့ diverticulosis ရောဂါကြောင့်လည်း ဖြစ်တတ်ပါတယ်။ အဆိုပါအခြေအနေမှာ ဝမ်းနုတ်ဆေးတွေကို သုံးပါများရင် အူမကြီးရဲ့ကျုံ့ဝင်နိုင်စွမ်းကို လျော့ကျစေတာကြောင့် ဝမ်းချုပ်ခြင်းကို ပိုဆိုးစေတတ်ပါတယ်။

    ရေဓာတ်ခမ်းခြောက်ခြင်း

    ဝမ်းနုတ်ဆေးကြောင့် ဝမ်းလျှောတဲ့အခါ ရေဓာတ်ခမ်းခြောက်ခြင်း ဖြစ်လာနိုင်ပါတယ်။ ကိုယ်တွင်း ဓာတ်ဆားတွေ မမျှမတ ဖြစ်လာနိုင်ပါတယ်။

    မိခင်နို့တိုက်ခြင်း

    မိခင်နို့တိုက်ချိန်မှာ တချို့ဝမ်းနုတ်ဆေးများဟာ မိခင်နို့ကနေတဆင့် ကလေးဆီရောက်နိုင်ပြီး ဝမ်းပျက်ခြင်းနဲ့ တခြားလက္ခဏာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် မိခင်နို့တိုက်နေသူတွေ ဝမ်းနုတ်ဆေးသောက်မယ်ဆိုရင် ဆရာဝန် ဒါမှမဟုတ် နားလည်တတ်ကျွမ်းသူနဲ့ တိုင်ပင်သင့်ပါတယ်။

    ဆေးသောက်မှ ဝမ်းသွားခြင်း

    ဝမ်းနုတ်ဆေးကို အလွန်အကျွံသုံးနေမယ်ဆိုရင် အူမကြီးရဲ့ကြွက်သားနဲ့ အာရုံကြော တုံ့ပြန်မှုတွေ လျော့နည်းလာနိုင်ပါတယ်။ ဆေးမသောက်ရင် ဝမ်းမသွားတော့တဲ့ အခြေအနေ ဖြစ်လာနိုင်ပါတယ်။ ယခုလို အခြေအနေကြုံလာရင် အူမကြီးရဲ့ ကျုံ့ဝင်လှုပ်ရှားနိုင်စွမ်းကို ပြန်လည်တိုးတက်အောင် ဆရာဝန်နဲ့ ပြသတိုင်ပင်သင့်ပါတယ်။

    ဆရာဝန်နှင့်ပြသသင့်သော အခြေအနေများ

    အောက်ပါအခြေအနေတွေ ကြုံလာရင် ဆရာဝန်နဲ့ချက်ချင်း ပြသသင့်ပါတယ်။

    – ၇ ရက်ထက်ကျော်ပြီး ဝမ်းချုပ်နေခြင်း

    – အူမကြီးမှ သွေးထွက်ခြင်း

    – သွေးဝမ်းသွားခြင်း

    – ဆိုးဆိုးရွားရွား ဗိုက်အောင့်ခြင်း

    – ပင်ပန်းနွမ်းနယ်ခြင်း

    – အရေပြားယားယံခြင်း

    – နှလုံးခုန်မမှန်ခြင်း

    ဝမ်းမချုပ်အောင် ဘယ်လိုကာကွယ်မလဲ

    ဝမ်းချုပ်တတ်ရင် ဝမ်းနုတ်ဆေးမစားသေးဘဲ ဝမ်းပုံမှန်သွားစေမယ့် နည်းလမ်းတွေ လုပ်ဆောင်သင့်ပါတယ်။ အထူးသဖြင့် အောက်ပါနည်းလမ်းတွေ ဖြစ်ပါတယ်။

    – အမျှင်ဓာတ်များတဲ့ အစားအစာတွေစားပါ။ လတ်ဆတ်တဲ့ အသီးအနှံတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ အစေ့အဆန်တွေ များများစားပါ

    – အမျှင်ဓာတ်နည်းပါးတဲ့ အဆင့်ဆင့်ပြုပြင်ထားတဲ့ အစားအစာတွေနဲ့ နို့ထွက်ပစ္စည်းတွေ လျှော့စားပါ

    – ရေများများသောက်ပါ

    – လေ့ကျင့်ခန်းပုံမှန်လုပ်ပါ

    – စိတ်ဖိစီးမှုလျှော့ချပါ

    – ဝမ်းသွားလိုလျှင် အောင့်မထားပါနှင့်

    အထက်ပါနည်းလမ်းတွေ ကျင့်သုံးရင် ဝမ်းနုတ်ဆေးသုံးစရာမလိုဘဲ ဝမ်းနုတ်ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေကိုလည်း ရှောင်ရှားပြီးသား ဖြစ်သွားပါလိမ့်မယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Written by

    Dr. Thant Zin

    အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


    13/12/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement