backup og meta

ချွေးစားတာကြောင့် အရေပြားမှိုစွဲနိုင်သလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 29/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ချွေးစားတာကြောင့် အရေပြားမှိုစွဲနိုင်သလား

ချွေးထွက်တာက ကျန်းမာရေးအတွက် ကောင်းတယ်ဆိုပေမယ့် ရာသီဥတု ပူပြင်းချိန်မှာ ချွေးအရမ်းထွက်တာက အရေပြား ပြဿနာ အပါအဝင် ကျန်းမာရေးပြဿနာ တော်တော်များများကို ဖြစ်စေနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ချွေးထွက်များတာကြောင့် အရေပြား ချွေးစားတာ နဲ့ ချွေးစားက ဘယ်လို နောက်ဆက်တွဲ အရေပြားပြဿနာတွေကို ဖြစ်စေနိုင်လဲဆိုတာကို ပြောပြပေးချင်ပါတယ်။

ချွေးစားတယ် ဆိုတာ

ချွေးစားတယ် ဆိုတာက ဖြစ်လေ့ဖြစ်ထရှိပြီး ကုသပျောက်ကင်းတဲ့ အရေပြား ပြဿနာပါ။ ဒါပေမယ့် သေချာလေး ဂရုတစိုက် ကုသဖို့တော့ လိုပါမယ်။ ဒီလိုမှ မကုသဘူး ဆိုရင် အရေပြားမှာ ပိုးဝင်ကူးစက်တာတွေ ဖြစ်နိုင်ပါတယ်။ ချွေးစားတာက အရေပြား အတွန့်အခေါက်တွေ ရှိတဲ့နေရာတွေမှာ အဖြစ်များပါတယ်။ ဒီလို အရေပြား အတွန့်အခေါက်တွေ ရှိတဲ့နေရာမှာ အရေပြား အချင်းချင်း ပွတ်တိုက်မိရာကနေ အရေပြားက နီမြန်းပြီး အဖုအပိမ့်တွေ ထွက်နေတာမျိုးပါ။
အရေပြားချင်း ပွတ်တိုက်တဲ့အချိန်မှာ အပူဒဏ် နဲ့ စိုထိုင်းဆ များနေမယ်ဆိုရင် အရေပြားတွေ ပွန်းပြီး အနီရောင် အင်ပြင်လိုတွေ ဖြစ်လာပါတယ်။ စပ်ဖျဉ်းဖျဉ်း ရှိပြီး ချွေးအိုက်တဲ့ နေရာတွေမှာ အဖြစ်များပါတယ်။

ချွေးစားတာကြောင့် အရေပြားမှိုစွဲနိုင်သလား

ချွေးစားတာကြောင့် အရေပြားမှိုစွဲနိုင်သလား ဆိုတော့ မှိုစွဲနိုင်တယ်လို့ပဲ ပြောပါရစေ။ အကြောင်းကတော့ အရေပြား ချွေးစားတာက အပေါ်မှာ ပြောခဲ့သလို အရေပြား အချင်းချင်း ပွတ်တိုက်ပြီး ပွန်းတာပါ။ ဒီလို ပွန်းတဲ့အခါ အရေပြား အပေါ်ယံလွှာ ပျက်စီးသွားပြီး ပူနွေးစိုထိုင်းနေတဲ့ အရေပြားမှာ အကြိုက်ပေါက်ဖွားနေတဲ့ ဘက်တီးရီးယားတွေနဲ့ မှိုပိုးတွေက ပေါက်ပြဲနေတဲ့ အရေပြားကနေ ဝင်ရောက်ပြီး အရေပြားထဲမှာ မှိုပိုး ကူးစက်တာတွေ ဖြစ်လာပါတယ်။

ဒီလို အခြေအနေမှာ ကူးစက်မှု အများဆုံး မှိုပိုးက Candida ပါ။ တခြား dermatophytes အမျိုးအစား ပွေးဖြစ်စေတဲ့ မှိုပိုးတွေလည်း ဝင်တတ်ပါတယ်။ အရေပြား မှိုပိုးဝင်တဲ့အခါ အရေပြား ထိခိုက်ပျက်စီးတာတွေကို ဖြစ်စေနိုင်ပါတယ်။ အရေပြား ပွန်းတာကို သေချာလေး ဂရုမစိုက်ဘူးဆိုရင် မှိုပိုးစွဲတာ အပါအဝင် အရေပြားပြဿနာ တော်တော်များများကို ဖြစ်စေနိုင်ပါတယ်။

တကယ်တော့ ချွေးစားတာက အရင်းခံ ရောဂါဖြစ်ပြီး မှိုပိုးဝင်တာ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာပေါ့။ အရမ်းပြင်းထန်မယ်ဆိုရင် ဒီထက်ပိုဆိုးတဲ့ အရေပြားပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။

ချွေးစားတာကနေ အရေပြားမှိုစွဲလာတဲ့အခါ

ချွေးစားရုံပဲ ဆိုရင်တော့ အရေပြားမှာ

  • နီမြန်းနေတာ
  • ယားပြီး စပ်ဖျင်းဖျင်းဖြစ်နေတာ
  • အရေပြားက ချပ်ခဲကြီး ဖြစ်နေတာ
  • အရည်ကြည်လေးတွေ စိမ့်နေတာ
  • အဖက်လေးတွေကွာတာကို တွေ့ရမှာပါ။

ဒီအဆင့်မှာ သေချာမကုဘဲ ထားလိုက်ရင်တော့ အရေပြား ပိုးဝင်တာ၊ မှိုစွဲတာတွေဖြစ်ပြီး

  • ပြည်တည်နာတွေ
  • ဝင်တဲ့ မှိုပိုးပေါ် မူတည်ပြီး အဖြူဖတ်တွေ၊ အနီကွက်တွေ ပေါ်လာတာ
  • အနံ့ဆိုးထွက်တာတွေ ဖြစ်လာပါတတ်ပါတယ်။

ဘယ်အစိတ်အပိုင်းတွေမှာ ဖြစ်နိုင်လဲ

ဘယ်အစိတ်အပိုင်းတွေမှာ ဖြစ်နိုင်လဲဆိုတော့ ခန္ဓာကိုယ်က အရေပြား အတွန့်အခေါက်တွေ ရှိပြီး ချွေးအိုက်တဲ့နေရာတွေမှာ အဖြစ်များပါတယ်။ စိုထိုင်းဆ များတဲ့နေရာတွေ ဖြစ်ကြတဲ့

  • လည်ပင်း
  • ချိုင်းကြား
  • ရင်သား အောက်ဘက်
  • ဗိုက်ခေါက်တွေ
  • တင်ပါး နှစ်ခုကြား
  • ပေါင်ခြံအတွင်းဘက်
  • အမျိုးသားတွေဆိုရင် ပေါင်ခြံနဲ့ ကပ္ပာယ်အိတ် တဝိုက်
  • လက်ချောင်း၊ ခြေချောင်း ကြားလေးတွေမှာပါ။

ကလေးငယ်လေးတွေမှာဆိုတော့ ချွေးစားတာအပြင် သွားရည်ကျတာ၊ သေးခံလောင်တာတွေကြောင့်

  • ပေါင်ခြံတဝိုက်
  • လည်ပင်း အတွန့်အခေါက်လေးတွေ နဲ့
  • လက်မောင်း၊ ခြေထောက်​လေးတွေက ချွေးအိုက်နိုင်တဲ့ အသားအိအိလေးတွေ ကြားထဲမှာ အဖြစ်များပါတယ်။

ဘယ်သူတွေမှာ ဖြစ်နိုင်လဲ

ချွေးစားတာကြောင့် အရေပြားမှိုစွဲတာက ကလေးလေးတွေ ကစလို့ လူကြီးတွေအထိ အသက်အရွယ်မရွေး ဖြစ်နိုင်ပါတယ်။ အထူးသဖြင့်

  • အဝလွန်တဲ့သူတွေ
  • ဆီးချိုရောဂါ ရှိသူတွေ
  • အရေပြား ပြဿနာ မျိုးရိုးရှိသူတွေ
  • ချွေးထွက်လွန်သူတွေ
  • အသက်အရွယ် ကြီးရင့်သူတွေ
  • ဆေးလိပ်သောက်သူတွေ
  • အရက်သောက်သုံးသူတွေ
  • ကိုယ်ခံအား နည်းသူတွေမှာ အဖြစ်များပါတယ်။

ဘယ်လောက်ထိ အဖြစ်များလဲ

ချွေးစားတာကြောင့် အရေပြားမှိုပိုးဝင်တာက တော်တော်လေး အဖြစ်များပါတယ်။ လူတိုင်းမှာ အချိန်မရွေး ဖြစ်နိုင်တယ်ဆိုပေမယ့် ရာသီဥတု ပူနွေးစိုစွတ်တဲ့ ရာသီဥတု နဲ့ နွေရာသီမှာ အဖြစ်များပါတယ်။

ဘယ်လိုသက်သာအောင် လုပ်ရမလဲ

ချွေးစားတာကြောင့် အရေပြားမှိုစွဲတာကို သက်သာစေဖို့ဆိုရင်

  • အရေပြားကို ခြောက်သွေ့အောင် ထားပါ။ ချွေးထွက်တဲ့နေရာတွေကို သန့်ရှင်းရေး လုပ်ပါ။
  • အတွင်းခံတွေ၊ ဘရာစီယာ ခပ်ကျပ်ကျပ်ရှောင်တွေကို ရှောင်ပါ။
  • လေဝင်လေထွက် ကောင်းအောင် ထားပါ။
  • မှိုသတ်ဆေး တစ်မျိုးမျိုး လိမ်းပေးပါ။ (မလိမ်းခင်မှာ မှိုပိုးဝင်တာသေချာလားဆိုတာ သေချာစစ်ဆေးပါ)
  • ဆေးကို ဆေးပတ်လည်အောင် လိမ်းပေးပါ။
  • အဝတ်အစား ပွပွချောင်ချောင် ဝတ်ပါ။
  • လေ့ကျင့်ခန်း လုပ်ပြီးချိန်မှာ ရေချိုးသန့်စင်ပေးတာမျိုး လုပ်ပေးလို့ ရပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 29/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement