Face Mask ကိုတော့ မိန်းကလေးတွေ အများစုက အိပ်ခါနီးအချိန်တွေ ရွေးပြီး ကပ်တာများကြပါတယ်။ ဒါဆို တခြားအချိန်တွေ ကပ်လို့ မရလို့လား။ ရေချိုး၊ မျက်နှာသန့်စင်ပြီးမှပဲ ကပ်လို့ ရတာလား စတဲ့ မေးခွန်းလေးတွေနဲ့ ပတ်သက်ပြီး ဒီဆောင်းပါးမှာ ဖြေပေးချင်ပါတယ်။
ထွက်မှာ သေချာပြီလား။
ကိုယ်သုံးမယ့် Mask အမျိုးအစားပေါ် မူတည်ပြီး လုပ်ရမယ့် အဆင့်တွေဟာ အနည်းငယ် ပြောင်းလဲသွားနိုင်ပါတယ်။ များသောအားဖြင့်
၁။ မျက်နှာကပ်တဲ့ Mask တွေကို အပြင်စတိုးဆိုင်တွေနဲ့ အလှကုန်ပစ္စည်းရောင်းတဲ့ဆိုင်တွေမှာ ဝယ်လို့ရတဲ့ Sheet Mask လို ဆေးရည်စိမ်ထားပြီးသား အချပ်ကလေးတွေနဲ့
၂။ ကိုယ့်အိမ်မှာ အိမ်သုံးပစ္စည်းတွေနဲ့ သမမွှေပြီး ရလာတဲ့ အနှစ်တွေကို ကပ်တဲ့ DIY Mask ဆိုပြီး နှစ်မျိုးခွဲလို့ ရပါတယ်။
• အရင်ဆုံး ပုံမှန် မျက်နှာသစ်ဆပ်ပြာ၊ cleanser နဲ့ သန့်ရှင်းရေး လုပ်ပေးရပါမယ်။
• အထုပ်မှာ ပါတဲ့ ပုံစံအတိုင်း နဖူးကနေ မေးစေ့ထိ အံဝင်ခွင်ကျဖြစ်အောင် ကပ်ရပါမယ်။ Mask မှာ ပါတဲ့ အရည်တွေ မျက်လုံး၊ ပါးစပ်ထဲ မဝင်ပါစေနဲ့။
• ကပ်နေတဲ့အချိန်မှာ ချွေးပေါက်ထဲ အရည်စိမ့်ဝင်မှု အားကောင်းစေဖို့ Sheet Mask ကို နှိပ်နယ်ပေးတာမျိုး၊ လက်ချောင်းလေးတွေနဲ့ ပွတ်သပ်တာမျိုး လုပ်ပေးနိုင်ပါတယ်။
• များသောအားဖြင့် Sheet Mask တွေကို မျက်နှာပေါ်မှာ ၅ မိနစ်ကနေ ၁၅ မိနစ်ထိပဲ ကပ်ထားပေးရမှာဖြစ်ပြီး သုံးပြီးတာနဲ့ လွှင့်ပစ်ရပါမယ်။
• Mask ကပ်ပြီးတဲ့အခါ ရေပြန်ဆေးပေးဖို့ မလိုတဲ့အတွက် ညဘက်မှာ သုံးလို့ အဆင်ပြေပြီး မျက်နှာပေါ်မှာ ကျန်နေတဲ့ ဆေးရည်တွေကို မျက်နှာနဲ့ လည်ပင်းတစ်လျှောက် ဖွဖွလေး ဖိပြီး ပုတ်ပေးရင် ရပါပြီ။
• ညအိပ်ကပ်တဲ့ Sleeping Mask တွေဆိုရင်တော့ တစ်ညလုံးအိပ်နေရင်း ကပ်လို့ရပြီး မနက်နိုးလာတော့မှ ခွာပေးရုံပါပဲ။
• DIY Mask တွေကိုတော့ မျက်နှာသန့်စင်တာမျိုး မလုပ်ခင် ကြိုလုပ်ထားသင့်ပါတယ်။
• DIY Mask လုပ်နည်းတွေ၊ ပါဝင်ပစ္စည်းတွေကိုတော့ အင်တာနက်ပေါ်ကနေ တစ်ဆင့် ရှာလို့ရသလို ကျွန်တော်တို့ Hello ဆရာဝန် page မှာလည်း ဝင်ရောက်ရှာကြည့်နိုင်ပါတယ်။
• ပုံမှန်အားဖြင့် ပျားရည်၊ သစ်သီးကို ကြိတ်ချေထားတဲ့ အနှစ်၊ ကြက်ဥအကာ၊ သကြားဖြူ၊ သကြားညို၊ သံပရာရည်၊ ရှားစောင်းလက်ပပ်၊ မုန့်ဖုတ်ဆိုဒါ စတဲ့ လွယ်ကူရိုးရှင်းတဲ့ အိမ်သုံးပစ္စည်းတွေကို ပြုလုပ်ကြတာ များပါတယ်။
• Mask အနှစ်ကို သမအောင် မွှေပြီးသွားတဲ့အခါ ရေခဲသေတ္တာထဲ ထည့်သိမ်းထားပါ။
• ပြီးသွားရင် မျက်နှာကို cleanser နဲ့ သန့်ရှင်းဆေးကြောပါ။ ထို့နောက်မှ Mask အနှစ်ကို မျက်နှာပေါ် လိုသလို သုတ်လိမ်းပေးပါ။
• DIY Mask တွေကိုလည်း မျက်နှာပေါ်မှာ ၁၀ မိနစ်ထက် ပိုမထားသင့်ပါဘူး။
• များသောအားဖြင့် DIY Mask တွေကို အသုံးပြုပြီးသွားတဲ့အခါ သေချာဆေးကြောသန့်ရှင်းပေးဖို့ လိုတဲ့အတွက် မနက် သို့မဟုတ် နေ့လယ်တွေမှာ အသုံးပြုတတ်ပြီး မျက်နှာပြန်သစ်ပြီးတာနဲ့ ရေတစ်ခါတည်း ချိုးတာ ပိုအဆင်ပြေပါတယ်။
• မျက်နှာသစ်ပြီးတဲ့နောက်မှာ တိုနာ၊ အစိုဓာတ်ထိန်းခရင်မ်၊ နေလောင်ကာခရင်မ် စတာတွေကို ကိုယ်ပုံမှန်လိမ်းနေကျအတိုင်းပဲ ဆက်လိမ်းပေးပါ။
နောက်ထပ် သိထားဖို့ လိုအပ်တဲ့အချက်တွေက ကိုယ့်ရဲ့ အသားအရေ အမျိုးအစားပါ။ အဆီပြန်တဲ့သူတွေအနေနဲ့ တစ်ပတ်ကို ၂ကြိမ်မှ ၃ကြိမ်ထိ Mask အသုံးပြုလို့ ရတယ်ဆိုပေမယ့် ထိခိုက်လွယ် Sensitive Skin type ရှိသူတွေ၊ အသားအရမ်းခြောက်တဲ့သူတွေအနေနဲ့ တစ်ပတ်ကို တစ်ကြိမ်လောက်ပဲ Mask ကပ်ပေးပါ။
အသားအရေ ပြဿနာအတွက် မဟုတ်ဘဲ ရေဓာတ်ဖြည့်တင်းပေးဖို့ သုံးတဲ့ Hydrating Mask အမျိုးအစားတွေကတော့ တစ်ပတ်ကို ၃ကြိမ်ထက် ပိုအသုံးပြုလို့ သိပ်ပြီးတော့ ပြဿနာမရှိပါဘူး။ Mask အသုံးပြုပြီးသွားတဲ့အခါ အရေပြားက နေလောင်ဒဏ်ခံရဖို့၊ ပျက်စီးဖို့ ပိုလွယ်တဲ့အတွက် အသားအရေ ထိန်းသိမ်းတာကို ပုံမှန်အတိုင်း လုပ်ပေးဖို့၊ အပြင်သွားတဲ့အခါ နေလောင်ကာခရင်မ်ကို သေချာလိမ်းသွားဖို့တော့ လိုအပ်ပါလိမ့်မယ်။
Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။