backup og meta

မျက်လုံးအောက်က အဆီဖု လေးများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 27/04/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မျက်လုံးအောက်က အဆီဖု လေးများ

    တစ်ခါတလေ မျက်လုံးအောက်နားမှာ အဖုသေးသေးလေးတွေ ထွက်လာတာကို ကြုံဖူးမှာပါ။ အဖြူရောင် အဖုလေးတွေ တန်းစီထွက်နေပြီး ညှစ်လို့လည်း မရပါဘူး။ ဒါကို Miliaလို့ ခေါ်ပါတယ်။ ဒီ အဆီဖု လေးတွေက မျက်လုံးအောက်မှာ အတွေ့ရအများဆုံးဆိုပေမယ့် တခြားနေရာတွေမှာလည်း ထွက်နိုင်ပါတယ်။

    အဆီဖု လေးတွေက ဘယ်လိုကနေ ဖြစ်လာတာလဲ။ 

    အဆီဖုလေးတွေက အရေပြားမှာ ဆဲလ်သေတွေ စုပြီး ဖြစ်လာတာပါ။ ကလေးရော လူကြီးရော ကျားမမရွေး ဖြစ်နိုင်ပါတယ်။ သူ့ကို ဖြစ်စေတဲ့ အကြောင်းရင်းတွေကတော့

  • မျက်နှာ အရေပြား ထိခိုက်တာ၊ ပွန်းပဲ့တာ
  • နေလောင်တာ
  • အနီကွက်တွေ ထွက်တာ
  • အရေပြားကို ပွန်းပဲ့စေတဲ့ ကုသမှုတွေ လုပ်တာ (ဥပမာ Dremabrasion)
  •  အရေပြားရောင်ရမ်းနာ ရောဂါရှိနေတာ
  • နေရောင်နဲ့ ထိတွေ့မှု များတာစတာတွေကြောင့် ဖြစ်တတ်ပါတယ်။
  • Skin careတွေ မိတ်ကပ်တွေ အလွန်အကျွံသုံးရင်လည်း ဖြစ်တတ်ပါတယ်။
  • တစ်ခါတလေ ဘာအကြောင်းမှ မရှိဘဲနဲ့ သူ့အလိုလို ထွက်လာတာတွေ ရှိပါတယ်။ သူ့အလိုလို ထွက်လာတာတွေက လပိုင်းလောက်နေရင် သူ့အလိုလို ပျောက်သွားပါတယ်။

    ဘယ်နေရာတွေမှာ အဆီဖု ထွက်တတ်သလဲ။

    Miliaတွေက မျက်လုံးအောက်အပြင်

    • မျက်ခွံပေါ်
    • နဖူး
    • ပါး
    • လိင်အင်္ဂါ စတာတွေမှာလည်း တွေ့ရတတ်ပါတယ်။

    မွေးစကလေးလေးတွေမှာဆိုရင် နှာခေါင်းတို့၊ မေးစေ့တို့မှာပါ တွေ့ရပါတယ်။

    အဆီဖု အမျိုးအစားများ

    အဖြစ်များတဲ့ မျက်လုံးအောက်က အဖြူဖုလေးတွေအပြင် Miliaမှာ အမျိုးအစားကွဲတွေ အများကြီး ရှိပါတယ်။

    • မွေးစကလေးတွေမှာ ဖြစ်တတ်တဲ့ အဆီဖု

    မွေးစကလေးရဲ့ တစ်ဝက်လောက်မှာ တွေ့ရပါတယ်။ နှာခေါင်းအပြင် ပါးစပ်အတွင်း၊ အာခေါင်၊ ဦးရေပြား၊ မျက်နှာ၊ ကိုယ်လုံး စတာတွေမှာ တွေ့ရပါတယ်။ မွေးပြီး ရက်သတ္တပတ်အနည်းငယ်လောက်ဆို အလိုလို ပျောက်သွားပါတယ်။

    • ကလေးနဲ့ လူငယ်တွေမှာ ဖြစ်တတ်တဲ့ အဆီဖု

    မျက်ခွံ၊ ပါး၊ နဖူးနဲ့ လိင်အင်္ဂါမှာ ဖြစ်တတ်ပါတယ်။ ကလေးတွေဆို နှာခေါင်းတစ်ဝိုက်မှာ တွေ့ရတတ်ပါတယ်။ တချို့က ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ ပျောက်သွားပေမယ့် တချို့က လနဲ့ချီ ကြာတတ်ပါတယ်။

    သူကတော့ တခြားရှားပါးတဲ့ ရောဂါနဲ့ တွဲဖြစ်တတ်ပါတယ်။ မွေးရာပါ ဖြစ်နိုင်သလို ကြီးမှ ဖြစ်တာလည်း ဖြစ်နိုင်ပါတယ်။

    • ပြင်လိုက်ဖြစ်တဲ့ အဆီဖု

    ဒါကတော့ တစ်လုံးချင်းစီ မဟုတ်ဘဲ ပြင်လိုက်ဖြစ်တာပါ။ ရောင်ရမ်းတဲ့ လက္ခဏာလည်း ရှိတတ်ပါတယ်။ ကလေးနဲ့ သက်လတ်ပိုင်း အမျိုးသမီးတွေမှာ တွေ့ရတတ်ပါတယ်။ တခြားအရေပြားရောဂါတွေနဲ့ တွဲဖြစ်တတ်ပါတယ်။

  • အစုလိုက် အပြုံလိုက် ထွက်တဲ့ အဆီဖု
  • ရက်သတ္တပတ်အနည်းငယ်အတွင်း လပိုင်းအတွင်းမှာ အများကြီးထွက်လာတာပါ။ ယားတာ၊ ထူးခြားတဲ့ လက္ခဏာတွေ မရှိပါဘူး။ မျက်နှာ၊ လက်မောင်းနဲ့ ကိုယ်လုံးမှာ တွေ့ရတတ်ပါတယ်။

    • ထိခိုက်ဒဏ်ရာကြောင့် ဖြစ်တဲ့ အဆီဖု

    ထိခိုက်ဒဏ်ရာရပြီး အနာကျက်တဲ့အချိန်မှာ ဖြစ်တတ်ပါတယ်။ ချွေးပြွန်တွေကနေ ဖြစ်လာတာပါ။ မီးလောင်နာ၊ အကြည်ဖုပေါက်တာ စတာတွေဖြစ်ပြီးရင် နောက်က လိုက်ဖြစ်တတ်ပါတယ်။ မွေးစကလေးတွေမှာ သွေးစစ်ဖို့ ဖနောင့်ကနေ သွေးယူပြီးရင် မာမာအဖုလေးထွက်လာတယ်ဆိုတာ ဒီအဆီဖုပါ။

    • ဆေးတွေကြောင့်ဖြစ်တဲ့အဆီဖု

    ရှားရှားပါးပါး လိမ်းဆေးတချို့ လိမ်းပြီးရင် အဆီဖုထွက်လာတတ်ပါတယ်။ (ဥပမာ စတီးရွိုက်၊ ဖီနော၊ ဟိုက်ဒရိုကွီနုန်း)

    အဆီဖုတွေကို ဘယ်လိုကုသနိုင်မလဲ။

    အကောင်းဆုံးကတော့ ဒီတိုင်း စောင့်ကြည့်တာပါ။ အဆီဖုတွေက ကျန်းမာရေးကို ထိခိုက်စေနိုင်တာမျိုး မဟုတ်လို့ ဒီတိုင်းထားလို့ရပါတယ်။ အများစုက ရက်သတ္တပတ် အနည်းငယ် ဒါမှမဟုတ် လပိုင်းလောက်ကြာရင် အလိုလိုပျောက်သွားပါတယ်။

    အဆီဖုတွေကို ဖောက်ဖို့၊ ညှစ်ဖို့လည်း မကြိုးစားပါနဲ့။ ဝက်ခြံမဟုတ်တဲ့အတွက် ဘာမှထွက်လာမှာ မဟုတ်ပါဘူး။ အသားနာပြီး ပိုးဝင်တာပဲ ရှိမှာပါ။

    အဆီဖုတွေကြောင့် ကသိကအောက်ဖြစ်ရတယ်ဆိုရင်တော့ နည်းလမ်းတချို့ စမ်းကြည့်နိုင်ပါတယ်။ မျက်နှာကို ချေးချွတ်တာ၊ Retinoid လိမ်းပေးတာကလည်း ဆဲလ်သေတွေကို ဖယ်ရှားပေးလို့ သက်သာစေတယ်လို့ ပြောကြပါတယ်။

    ကလေးလေးတွေမှာဆိုရင်တော့ သူတို့အသားအရေက လိုးရှင်းတို့၊ အဆီတို့လိမ်းဖို့ နူးညံ့လွန်းပါတယ်။ ဒါကြောင့် ရေကျက်သီးနွေးလေး၊ ကလေးဆပ်ပြာနဲ့ ပုံမှန်မျက်နှာသစ်ပေးပြီး သန့်စင်နိုင်ပါတယ်။ ကလေးကြီးလာရင် အလိုလိုပျောက်သွားပါလိမ့်မယ်။

    ဒီလိုလုပ်တာတောင် မသက်သာဘူးဆိုရင်တော့ အရေပြားဆရာဝန်နဲ့ တိုင်ပင်ပြီး လိုအပ်တဲ့ ကုသမှုတွေ ဆက်လက်ခံယူနိုင်ပါတယ်။

    အဆီဖုတွေ မဖြစ်အောင် ဘယ်လိုကာကွယ်မလဲ။

    အဆီဖုတွေ မဖြစ်အောင် ကာကွယ်လို့တော့ မရပါဘူး။ ဒါပေမယ့် ဖြစ်နိုင်ခြေကို လျှော့ချလို့တော့ ရပါတယ်။

    နေလောင်တာ၊ နေရာင်နဲ့ ထိတွေ့မှု များတဲ့အခါ အဆီဖုလေးတွေ ထွက်လာတတ်ပါတယ်။ အသားအရေကြမ်းပြီး ဆဲလ်သေတွေ စုလာတတ်ပါတယ်။ နေရာင်ကာခရင်မ်တွေ၊ အစိုဓာတ်ထိန်းခရင်မ်တွေက အသားအရေကို နူးညံ့စေပြီး ဆဲလ်တွေကို အဟောင်းကွာ အသစ်လဲစေပါတယ်။

    ထူပျစ်ပျစ် ခရင်မ်တွေကိုတော့ ရှောင်ပါ။ ချွေးပေါက်ပိတ်ပြီး ဆဲလ်သေတွေ စုလာပါလိမ့်မယ်။

    • မျက်နှာကို ပုံမှန်သန့်စင်ပါ။

    တစ်နေ့တာ ချွေးတွေ၊ ဆဲလ်သေတွေက ချွေးပေါက်ကို ပိတ်စေပါတယ်။ ဒီကနေ အဆီဖုအပါအဝင် ဝက်ခြံနဲ့ တခြားအရေပြားပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ တစ်နေ့ကို နှစ်ခါလောက် မျက်နှာ ပုံမှန်သစ်ပါ။ မျက်နှာကို သန့်သန့်ရှင်းရှင်းထားပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 27/04/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement