backup og meta

နေလောင်ဒဏ် ကို ဘယ်လိုကာကွယ်မလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Ye Zon Aung မှ ရေးသားသည်။ · 22/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နေလောင်ဒဏ် ကို ဘယ်လိုကာကွယ်မလဲ

    နေပူကျဲကျဲကို ထွက်မိတဲ့အခါ ချွေးတလုံးလုံးနဲ့ အသားတွေ ပူစပ်ပြီး ဆိုးရွားတဲ့ဝေဒနာမျိုး ခံစားကြရဖူးတယ် မဟုတ်လား။ မြန်မာပြည်လို အပူပိုင်းဒေသတိုင်းပြည်တစ်ခုမှာ နေပူတာ အထူးအဆန်းမဟုတ်ဘူးဆိုပေမယ့် ပြင်းထန်တဲ့ နေလောင်ဒဏ် ကြောင့် ကျန်းမာရေးပြဿနာတွေ ကြုံဆုံရတတ်ပါတယ်။

    အထူးသဖြင့်တော့ အရေပြားကင်ဆာပေါ့။ ဒီလိုကျန်းမာရေးပြဿနာမျိုးကို ရင်မဆိုင်ချင်ဘူးဆိုရင် နေရောင်ခြည်နဲ့ အရေပြား တိုက်ရိုက်ထိတွေ့ရာမှာ ဂရုစိုက်ပြုမူရမှာတွေရှိနေတာကို သိနားလည်ထားဖို့ လိုအပ်မှာပါ။

    အရေပြားဟာ ခန္ဓာကိုယ်ရဲ့ အကြီးဆုံးအစိတ်အပိုင်းဖြစ်ပြီးတော့ နုနယ်တဲ့အစိတ်အပိုင်းတစ်မျိုးလည်းဖြစ်ပါတယ်။ နေရောင်ခြည်က UV တွေကို တိုက်ရိုက်စုပ်ယူမိတဲ့အခါ အရေပြားကျန်းမာရေးဆိုင်ရာ ပြဿနာတွေ ကြုံဆုံရတတ်ပါတယ်။

    ဒါတွေကိုကာကွယ်နိုင်ဖို့ဆိုရင် အောက်ပါအချက်တွေကို သတိထားလိုက်နာဖို့ လိုအပ်ပါတယ်။

    နေလောင်ဒဏ် ကို ကာကွယ်နိုင်ဖို့

  • နေရောင်ပြင်းပြင်းနဲ့ တိုက်ရိုက်ထိတွေ့ချိန်ကို လျှော့ချပါ။
  • မနက် ၁၀ နာရီနဲ့ ၄ နာရီအကြားမှာ အပြင်ထွက်သွားလာတာမျိုးကို လျှော့ချဖို့ လိုအပ်ပါတယ်။ ဒီကာလတွေမှာ မလိုအပ်ပဲ အပြင်မထွက်ပါနဲ့။ နေရောင်ခြည်ဟာ အဆိုပါကာလမှာ ပိုမိုပြင်းထန်ပြီးတော့ လူ့အသားအရေကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။

  • ဂရုတစိုက် ဝတ်စားဆင်ယင်ပါ။
  • နေရောင်ထဲထွက်ရမယ်ဆိုရင် ကိုယ့်ရဲ့ ခန္ဓာကိုယ်ကို ကောင်းမွန်စွာ ကာကွယ်နိုင်စေမယ့် အဝတ်အစားမျိုးတွေ ဆင်မြန်းဝတ်ဆင်သင့်ပါတယ်။ နေအရမ်းပူနေချိန် အပြင်ထွက်မယ်ဆိုရင် နေကာမျက်မှန်၊ ဦးထုပ်၊ အင်္ကျီလက်ရှည်စတာတွေ ဝတ်ဆင့်သင့်ပါတယ်။

    • Sunscreen ကို အလေးထားပါ။

    Sunscreen က သင့်အသားအရေကို ကာကွယ်ပေးနိုင်ပါတယ်။ သေချာဂရုတစိုက်ရွေးချယ်ပြီး စနစ်တကျလည်း သုံးစွဲဖို့ လိုအပ်ပါတယ်။ Sunscreen ဝယ်ယူရာမှာ အနည်းဆုံး SPF 30 ရှိတာမျိုးကိုသာ ဝယ်ယူသင့်ပါတယ်။ UVAကိုရော UVBကိုရော ကာကွယ်နိုင်တဲ့ broad spectrumလည်း ဖြစ်ရပါမယ်။

    Sunscreen သုံးတဲ့အခါမှာ လိုက်နာရမယ့် လမ်းညွှန်ချက်တွေရှိပါတယ်။

    -လမ်းညွှန်ထားတဲ့ ပမာဏအတိုင်းအတိအကျ လိမ်းကျံပေးဖို့ လိုအပ်ပါတယ်။

    -နေရောင်နဲ့ ထိတွေ့နိုင်တဲ့နေရာမှန်သမျှ လိမ်းကျံဖို့ လိုပါတယ်။ ဥပမာ လည်ပင်း၊ နား၊ လက်နှစ်ဖက်နဲ့ ခြေထောက်နှစ်ဖက်ကို အဓိကထားလိမ်းကျံပေးဖို့ လိုအပ်ပါတယ်။

    -Sunscreen လိမ်းကျံရာမှာ အရေပြားပေါ်မှာ ထူထဲတဲ့အလွှာမျိုးဖြစ်နေစေဖို့ ထူထူထဲထဲလိမ်းပေးဖို့ လိုအပ်ပါတယ်။

    -တကယ်လို့ ကိုယ်ဝယ်ယူထားတဲ့ Sunscreen မှာ အချိန်ဘယ်လောက်ကြိုတင်ပြီး လိမ်းကြံရမလဲဆိုတာကို လမ်းမညွှန်ထားဘူးဆိုရင် နေရောင်နဲ့မထိတွေ့ခင် ၁၅ မိနစ်နဲ့ မိနစ် ၃၀ အကြားလောက်ကြိုတင်ပြီး လိမ်းပေးပါ။

    -တကယ်လို့ ဆံပင်ပါးတာမျိုး၊ ကတုံးတုံးထားတာမျိုးဆိုရင် ဦးခေါင်းကို Sunscreen လိမ်းကျံပေးလို့ရပါတယ်။ ဦးထုပ်ဆောင်းတာကလည်း ရွေးချယ်သင့်တဲ့နည်းလမ်းပါ။

    -တစ်ကြိမ်လိမ်းထားပြီးရင် ၂နာရီကြာတိုင်းမှာ တစ်ခါ Sunscreen ပြန်လည်လိမ်းကျံပေးဖို့ လိုအပ်မှာပါ။

    -ကလေးတွေကို Sunscreen လိမ်းကျံပေးဖို့ ဆန္ဒရှိတယ်ဆိုရင် ဆရာဝန်နဲ့အရင်တိုင်ပင်ပြီးမှ သင့်လျော်တဲ့အမျိုးအစားကို ရွေးချယ်ဝယ်ယူသင့်ပါတယ်။

    • မျက်လုံးကိုလည်း သတိထား

    နေလောင်ဒဏ် လို့ တွေးလိုက်ရင် လူတော်တော်များများက အရေပြားကိုပဲ တွေးတောတတ်ကြတယ်။ တကယ်တော့ နေလောင်ဒဏ်ကို မျက်လုံးကလည်း ခံရတတ်ပါတယ်။ UV Radiation တွေဟာ မျက်စိကျန်းမာရေးကိုလည်း အထူးတလည်ထိခိုက်စေတတ်နိုင်တာမို့ နေပူထဲသွားချိန်တွေမှာ နေကာမျက်မှန်လေးတစ်လက်လောက်တော့ ဆောင်ထားဖို့ လိုအပ်မယ်နော်။

  • နေရောင်ခြည်နဲ့ ထိတွေ့ချိန်ကို သိပါ။
  • နေရောင်ခြည်ကို လုံးဝမထိတွေ့လို့လည်း မဖြစ်ပြန်ပါဘူး။ နေရောင်ခြည်ဟာ လူခန္ဓာကိုယ်က ဗီတာမင် D ကို စုပ်ယူရာမှာ အဓိကကျတဲ့ အရာတစ်ခုပါ။ နေရောင်ခြည်မပါဝင်ပဲ ဗီတာမင် D ကို စုပ်ယူနိုင်ဖို့ မလွယ်ကူပါဘူး။ ဒါကြောင့် နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့ချင်တယ်ဆိုရင်တော့ မနက်ခင်း စောစောပိုင်းနဲ့ ညနေစောင်းနေခြည်နွေးနွေးလေးတွေကိုသာ ခံယူပါ။

    • အရေပြားကင်ဆာ လက္ခဏာတွေကို ပုံမှန်စစ်ဆေးပါ။

    အရေပြားမှာ ထူးခြားတဲ့ ပြောင်းလဲမှုတွေ ရှိမရှိ၊ အထူသဖြင့် မှဲ့တွေမှာ အရောင်၊ အရွယ်အစား၊ ကြီးထွားမှု စတာတွေ ပြောင်းလဲမှု ရှိမရှိဆိုတာကိုလည်း သတိထားစောင့်ကြည့်ဖို့ လိုပါတယ်။

    ဒါကြောင့် နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့မှုရှိလာတိုင်းမှာ အပေါ်က အချက်တွေကို လိုက်နာရင်း လိုအပ်တဲ့အကာအကွယ်တွေထားရှိပြီး သတိပြု နေထိုင်ကြဖို့ တိုက်တွန်းပါရစေ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Ye Zon Aung မှ ရေးသားသည်။ · 22/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement