backup og meta

အရေပြားမှိုရောဂါတွေ ဘယ်ကနေ ကူးစက်နိုင်သလဲ

အရေပြားမှိုရောဂါတွေ ဘယ်ကနေ ကူးစက်နိုင်သလဲ

လူတိုင်းဟာ သူတို့ရဲ့ ဘဝသက်တမ်းတလျှောက်မှာ အနည်းဆုံး တစ်ကြိမ်လောက်တော့ အရေပြားမှိုပိုး ကူးစက်တာကို ခံစားရဖူးမှာပါ။ တစ်ကိုယ်ရေသန့်ရှင်းရေး အားနည်းတာ၊ စိုထိုင်းဆ များတာ၊ ရာသီဥတုပူနွေးတာတွေက မှိုပိုးကူးစက်တတ်တဲ့ အကြောင်းရင်းခံတွေပါ။ ကလေးလေးတွေမှာဆိုရင် မှက္ခရု၊ လူကြီးတွေမှာဆိုရင် ပေါင်ခြံမှာ ပွေးပေါက်တာ၊ သဲဝဲစားတာတွေက အဖြစ်များတဲ့ အရေပြားမှိုရောဂါတွေ ပါ။

အရေပြားပြဿနာတွေ ဖြစ်စေနိုင်တဲ့ မှိုပိုးတွေက လူတိုင်းရဲ့ အရေပြားတိုင်းမှာ ရှိနေနိုင်ပြီး စိုထိုင်းဆ များလာတဲ့အခါ၊ ပူနွေးအိုက်စပ်ပြီး လေဝင်လေထွက် မကောင်းချိန်တွေမှာ သဲဝဲ၊ ပေါင်ခြံပွေး နဲ့ ခြေသည်းမှိုစွဲတာတွေ ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ အရေပြားမှိုရောဂါတွေ ဘယ်ကနေ ကူးစက်နိုင်သလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။

အဖြစ်များတဲ့ မှိုပိုးကြောင့် ဖြစ်တဲ့ အရေပြားပြဿနာများ

မှိုပိုးအများစုက လူသားတွေကို မထိခိုက်စေပေမယ့် အချို့သော မှိုပိုးတွေကတော့ ထိခိုက်စေနိုင်ပါတယ်။ မှိုပိုး ကူးစက်မှုက များသောအားဖြင့် အရေပြား၊ ခြေသည်းလက်သည်းနဲ့ အဆုတ်မှာ အဖြစ်များပါတယ်။ အသက်ရှူလမ်းကြောင်းကတဆင့် ရှူသွင်းမိတာ၊ တိုက်ရိုက် ထိတွေ့မိတာတွေကြောင့် ကူးစက်ပါတယ်။ မှိုပိုးက အရေပြားကို ထိုးဖောက်ဝင်ရောက်ပြီး ကိုယ်တွင်းအင်္ဂါတွေနဲ့ ခန္ဓာကိုယ်ရဲ့စနစ်တွေထဲကို ဝင်ရောက် ကူးစက်နိုင်ပါတယ်။

အဖြစ်များတဲ့ မှိုပိုးကြောင့် ဖြစ်တဲ့ အရေပြားပြဿနာတွေကတော့

  • သဲဝဲ
  • ပွေးကွက်
  • ညှင်း
  • ပေါင်ခြံပွေး
  • ခြေသည်းမှိုစွဲတာ တွေပါ။

အရေပြားမှိုရောဂါတွေ ဘယ်ကနေ ကူးစက်နိုင်သလဲ

အရေပြားမှိုရောဂါတွေက အသက်အရွယ်မရွေး လူတိုင်းမှာ ဖြစ်နိုင်ပါတယ်။ ခန္ဓာကိုယ် အစိတ်အပိုင်း တော်တော်များများမှာလည်း ဖြစ်နိုင်ပါတယ်။ အရေပြားမှာ စွဲကပ်ပြီး အရေပြားပြဿနာ ဖြစ်စေတဲ့ မှိုပိုးတွေက သေးငယ်တဲ့ သက်ရှိလေးတွေပါ။ မှိုပိုး အမျိုးမျိုးရှိပြီး အချို့သော မှိုပိုးတွေက အသက်အန္တရာယ် ထိခိုက်စေတဲ့အထိ ပြင်းထန်ပါတယ်။

မှိုပိုးတွေ​ကြောင့် ဖြစ်တဲ့ အရေပြား ပြဿနာတွေက ကူးစက်နိုင်ပါတယ်။ ဘယ်လိုအခြေအနေတွေနဲ့ ဘယ်ကနေ အရေပြားမှိုရောဂါတွေ ကူးစက်နိုင်လဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။

  • ရောဂါပိုး ရှိတဲ့သူဆီကနေ 

ဒါကတော့ ဖြစ်နိုင်ခြေ အများဆုံး အခြေအနေပါ။ မှိုပိုးကြောင့် အရေပြား ပြဿနာရှိသူနဲ့ အနီးကပ် ထိတွေ့မိတာကနေတဆင့် ကူးစက်တာပါ။ နောက်ထပ် ဖြစ်နိုင်ခြေက အရေပြားပြဿနာ ရှိသူ အသုံးပြုထားတဲ့ တစ်ကိုယ်ရေသုံးပစ္စည်းတွေ ဖြစ်တဲ့ တဘက်၊ အဝတ်အစား၊ အိပ်ရာခင်း နဲ့ အသုံးအဆောင်တွေကို သုံးမိတာကြောင့်လည်း ကူးစက်နိုင်ပါတယ်။

  • အိမ်မွေးတိရိစ္ဆာန်လေးတွေ ဆီကနေ

အိမ်မှာ အနီးကပ် ထိတွေ့နေတဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေကိုလည်း အရေပြားကျန်းမာအောင် ဂရုစိုက်ပေးဖို့ လိုပါမယ်။ သူတို့လေးတွေရဲ့ အမွေးတွေနဲ့ အရေပြားမှာ မှိုပိုးအပါအဝင် အရေပြားပြဿနာ ဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတွေ ကပ်နေတတ်ပြီး သူတို့လေးနဲ့ အနီးကပ် ထိတွေ့တာကနေလည်း အရေပြားမှိုပိုးဝင်တာလိုမျိုး အရေပြား ပြဿနာကို ခံစားရစေနိုင်တဲ့ အခြေအနေတစ်ရပ်ပါ။

အထူးသဖြင့် ခွေးတွေ၊ ကြောင်တွေမှာ ပွေးကွက်လေးတွေ ဖြစ်နေတယ်ဆိုရင် အရင်ကုသပြီးမှ ပြန်လည်ထိတွေ့ပါ။ ကြောင်လေးတွေမှာဆိုရင် လက္ခဏာမပြဘဲနဲ့ မှိုပိုးတွေ ရှိနေနိုင်တာကြောင့် သတိထားပြီး ကိုင်တွယ်ပါ။ ကိုင်ပြီးတိုင်းမှာ လက်ဆေးပါ။

  • ပတ်ဝန်းကျင်ကနေ

အရေပြားပြဿနာ ဖြစ်စေနိုင်တဲ့ မှိုပိုးတွေက နေ့စဉ် ထိတွေ့နေတဲ့ မျက်နှာပြင်တွေမှာ ကပ်တွယ်နေနိုင်ပါတယ်။ မှောင်ပြီး စိုထိုင်းဆ များတဲ့ နေရာတွေမှာဆို ပိုလို့တောင် များနိုင်ပါသေးတယ်။ ဥပမာ – locker တွေ၊ အများသုံး ရေချိုးခန်း၊ အိမ်သာလို နေရာတွေပါ။

နောက်တစ်ချက်က ဖြစ်ခဲပေမယ့် အရေပြားပြဿနာ ရှိနေတဲ့ မှိုပိုးက မြေဆီလွှာထဲမှာ ရှိနေပြီး ကိုယ်က တိုက်တိုက်ဆိုင်ဆိုင်နဲ့ အဲ့နေရာကိုမှ ခြေဗလာနဲ့ နင်းမိမယ်ဆိုရင်လည်း အရေပြားက မှိုစွဲနိုင်ပါသေးတယ်။

ဒါတွေအပြင် အဖြစ်များတဲ့ မှိုပိုးကူးစက်ခံရနိုင်တဲ့ အခြေအနေတွေရှိပါသေးတယ်။ ဒါတွေကတော့

  • ပူနွေးစိုစွတ်တဲ့ ရာသီဥတုအခြေအနေ​ကြောင့် ချွေးထွက်များတာ
  • ဆီးချို နဲ့ HIVလိုမျိုး ကိုယ်ခံအားနည်းတဲ့ နာတာရှည် ကျန်းမာရေး ပြဿနာတွေရှိတာ
  • တစ်ကိုယ်ရေသန့်ရှင်းရေး အားနည်းတာ
  • နေထိုင်တဲ့ ပတ်ဝန်းကျင်က သန့်ရှင်းမှု အားနည်းတာ
  • အဝတ်အစား နဲ့ ဖိနပ်ကို ကြပ်ကြပ်ဝတ်ဆင်တာ
  • အဝလွန်တာ
  • စိတ်ဖိစီးမှု များတာ
  • ကိုယ်ဝန်ဆောင်ချိန်မှာ ဟော်မုန်း ပြောင်းလဲတာကြောင့်လည်း အရေပြားမှာ မှိုပိုး ကူးစက်နိုင်ပါတယ်။

မှိုပိုးက ကူးစက်မြန်တာကြောင့် သေချာလေး ဂရုစိုက်ဖို့ လိုသလို ဆေးကို ဆေးညွှန်းအတိုင်း အကြိမ်ရေ ပြည့်ပြည့် လိမ်းတာ၊ လိုအပ်ရင် သောက်ဆေးသောက်တာမျိုးကို ဆေးပတ်လည်အောင် လုပ်ဆောင်ဖို့ လိုပါမယ်။ တကယ်လို့ မသက်သာဘူးဆိုရင် ဆရာဝန်နဲ့ သေချာလေး တိုင်ပင်ဖို့ လိုပါမယ်။

ကာကွယ်လို့ မရဘူးလား

အရေပြားမှာ မှိုပိုး ကူးစက်တာမျိုး မဖြစ်အောင် ကာကွယ်လို့ ရပါတယ်။

  • တစ်ကိုယ်ရေ သန့်ရှင်းရေး ဂရုစိုက်ပါ
  • အာဟာရ ပြည့်ဝအောင် စားပါ
  • အိပ်ရေးဝဝ အိပ်ပါ
  • စိတ်ဖိစီးမှု ဖြေလျော့ပါ
  • အရေပြားကို ခြောက်သွေ့သန့်ရှင်းအောင် ထားပါ
  • နေထိုင်ရာ ပတ်ဝန်းကျင်ကို သန့်ရှင်းအောင် ဂရုစိုက်ပါ
  • အများသုံး သန့်စင်ခန်း ၊ ရေချိုးခန်း၊ ရေကူးကန်၊ Gym စတဲ့နေရာမျိုးမှာ ဖိနပ်မစီးဘဲ ခြေဗလာနဲ့ သွားတာ မလုပ်ပါနဲ့
  • လေဝင်လေထွက် ကောင်းအောင် ဝတ်ဆင်ပါ
  • တစ်ကိုယ်ရေသုံးပစ္စည်းတွေကို မျှဝေသုံးစွဲတာမျိုး မလုပ်ပါနဲ့
  • အရေပြားမှိုစွဲနေသူတွေနဲ့ နီးနီးကပ်ကပ် ထိတွေ့တာမျိုး မလုပ်ပါနဲ့။

သတင်းစကား

မှိုပိုးကူးစက်တာက စိတ်အနှောင့်အယှက်ဖြစ်ရသလို အခန့်မသင့်ရင် ကျန်းမာရေးကို ပြင်းပြင်းထန်ထန် ထိခိုက်စေနိုင်တာမျိုး ရှိတာကြောင့် သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

What Is the Main Cause of Fungal Infection? https://www.medicinenet.com/what_is_the_main_cause_of_fungal_infection/article.htm Accessed Date 6 September 2022

Skin Fungus https://my.clevelandclinic.org/health/diseases/4276-skin-fungus Accessed Date 6 September 2022

What you need to know about fungal infections https://www.medicalnewstoday.com/articles/317970 Accessed Date 6 September 2022

Fungal Diseases https://www.cdc.gov/fungal/diseases/ringworm/sources.html Accessed Date 6 September 2022

Fungal Diseases https://www.cdc.gov/fungal/infections/index.html Accessed Date 6 September 2022

ယခုပုံစံ

31/10/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ညှင်း ဖြစ်နေပြီလား..........

ခြေထောက်မှာသဲဝဲရှိကြောင်း သတိပေးနေသည့်လက္ခဏာများ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 31/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement