သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

null

နွေရာသီမှာ ထွက်လာမယ့် မိတ်တွေ သက်သာစေဖို့

    နွေရာသီမှာ ထွက်လာမယ့် မိတ်တွေ သက်သာစေဖို့

    မကြာခင်မှာ ပူပြင်းမှုတွေကို ယူဆောင်လာမယ့် နွေကို ရောက်လာတော့မှာပါ။ ဒီလို နွေရောက်လာတဲ့အခါ အရေပြားပြဿနာ အမျိုးစုံကို ခံစားရနိုင်ပါတယ်။ ဒီလို ခံစားရတဲ့ အရေပြား ပြဿနာတွေထဲကမှ အဖြစ်များတဲ့ အရေပြား ပြဿနာ တစ်ခုကတော့ မိတ်ထွက်တာပါ။ ဒီလို နွေရာသီမှာ မိတ်တွေ ထွက်လာတဲ့အခါ သက်သာစေဖို့ လုပ်ဆောင်ပေးနိုင်မယ့် နည်းလမ်းလေးတွေ ရှိပါတယ်။

    ဘယ်လိုနည်းလမ်းလေးတွေ ဖြစ်မလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်လား။

    မိတ်ဆိုတာ

    မိတ်ဆိုတာ အရေပြားပေါ်မှာ ထွက်တတ်တဲ့ ယားစပ်စပ် အဖုအပိမ့်လေးတွေပါ။ ကုတ်မိရင် တော်တော်လေး စပ်ဖျဉ်းဖျဉ်းနဲ့ ခံရခက်ပါတယ်။ မိတ်က ပြင်းထန်တဲ့ အရေပြား ပြဿနာ မဟုတ်ပေမယ့် နေရထိုင်ရတာတော့ အတော်လေး မသက်မသာ ဖြစ်စေနိုင်ပါတယ်။

    မိတ်တွေ ဘယ်နားမှာ ပေါက်တတ်လဲ

    မိတ်တွေက ခန္ဓာကိုယ်ရဲ့ နေရာ အနှံ့မှာ ပေါက်နိုင်ပါတယ်။ အထူးသဖြင့်

    • ကျောကုန်း
    • လည်ပင်း
    • ပေါင်ခြံ
    • ချိုင်းကြား စတဲ့နေရာတွေမှာ မိတ်တွေ ပေါက်တတ်ပါတယ်။

    မိတ်တွေ သက်သာစေဖို့ ဘယ်လို လုပ်ရမလဲ

    မိတ်တွေ သက်သာစေဖို့ လုပ်ဆောင်ပေးလို့ ရမယ့် အလွယ်ကူဆုံး နည်းလမ်းလေးတွေကို ပြောပြပေးသွားပါမယ်။

    ရေအေးအေးလေးနဲ့ ရေချိုးပါ

    ရေကို အုတ်ကန်၊ စဉ့်အိုးတွေလိုမျိုးထဲမှာ ထည့်ထားတဲ့ ရေအေးအေးလေးနဲ့ ချိုးပေးတာကလည်း မိတ်ပျောက်စေမယ့် နည်းလမ်းကောင်း တစ်ရပ်ပါ။ နွေပူလို့ မိတ်ထွက်နေချိန်မှာ ရေအေးအးလေးနဲ့ တစ်နေ့ကို ၂ ကြိမ် ရေချိုးပေးတာက မိတ်ပျောက်စေမယ့် နည်းလမ်း တစ်ရပ်ပါ။

    ရေအေးဝတ် ကပ်ပါ

    မိတ်တွေပေါက်နေတဲ့ နေရာကို အဝတ်စသန့်သန့်လေးမှာ ရေအေးအေးလေး ဆွတ်ပြီး ဖြစ်ဖြစ်၊ ရေခဲလေးကို အဝတ်ထဲ ထည့်ထုတ်ပြီးပဲ ဖြစ်ဖြစ် ကပ်ပေးလို့ ရပါတယ်။ ဒီလို ကပ်ပေးတာကလည်း မိတ်တွေကို သက်သာစေမယ့် အလွယ်ကူဆုံး နည်းလမ်း တစ်ရပ်ပါ။ အကြာကြီး မကပ်မိဖို့တော့ လိုပါမယ်။

    သနပ်ခါးရေကျဲလေး လိမ်းပေးပါ

    တိကျတဲ့ လေ့လာချက်မရှိပေမယ့် မြန့်မာရိုးရာ အမွေတစ်ခုဖြစ်တဲ့ သနပ်ခါးမွှေးမွှေးလေးကို ရေကျဲကျဲလေး သွေးပြီး အရေပြားပေါ်မှာ လိမ်းပေးတာကလည်း မိတ်သက်သာစေတယ်လို့ ဆိုကြပါတယ်။ သနပ်ခါးထဲကို အသားအရေအတွက် အထောက်အပံ့ပေးနိုင်တဲ့ ခရေပန်း၊ ကံ့ကော်ဝတ်ဆံလေးတွေ ထည့်လိမ်းပေးတာကလည်း နည်းလမ်းကောင်း တစ်ရပ်ပါ။

    ကရမက်

    သနပ်ခါးလိုပဲ တိကျတဲ့ လေ့လာချက်မရှိသည့်တိုင် ကရမက်က အအေးဓာတ် ရှိတဲ့ လိမ်းစရာ တစ်မျိုးပါ။ နွေပူနေချိန်မှာ ကရမက်ကို အရည်ကျဲကျဲလေး သွေးပြီး မိတ်တွေပေါ်မှာ လိမ်းပေးတာကလည်း နည်းလမ်းကောင်း တစ်ရပ်ပါ။

    တစ်နေ့ကို ၂ ကြိမ်ကနေ ၄ ကြိမ်လောက်အထိလိမ်းပေးလို့ ပါတယ်။ ဘေဘီလေးတွေကိုလည်း လိမ်းပေးလို့ ရပါတယ်။

    သနပ်ခါးနဲ့ ကရမက် လိမ်းတာနဲ့ကတော့ ရိုးရာနည်းလမ်းတွေပဲ ဖြစ်ပါတယ်။

    ရှားစောင်းလက်ပပ်

    ရှားစောင်းလက်ပပ် ဂျယ်လီသားကို ကြိတ်ခြေပြီး အရေပြားပေါ်မှာ လိမ်းပေးတာကလည်း မိတ်တွေကို သက်သာစေနိုင်ပါတယ်။ မိတ်တွေကို သက်သာစေဖို့ ရှားစောင်းလက်ပပ်ကို အအေးခံပြီးမှ လိမ်းပေးပါ။

    ချည်သား အေးအေး ဝတ်ပါ

    ချွေးထွက်တာက မိတ်တွေကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် မိတ်တွေ သက်သာစေဖို့ဆိုရင် ချွေးစုပ်ပြီး လေဝင်လေထွက် ကောင်းစေမယ့် ချည်သား ပွပွလေးတွေကို ဝတ်ပေးတာကလည်း မိတ်သက်သာစေမယ့် နည်းလမ်းပါ။

    ယပ်ခတ်ပါ

    မိတ်သက်သာစေမယ့် နောက်ထပ် နည်းလမ်းတစ်ခုက ယပ်ခတ်တာ လေတိုက်ခံတာပါ။ လေအေးအေးလေးနဲ့ ထိတွေ့တာကလည်း မိတ်တွေကို သက်သာစေပြီး ယားယံတာကို သက်သာစေနိုင်မှာပါ။

    ကဲ.. နွေရာသီမှာ ထွက်လာမယ့် မိတ်တွေကို အခုပြောပြခဲ့တဲ့ နည်းလမ်းလေးတွေ သုံးပြီး အကောင်းဆုံး ဖြေရှင်း လိုက်ရအောင်လား။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    ရင်းမြစ်များ

    Heat rash https://www.healthdirect.gov.au/heat-rash Accessed Date 14 March 2022

    What Is Heat Rash? https://www.webmd.com/skin-problems-and-treatments/understanding-heat-rash-basics Accessed Date 14 March 2022

    Prickly Heat: Everything You Need to Know https://www.verywellhealth.com/prickly-heat-5213929 Accessed Date 14 March 2022

    စာရေးသူ ဓာတ်ပုံbadge
    Aye Thi Mon မှ ရေးသားသည်။ 19/04/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
    Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။