backup og meta

ဝက်ခြံအတွက် ရှားစောင်းလက်ပပ်ရဲ့ အသုံးဝင်ပုံ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဝက်ခြံအတွက် ရှားစောင်းလက်ပပ်ရဲ့ အသုံးဝင်ပုံ

    ရှားစောင်းလက်ပပ်ဟာ အသားအရေအတွက် ဘက်ပေါင်းစုံကနေ ကူညီပေးနိုင်တဲ့ နတ်ဆေးတစ်ပါးဆိုတာ အားလုံးလည်း သိပြီးလောက်ပြီထင်ပါတယ်။ အလှအပအတွက်ဆိုရင်လည်း ဝက်ခြံ၊ အဖုအပိမ့်၊ အင်ပျဉ်ထတာတွေ၊ ဆားဝက်ခြံ၊ ချွေးပေါက်ကျယ်တဲ့ ပြဿနာတွေအတွက် ကူညီပေးနိုင်သလို အနာကျက်မြန်စေဖို့၊ အသားအရေကြည်လင်ဝင်းပစေဖို့၊ အရေပြားဆဲလ်အသစ်တွေ ထုတ်လုပ်ပေးတဲ့နေရာမှာပါ အားဖြည့်ပေးပါတယ်။

    ဒီဆောင်းပါးမှာတော့ ဝက်ခြံကို ကုသတဲ့နေရာမှာ ရှားစောင်းလက်ပပ်ကို ဘယ်လိုအသုံးပြုလို့ရမလဲဆိုတဲ့ နည်းလမ်းတွေရဲ့ သူ့ရဲ့အသုံးဝင်ပုံတွေကို ပြောပြပေးမှာဖြစ်ပါတယ်။

    ရှားစောင်းလက်ပပ်ရဲ့ အသုံးဝင်ပုံ

    ကျွန်တော်တို့ရဲ့ အရေပြားကနေပြီးတော့ သဘာဝအဆီတွေ အမြဲလိုလို ထွက်နေတတ်ပါတယ်။ ဒီအဆီဟာ အပြင်က ဖုန်မှုန့်၊ သဲ၊ အညစ်အကြေးတွေနဲ့အတူ ချွေးပေါက်ထဲကို ဝင်အောင်းနေတဲ့အခါ အထဲမှာ ဘက်တီးရီးယားတွေ ပေါက်လာပြီး ဝက်ခြံကို ဖြစ်စေတာပါ။ ရှားစောင်းလက်ပပ်ရဲ့ ဝက်ခြံကုထုံးအားသာချက်ကတော့

    • ပိုနေတဲ့ အဆီတွေကို ဖယ်ရှားပေးခြင်း

    • အသားအရေကို ညီညာချောမွေ့စေခြင်း

    • ကျယ်နေတဲ့ ချွေးပေါက်တွေကို ပြန်ကျဉ်းစေခြင်း

    • ဘက်တီးရီးယားပိုးတွေကို သေစေခြင်း

    • အသားအရေအတွက် ဘေးဥပါဒ်မဖြစ်စေခြင်း

    • ဓာတ်မတည့်မှု မရှိသလောက် ရှားခြင်း

    • နီရဲရောင်အမ်းတာကို သက်သာစေခြင်း

    • အရေပြားကို အစိုဓာတ်ထိန်းပေးခြင်း

    • အသားအရေအမျိုးအစားတိုင်းအတွက် သင့်လျော်ခြင်းပါပဲ။

    ရှားစောင်းလက်ပပ်ကို ဘယ်လိုအသုံးပြုမလဲ။

    ၁။ သဘာဝရှားစောင်းလက်ပပ်

    ရှားစောင်းလက်ပပ်ရဲ့ အတွင်းသားကို ဝက်ခြံပေါက်နေတဲ့နေရာမှာ ကပ်ထားပေးလို့ရသလို အထဲက ဂျယ်လ်လို အနှစ်ကို ဓားနဲ့ခွာခြစ်ပြီး ဝက်ခြံပေါ် သုတ်လိမ်းပေးလို့လည်း ရပါတယ်။ မလိမ်းခင်မှာ ရေခဲသေတ္တာထဲ ထားပေးလို့ရသလို အခန်းအပူချိန်နဲ့လည်း အဆင်ပြေပါတယ်။ နေရောင်နဲ့တော့ တိုက်ရိုက်ထိတွေ့တဲ့ နေရာမှာ မထားပါနဲ့။ ကပ်တဲ့အခါ ၁၀ မိနစ်မှ ၁၅ မိနစ်ထိ ကပ်ပေးပါ။ ပြီးသွားရင် မျက်နှာကို ရေအေးနဲ့ ပြန်သစ်ချပေးပါ။

    ၂။ ပျားရည်နဲ့ ရှားစောင်းလက်ပပ် Mask

    ပျားရည်မှာလည်း ရှားစောင်းလက်ပပ်လိုပဲ ဘက်တီးရီးယားပိုးတွေကို သေစေနိုင်တဲ့ အစွမ်းအာနိသင်တွေ ပါဝင်ပါတယ်။ ဒါကြောင့် မျက်နှာကို သန့်စင်ပေးဖို့ ပျားရည် ၂ဇွန်း၊ ရှားစောင်းလက်ပပ် ၁ဇွန်းကို သမအောင် မွှေပေးရပါမယ်။ ရလာတဲ့ အနှစ်ကို မျက်နှာပေါ်မှာ ၅မိနစ်ကနေ ၁၀ မိနစ်ထိ ကြာအောင် ကပ်ပေးပါ။ မျက်လုံးထဲ မဝင်ဖို့တော့ သေချာဂရုစိုက်ပေးပါ။ ပြီးသွားရင် ရေအေးနဲ့ ပြောင်စင်အောင် ဆေးကြောလိုက်ရုံပါပဲ။

    ၃။ ရှားစောင်းလက်ပပ်နဲ့ သံပရာရည် Mask

    သံပရာရည်ရဲ့ အားသာချက်က အသားအရေကို အေးမြစေပြီး ချွေးပေါက်ထဲမှာပိတ်ဆို့နေတဲ့ အညစ်အကြေးတွေကို သန့်စင်ပေးနိုင်တာပါပဲ။ အသုံးပြုပုံကတော့ ရှားစောင်းလက်ပပ် ၂ဇွန်းကို သံပရာရည် အနည်းငယ်ညှစ်ထည့်ပြီး မွှေပေးပါ။ သံပရာရည်ကို အများကြီးမညှစ်ထည့်ဖို့တော့ နည်းနည်းဂရုစိုက်ပေးရပါမယ်။ ပြီးသွားရင် မျက်နှာပေါ်မှာ ကပ်ထားလိုက်ပါ။ ကပ်နေစဉ်မှာ ဝက်ခြံရဲ့ အခြေအနေပေါ် မူတည်ပြီး နည်းနည်းယားတာမျိုး ဖြစ်တတ်ပါတယ်။ ၅မိနစ်မှ ၁၀မိနစ်ထိ ကပ်ပြီးသွားရင် ရေနဲ့ပြန်ဆေးချပါ။

    ၄။ မျက်နှာဖျန်းစပရေး

    စပရေးဖျန်းလို့ရတဲ့ ဘူးအသေးလေး တစ်ဘူးကို ရေနဲ့အရင်ဆေးထားရပါမယ်။ ပြီးသွားမှ ရေနဲ့ ရှားစောင်းလက်ပပ်ကို ၂း၁ အချိုးအဆအတိုင်း ထည့်မွှေပေးရပါမယ်။ သံလွင်ဆီ သို့မဟုတ် အုန်းဆီသန့်သန့်လေး တစ်စက် ၂စက်လောက် ရောမွှေလို့လည်း အဆင်ပြေပါတယ်။ မသုံးခင်မှာ သေချာလှုပ်ပြီးမှ မျက်နှာပေါ် ဖျန်းလိုက်ရုံပါပဲ။ မျက်လုံးထဲ ရေစက်မှုန်တွေ မဝင်သွားအောင် ဂရုစိုက်ပေးပါ။ ဒီနည်းလမ်းက ဝက်ခြံရှိတဲ့သူတွေအတွက်သာမက အသားခြောက်တဲ့သူတွေ၊ ဆောင်းရာသီလို အချိန်ကာလမျိုးမှာ အသားမပပ်အောင် ထိန်းသိမ်းဖို့အတွက်လည်း အသုံးဝင်ပါတယ်။

    ၅။ ရှားစောင်းလက်ပပ်နဲ့ သကြား Scrub

    Scrub တိုက်ပေးခြင်းဖြင့် အရေပြားပေါ်က ပျက်စီးနေတဲ့ ဆဲလ်အသေတွေကို ဖြည်းဖြည်းချင်းကွာကျစေပြီး နောက်ထပ် ဆဲလ်အသစ်တွေ ပြန်ထွက်လာစေဖို့ ကူညီပေးနိုင်တယ်။ အသားအရေကိုလည်း ဖြူဝင်းသွားစေနိုင်ပါတယ်။ ရှားစောင်းလက်ပပ်၊ သကြားနဲ့ အုန်းဆီနည်းနည်း ရှိရုံနဲ့ ကိုယ့်အိမ်မှာ အလွယ်တကူ Scrub တစ်ခုဖန်တီးလို့ရပါပြီ။ သကြား ၂ဇွန်းကို ရှားစောင်းလက်ပပ် တစ်ဇွန်း၊ အုန်းဆီ နှစ်ဇွန်းလောက် ထည့်ပြီး မွှေရပါမယ်။ ပြီးရင် အဲ့သကြားတွေကို မျက်နှာပေါ်တင်ပြီး ဖြည်းဖြည်းချင်းပွတ်တိုက်ပေးရပါမယ်။ သကြားရဲ့ ရှတတခံစားချက်နဲ့ ရှားစောင်းလက်ပပ်ရဲ့ အေးမြတဲ့အရသာက အသားအရေကို အေးမြစေဖို့၊ ချွေးပေါက်ထဲမှာ ပိတ်နေတဲ့ အညစ်အကြေးတွေကို ဖယ်ရှားပေးဖို့ ကူညီပေးနိုင်မှာပါ။ တစ်ရက်ကို တစ်ကြိမ်၊ တစ်ကြိမ်လျှင် ၅မိနစ်ခန့် ပွတ်တိုက်ပေးပြီး ရေနဲ့ ပြန်ဆေးပေးရပါမယ်။ တစ်ပတ်ကို ၂ကြိမ်သာ အများဆုံးသုံးသင့်ပြီး တစ်ရက်သုံးပြီးတိုင်း ကြားထဲမှာ ၂ရက်လောက် ခြားထားပေးဖို့ လိုပါတယ်။

    အပေါ်မှာ ပြထားတဲ့ သဘာဝအိမ်တွင်းနည်းလမ်းတွေကို လုပ်ပေးလို့လည်း ရသလို ရှားစောင်းလက်ပပ်ပါဝင်တဲ့ အလှကုန်ပစ္စည်း၊ အသားအရေထိန်းသိမ်းပစ္စည်း၊ မျက်နှာသစ်ဆပ်ပြာတွေကို အသုံးပြုပေးလို့လည်း ရပါတယ်။ ခုဆို ဘာလိုလိုနဲ့ ပူနွေးစိုစွတ်တဲ့ နွေရာသီကို ပြန်ရောက်တော့မယ်ဆိုတော့ ဝက်ခြံကြောင့် အလှမပျက်စေဖို့ ရှားစောင်းလက်ပပ်ကို အိမ်မှာဆောင်ထားလိုက်ကြရအောင်နော်။

    Hello ဆရာဝန်ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement