backup og meta

ပွေးသက်သာစေမယ့် အိမ်တွင်းကုထုံးများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 24/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ပွေးသက်သာစေမယ့် အိမ်တွင်းကုထုံးများ

    ပွေးဆိုတာ အရေပြားမှာ ယားယံပြီး နေရခက်စေတဲ့ အရေပြား ပြဿနာတစ်မျိုးပါ။ Dermatophytes လို့ ခေါ်တဲ့ မှိုပိုးကြောင့် ဖြစ်ရတာပါ။ သူ့ကြောင့်ဖြစ်တဲ့ ရောဂါတွေကို စုပြီး Tinea လို့ခေါ်ပါတယ်။ ကူးစက်မြန်ပါတယ်။ လူတိုင်း အရွယ်သုံးပါးစလုံး ပွေးပေါက်နိုင်ပါတယ်။ ကလေးငယ်လေးတွေနဲ့ ကိုယ်ခံအားနည်းသူတွေမှာတော့ အဖြစ်များပါတယ်။ ဒီတစ်ခါက်တော့ ပွေးသက်သာစေမယ့် အိမ်တွင်းကုထုံးများ အကြောင်း ပြောပြပေးချင်ပါတယ်။

    ပွေးဖြစ်နေလား ဘယ်လိုသိနိုင်မလဲ!

    ပွေးက အဖြစ်များတဲ့ အရေပြား ပြဿနာ တစ်ရပ်ပါ။ ပွေး ဖြစ်ပြီဆိုရင် အခုလို လက္ခဏာတွေ တွေ့ရနိုင်ပါတယ်။

    • အရေပြားက နီရဲမယ်
    • အဖက်တွေ လန်မယ်
    • အရေပြားပေါ်မှာ ခပ်ဝိုင်းဝိုင်း အကွက်ဖြစ်မယ်
    • အနားသတ်တွေက ဖောင်းကြွနေပြီ အလယ်ပိုင်းအရေပြားက အနည်းငယ် ချိုင့်နေမယ်
    • ယားယံမယ်။

    ပွေးသက်သာစေမယ့် အိမ်တွင်းကုထုံးများ

    ပွေးသက်သာစေမယ့် အိမ်တွင်းကုထုံးများ ကတော့

    • ကြက်သွန်ဖြူ

    ကြက်သွန်ဖြူက မှိုပိုးကူးစက်တာ အပါအဝင် အရေပြားပြဿနာ တော်တော်များများကို သက်သာစေနိုင်ပါတယ်။ ပွေး သက်သာစေဖို့အတွက်လည်း ကြက်သွန်ဖြူကို အသုံးပြုပေးလို့ ရပါတယ်။

    ကြက်သွန်ဖြူကို ညက်ညက်လေးဖြစ်အောင် ထောင်းပြီး သံလွင်ဆီ ဒါမှမဟုတ် အုန်းဆီနဲ့ နယ်လိုက်ပါ။ ပြီးရင် ပွေး ဖြစ်တဲ့နေရာကို ခပ်ပါးပါးလိမ်းပေးပါ။ ၂ နာရီလောက် ထားပြီးရင် ရေဆေးချလိုက်ပါ။ တစ်နေ့ကို ၂ ကြိမ် လိမ်းပေးပါ။ မသက်သာမချင်း လိမ်းပေးလို့ ရပါတယ်။

    # တကယ်လို့ ဒီလို လိမ်းတဲ့အခါ အရေပြားက နီမြန်းတာ၊ တဆစ်ဆစ် နာတာ၊ ရောင်တာမျိုး ဖြစ်မယ်ဆိုရင် ချက်ချင်းရေဆေးချပါ။ ထပ်မလူးပါနဲ့တော့။

    • ဆပ်ပြာရည် နွေးနွေး

    ပွေး ကူးစက် ပြန့်နှံ့တာမျိုး မဖြစ်စေဖို့ဆိုရင် အရေပြားကို တတ်နိုင်သမျှ သန့်ရှင်းခြောက်သွေ့အောင် ထားဖို့ လိုပါမယ်။ အရေပြားကို ဘယ်လို သန့်ရှင်းရမလဲဆိုတော့ ဆပ်ပြာခပ်ပျော့ပျော့ [ အထူးသဖြင့် မှိုသတ်ပေးတဲ့ ဆပ်ပြာ] ကို ရေနွေးနွေးလေးနဲ့ ဖျော်ပါ။ ပြီးရင် ပွေး ဖြစ်နေတဲ့ အရေပြားတဝိုက်ကို အဓိကထား ဆေးကြောပါ။ ပြီးရင်တော့ ခြောက်သွေ့အောင် သုတ်ပေးပါ။

    အိမ်သုံးဆေးနည်းတွေ မသုံးခင်မှာ ဒီနည်းလမ်းကို သုံးပြီး အရေပြားကို အရင်သန့်စင်ပေးနိုင်ပါတယ်။ ဒါမှမဟုတ် ပုံမှန်ရေချိုးပြီး သန့်စင်ပေးမယ်ဆိုရင်လည်း ရပါတယ်။

    ပွေးသက်သာစေမယ့် အိမ်တွင်းကုထုံးများ

    • ပန်သီး ရှာလကာရည် [Apple cider vinegar]

    ပန်းသီးရှာလကာရည်က မှိုပိုးတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင် ရှိပါတယ်။ ပွေး သက်သာစေဖို့ဆိုရင် ပန်းသီးရှာလကာရည်ကို အသုံးပြုပေးလို့ ရပါတယ်။ ပန်းသီးရှာလကာရည်ကို ရေရော၊ ဂွမ်းမှာတို့ပြီး ပွေး ဖြစ်တဲ့နေရာကို ကပ်ထားပေးပါ။ တစ်နေ့ကို ၃ ကြိမ်လောက် သုံးပေးလို့ ရပါတယ်။

    • ရှားစောင်းလက်ပပ်

    ရှားစောင်းလက်ပပ်က မှိုပိုးတွေကို တိုက်ဖျက်ပေးနိုင်သလို ဘက်တီးရီးယားတွေနဲ့ ဗိုင်းရပ်စ်တွေကို တိုက်ဖျက်ပေးနိုင်ပါတယ်။ ရှားစောင်းလက်ပပ် ဂျယ်လီသားကို ခပ်ပါးပါးလွှာပြီး ပွေး ဖြစ်တဲ့ နေရာမှာ တစ်နေ့ကို ၃ ကြိမ် ကနေ ၄ ကြိမ်လောက် ကပ်ပေးပါ။ ရှားစောင်းလက်ပပ်က အရေပြားကို အေးစေပြီး ယားယံတာ၊ ရောင်ရမ်းတာကို သက်သာစေနိုင်ပါတယ်။

    • အုန်းဆီ

    အုန်းဆီမှာ ပါတဲ့ fatty acids က မှိုပိုးကပ်တွယ်နေတဲ့ ဆဲလ်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ အုန်းဆီက ပွေး အပါအဝင် အရမ်းမပြင်းထန်တဲ့ အရေပြား ပြဿနာတွေကို သက်သာစေနိုင်ပါတယ်။

    ဒါကြောင့် ပွေး ဖြစ်နေတယ်ဆိုရင် အုန်းဆီကို တစ်နေ့မှာ ၃ ကြိမ်လောက် ပွေးဖြစ်တဲ့နေရာမှာ လိမ်းပေးပါ။ အုန်းဆီက အစိုဓာတ် ထိန်းပေးပြီး အရေပြား ယားယံတာကို သက်သာစေနိုင်ပါတယ်။

    • နနွင်း

    နနွင်းက အရောင်ကျစေနိုင်ပြီး မှိုပိုးတွေ နဲ့ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်ပါတယ်။ ပွေးသက်သာစေဖို့ နနွင်းကို အစားအစာတွေထဲမှာ ထည့်စားပေးလို့ ရသလို နနွင်းကို ရေနဲ့ ခပ်ပျစ်ပျစ် ဖျော်ပြီး ပွေးဖြစ်တဲ့ နေရာကို လိမ်းပေးပါ။ ခြောက်သွားအောင် ထားပြီး တစ်သျှူးစနဲ့ သုတ်ပေးလို့ ရပါတယ်။

    ဘယ်လိုအခြေအနေဆို ဆရာဝန်နဲ့ ပြသမလဲ!

    ဒီအိမ်တွင်းနည်းလမ်းတွေက ပွေးရောဂါအတွက် အသုံးပြုလို့ရတယ်ဆိုပေမယ့် အာနိသင်နဲ့ ဘေးထွက်ဆိုးကျိုးတွေကို ဆက်လက်လေ့လာဖို့ လိုပါသေးတယ်။ ဒါကြောင့် အိမ်တွင်းကုထုံးတွေကိုပဲ အားကိုးနေလို့မရပါဘူး။ ဒီနည်းလမ်းတွေက ဆေးရုံ၊ ဆေးခန်းနဲ့ လက်လှမ်းမမီတဲ့သူတွေအတွက်ပဲ ဖြစ်ပါတယ်။

    အဆင်ပြေမယ်ဆိုရင်တော့ ပွေးလို့ သံသယရှိတာနဲ့ နီးစပ်ရာ ဆရာဝန်နဲ့ ပြသပါ။ ဆရာဝန်က ညွှန်ကြားတဲ့ မှိုသတ်ဆေးကို သေချာလေး လိမ်းပေးမယ်ဆိုရင်လည်း အရေပြား မှိုပိုးကြောင့် ဖြစ်တဲ့ ပွေးက သိသိသာသာ သက်သာမှာပါ။ ပွေးက သေချာဂရုစိုက်မယ်ဆိုရင် ၂ ပတ် ကနေ ၄ ပတ် အတွင်း သက်သာသွားတတ်ပါတယ်။

    သတင်းစကား

    ပွေးက ကူးစက်မြန်တာကြောင့် သေချာလေး ဂရုစိုက် ကာကွယ်ဖို့ လိုသလို ဖြစ်လာရင်လည်း ထိထိရောက်ရောက် မြန်မြန်ဆန်ဆန်နဲ့ သက်သာအောင် လုပ်ဆောင်ဖို့ လိုပါမယ်။ တစ်ကိုယ်ရေ သန့်ရှင်းရေးကို ဂရုစိုက်တာက ပွေးအပါအဝင် အရေပြားပြဿနာ တော်တော်များများကို အတိုင်းအတာ တစ်ခုအထိ ကာကွယ်ပေးနိုင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 24/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement