backup og meta

ဗီတာမင် D လွန်ကဲရင် အန္တရာယ်ရှိပါတယ်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 02/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဗီတာမင် D လွန်ကဲရင် အန္တရာယ်ရှိပါတယ်

    ဗီတာမင် D ဆိုတာ ကယ်လ်စီယမ် စုပ်ယူနိုင်စွမ်း၊ ကိုယ်ခံအားစနစ် လုပ်ဆောင်ချက်နဲ့ အရိုး၊ ကြွက်သား၊ နှလုံးကျန်းမာရေးတို့မှာ အရေးပါတဲ့နေရာက ပါဝင်သက်ဆိုင်တဲ့ ဓာတ် ဖြစ်ပါတယ်။

    ဒါပေမယ့် ဗီတာမင် Dကို အဆီများတဲ့ငါးက လွဲပြီး တခြားအစားအသောက်ကနေ ရရှိနိုင်ဖို့ အခွင့်အလမ်း နည်းပါတယ်။ နေရောင်ခြည်ကနေပဲရရှိနိုင်တာဖြစ်လို့ နေရောင်ထိတွေ့မှု သိပ်မရှိသူတွေမှာ အလုံအလောက် မရနိုင်တဲ့ အတွက် ဗီတာမင် D အားဆေးတွေ လိုအပ်လာတာပါ။

    ဗီတာမင် Dမှာ D2 နဲ့D3 ဆိုပြီး နှစ်မျိုးရှိပါတယ်။ D2 ကို အသီးအရွက်တွေကနေ ရရှိနိုင်ပြီး D3 ကိုတော့ အဆီများတဲ့ငါးနဲ့ အသားကနေ ရရှိနိုင်တယ်၊ နေရောင်ခြည်က ရနိုင်တယ် ဆိုပေမယ့် ပမာဏ နည်းပါတယ်။

    တစ်နေ့ကို ဗီတာမင် Dပမာဏ 400–1000 IUအထိ သောက်သုံးနိုင်ပါတယ်။ ဒါပေမယ့် အရေးကြီးတာက ဗီတာမင် D နဲ့ပတ်သက်တဲ့ အားဆေးတွေကို ဆရာဝန်ညွှန်ကြားချက်အတိုင်း မဟုတ်ဘဲ ထင်ရာမသောက်ဖို့ ပါပဲ။

    ပမာဏ လွန်ကဲရင်

    ဗီတာမင် D3 ကို မလိုအပ်ဘဲ အချိန်အကြာကြာ များများသောက်မိရင် ခန္ဓာကိုယ်ထဲမှာ စုပုံလာပြီး အဆိပ်သင့်နိုင်ပါတယ်။

    ပမာဏ ကို မချင့်ချိန်ဘဲ ရမ်းသမ်းသောက်သုံးမှုတွေကြောင့် ဗီတာမင် Dအဆိပ်သင့်ခြင်းအန္တရာယ် ရှိလာနိုင်တာ သတိထားသင့်တဲ့ အချက်ပါ။ အရိုးအတွက် ကောင်းတယ်၊ ဘာအတွက် ကောင်းတယ် ဆိုတိုင်း အားဆေးတွေကို အရမ်း အားမကိုးသင့်ပါဘူး။

    သောက်သုံးလိုက်တဲ့ ဗီတာမင် Dကို ခန္ဓာကိုယ်အဆီတွေထဲ သိုလှောင်ထားလိုက်ပြီး သွေးထဲကို တဖြည်းဖြည်း ထုတ်ပေးတာ ဖြစ်လို့ ဆေးကို ရပ်လိုက်တာတောင် လအတော်ကြာတဲ့ အထိ အဆိပ်သင့်ခြင်း အာနိသင်က ရှိနေနိုင်ပါသေးတယ်။

    အဆိပ်သင့်တာက အဖြစ်မများပေမယ့် ဒီဆေးတွေကို မလိုအပ်ဘဲ ၊ သွေးမစစ်ဘဲ၊ ဆရာဝန်ညွှန်ကြားမှု မရှိဘဲ ကြာရှည်သောက်သုံးတဲ့သူတွေမှာဖြစ်လေ့ရှိပါတယ်။

    အဆိပ်သင့်ရင် ဘာတွေဖြစ်လာမှာလဲ

    (၁) ကယ်လ်စီယမ်တွေ များလာမယ်

    ဗီတာမင် D က ကိုယ်စားလိုက်တဲ့ အစားအသောက်တွေထဲက ကယ်လ်စီယမ်တွေ စုပ်ယူမှုကို အားပေးကူညီပါတယ်။ ဒါပေမယ့် လွန်ကဲလာတဲ့အခါ သွေးတွင်းကယ်လ်စီယမ်တွေ များလာပြီး ဆိုးကျိုးတွေ ရှိလာနိုင်ပါတယ်။ သွေးထဲ ကယ်လ်စီယမ်တွေ များလာပြီဆိုရင် –

    • ပျို့အန်ခြင်း၊ မအီမသာဖြစ်ခြင်း၊ ဗိုက်အောင့်ခြင်းတို့လို အစာခြေစနစ်ပြဿနာ
    • နုံးချိခြင်း၊ ခေါင်းမူးခြင်းနဲ့ အာရုံရှုပ်ထွေးခြင်း
    • ရေငတ်ခြင်း
    • ဆီးမကြာခဏသွားခြင်း စတဲ့ လက္ခဏာတွေဖြစ်လာနိုင်တယ်။

    (၂) ခံတွင်းပျက်လာမယ်

    မအီမသာဖြစ်တာ၊ ပျို့အန်တာနဲ့ အစာစားချင်စိတ် မရှိတာတွေ ဖြစ်လာပါမယ်။

    (၃) ဗိုက်အောင့်မယ်၊ ဝမ်းချုပ်မယ်၊ ဝမ်းပျက်မယ်

    ဗိုက်အောင့်ခြင်း၊ ဝမ်းချုပ်ခြင်းနဲ့ ဝမ်းပျက်ခြင်းတို့က အူလမ်းကြောင်းလှုပ်ရှားမှု မမှန်တဲ့ IBSရောဂါတို့နဲ့ ပတ်သက်နေကျ အစာခြေစနစ်ပြဿနာတွေ ဖြစ်ပါတယ်။ ဒါပေမယ့် ဗီတာမင် Dအဆိပ်သင့်ခြင်းရဲ့ လက္ခဏာလည်း ဖြစ်နိုင်ပါတယ်။

    (၄) အရိုး ပျက်စီးစေတယ်

    အရိုးကျန်းမာရေးအတွက် ဗီတာမင် D3ကို သောက်သုံးကြသလို သူကိုယ်တိုင်လည်း ကယ်လ်စီယမ်စုပ်ယူမှုကို အားပေးပြီး အကျိုးပြုပါတယ်။ ဒါပေမယ့် လွန်ကဲသွားရင်တော့ အရိုးကျန်းမာရေးကို ထိခိုက်ပျက်ယွင်းစေနိုင်တယ် ဆိုတာ သိပ်မသိကြပါဘူး။ ဗီတာမင် Dလွန်ကဲရင် ကယ်လ်စီယမ်ကိုလည်း လွန်ကဲစေနိုင်ပေမယ့် ဗီတာမင် K2 ကိုတော့ လျော့နည်းစေနိင်ပါတယ်။

    ဗီတာမင် K2 ရဲ့လုပ်ဆောင်ချက်က သွေးထဲမှာတင် မကဘဲ အရိုးတွင်းမှာပါ ကယ်လ်စီယမ်ကို သိုလှောင်ပေးထားတာ ဖြစ်ပါတယ်။ဗီတာမင် Dများနေတဲ့အခါ K2 ရဲ့လုပ်ဆောင်ချက်ကို လျော့နည်းစေတာမို့ အရိုးကျန်းမာရေး အတွက် ဘယ်ကောင်းနိုင်ပါတော့မလဲ။

    (၅) ကျောက်ကပ် ပျက်စီးစေတယ်

    ဗီတာမင် Dလွန်ကဲသွားရင် ကျောက်ကပ်ထိခိုက်မှုတွေ ဖြစ်နိုင်ပါတယ်။ လေ့လာမှုတွေအရ နဂို ကျောက်ကပ်ကျန်းမာသူတွေဖြစ်ဖြစ်၊ ကျောက်ကပ်ရောဂါရှိသူ ဖြစ်ဖြစ် ဗီတာမင် D လွန်ကဲတဲ့အခါ ကျောက်ကပ်ပျက်စီးလာတာ လေ့လာမှုတွေအရ တွေ့ရပါတယ်။

    ဒါ့ကြောင့်  ဗီတာမင် နဲ့သတ္တုဓာတ် အတွက် ဘယ်အားဆေးကိုပဲ ဖြစ်ဖြစ် ဆရာဝန်ညွှန်ကြားချက် မပါဘဲ စိတ်ထင်ရာ မသောက်သုံးသင့်တာကို သတိထားသင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 02/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement