သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

အမာရွတ်နဲ့အကျည်းမတန်စေဖို့ အနာကျက်မြန်အောင် ဘယ်လိုဂရုစိုက်မလဲ

အမာရွတ်နဲ့အကျည်းမတန်စေဖို့ အနာကျက်မြန်အောင် ဘယ်လိုဂရုစိုက်မလဲ

ထိခိုက်အနာတရဖြစ်လာပြီဆိုရင် အနာအမြန်ကျက်ဖို့ကို ဦးစားပေးလုပ်ကြတာပါပဲ။ အများကြီးတွေးမနေကြပါဘူး။ အနာထဲကိုဆေးထည့်လိုက်တာနဲ့ပဲ အနာကျက်သွားလိမ့်မယ်လို့ ယူဆကြပါတယ်။ကျေးလက်အယူအဆတချို့ဆို တိုင်းရင်းဆေးပညာလည်း သိပ်မသိပါဘဲ ဒီအရွက် အနာကျက်တယ်ဆိုပြီး အရွက်တစ်မျိုးမျိုးထုထောင်းပြီး အနာမှာအုံလိုက်တာမျိုးပြုလုပ်တတ်ကြပါတယ်။ တိုင်းရင်းဆေးပညာအရဆေးဖက်ဝင်အရွက်တွေ၊ သစ်ဥသစ်ဖုတွေ၊ဆေးမြစ်တွေကအစွမ်းထက်ကြပေမယ့် မသိနားမလည်တဲ့ဆေးမြီးတိုတွေကြောင့် အနာပိုးဝင်ပြီး ပိုဆိုးစေနိုင်ပါတယ်။

ဒဏ်ရာသေးသေးကြီးကြီး ခန္ဓါကိုယ်ရဲ့အရေပြားပေါက်ပြဲသမျှ အနာတရအားလုံးကို စနစ်တကျဂရုစိုက်ပေးမှ အနာကျက်မြန်ပြီး အမာရွတ်မကျန်စေမှာဖြစ်ပါတယ်။ အသားအရေမှာ အကျည်းတန်စေတဲ့ အမာရွတ်တွေဖြစ်မလာစေဖို့ အနာကျက်ခြင်းဖြစ်စဉ်ကို အထောက်အကူဖြစ်စေမယ့် ဂရုစိုက်ကုသမှုတွေလိုအပ်ပါတယ်။

မတော်တဆမှု သို့မဟုတ် ခွဲစိတ်မှုကြောင့် အရေပြားမှာ ဒဏ်ရာအနာတစ်ခုခုရှိလာတဲ့အခါတိုင်း အနာကျက်ဖို့ ခန္ဓါကိုယ်က အလိုအလျောက်လုပ်ဆောင်တာဖြစ်ပါတယ်။ အနာကျက်လာတဲ့အခါ အသားတက်လာတာက သဘာဝဖြစ်စဉ်တစ်ခုပါ။ အဲဒီအခါ အမာရွတ်ဖြစ်ကျန်မကျန်က အနာကောင်းကောင်းကျက်မကျက်ကိုမူတည်ပါတယ်။ ဒူးနဲ့တံတောင်ဆစ်တို့လို အရိုးအဆစ်နေရာတွေမှာဖြစ်တဲ့ဒဏ်ရာတွေနဲ့ ခွဲစိတ်ဒဏ်ရာတွေက အမာရွတ်ဖြစ်တာရှောင်လွှဲရခက်ပေမယ့်တော်တန်ရုံပြတ်ရှဒဏ်ရာ၊ခြစ်မိတဲ့အနာတွေကိုတော့ အိမ်မှာပဲ ဂရုစိုက်ပေးရုံနဲ့ အမာရွတ်မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

အမာရွတ်မဖြစ်အောင် ဘာတွေသတိထားရမလဲ

  • အနာသန့်ရှင်းရေးက အဓိကအရေးကြီးပါတယ်။ အနာကိုသန့်စင်တဲ့ပတ်တီးစနဲ့ဖိထားပြီးသွေးတိတ်တာနဲ့ဆေးကြောသန့်စင်ပါ။ အနာကိုထိတွေ့မယ့်လက်က သန့်ရှင်းနေဖို့လည်းလိုပါတယ်။
  • အနာကို ခြောက်သွေ့အောင် ပတ်တီးစနဲ့ အသာအယာတို့သုတ်တဲ့အခါ ဂွမ်းစကို မသုံးပါနဲ့။ အနာထဲမှာ အစအနလေးတွေကပ်ကျန်ခဲ့စေနိုင်လို့ အနာကျက်နှေးစေနိုင်ပါတယ်။
  • အနာကျက်နေဆဲကာလအတွင်း သန့်ရှင်းမှုအတွက် ပတ်တီး သို့မဟုတ် အနာကပ်ပလာစတာကိုနေ့တိုင်းအသစ်လဲပေးပါ။ အတင်းကျပ်စည်းထားတာမျိုးမဖြစ်အောင်ဂရုစိုက်ပြီးလေဝင်လေထွက်ကောင်းတဲ့အနေအထား စည်းပေးပါ။
  • ဒဏ်ရာက ချုပ်ဖို့လိုတယ်ဆိုရင် ချုပ်ရိုးကိုဂရုစိုက်ဖို့ ဆရာဝန်ရဲ့ညွှန်ကြားချက်အတိုင်းလိုက်နာပါ။ အမာရွတ်မကျန်စေဖို့ ဂရုစိုက်နိုင်ပါလိမ့်မယ်။
  • အနာသေချာမကျက်ခင်အတွင်း ဒဏ်ရာကိုနေရောင်ခြည်ထိတွေ့မခံပါနဲ့။ သိပ်လည်းမကျပ် သိပ်လည်းမလျော့တဲ့ ပလာစတာ သို့မဟုတ် ပတ်တီးနဲ့ ဖုံးအုပ်ထားပါ။ ပတ်ဝန်းကျင်က ဖုန်မှုန့်၊ပိုးမွှားတွေထိတွေ့မှုရန်က ကာကွယ်ပေးနိုင်လိမ့်မယ်။
  • အနာတဝိုက်ကို သွေးလည်ပတ်မှုကောင်းစေဖို့ စက်ဝိုင်းပုံသဏ္ဍာန် ညင်သာစွာနှိပ်နယ်ပေးပါ။ အနာကျက်နှုန်းလည်းမြန်စေပါလိမ့်မယ်။ သွေးမတိတ်သေးတဲ့ အနာသစ်စက်စက်တွေကိုတော့ မနှိပ်မိဖို့ သတိပြုပါ။
  • အနာဖေးတက်လာရင် မခွာပစ်ပါနဲ့။ ခွာလိုက်ရင် အမာရွတ်ကပိုထူလာနိုင်တာကြောင့် သူ့အလိုလိုကွာသွားတာပဲကောင်းပါတယ်။
  • အာဟာရညီညွတ်မျှတအောင် စားသောက်ပါ။ ခန္ဓါကိုယ်ရဲ့လုပ်ဆောင်ချက်မကောင်းသရွေ့တော့ အနာကောင်းကောင်းကျက်မှာ မဟုတ်ပါဘူး။ အာဟာရဓါတ်တွေညီညွတ်မျှတဲ့စားသောက်ပုံကတဆင့် ရရှိလာမယ့် ပရိုတင်းနဲ့ဗီတာမင်တွေက အနာကျက်စေဖို့ကောင်းစွာအထောက်အကူပေးပါလိမ့်မယ်။ အထူးသဖြင့် zinc ပါ။ မရှိမဖြစ်လိုအပ်တဲ့ သတ္တုဓါတ်ဖြစ်တဲ့zinc က ဖရုံစေ့၊နေကြာစေ့၊မြေပဲ၊ကြက်ဆင်သားနဲ့ အမဲမိုးခိုသားတို့မှာ ကြွယ်ဝစွာပါဝင်ပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Yun Sandi Nan Mon မှ ရေးသားသည်။ 29/06/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။