backup og meta

ကိုယ်ခန္ဓာပေါ်က ပွေး ကွက်တွေကြောင့် စိတ်ညစ်နေပြီလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 25/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်ခန္ဓာပေါ်က ပွေး ကွက်တွေကြောင့် စိတ်ညစ်နေပြီလား

    ပွေး ဆိုတာ ဘာလဲ။

    အရေပြားပေါ်မှာ ဖြစ်တတ်ပြီး ကူးစက်တတ်တဲ့ မှိုရောဂါတစ်မျိုး (Tinea, Dermatophytosis) ဖြစ်ပါတယ်။ လူတွေမှာသာမက တိရစ္ဆာန်တွေမှာပါ ကူးစက်နိုင်ပါတယ်။ ကူးစက်ခံရတဲ့ အရေပြားပေါ်မှာ စက်ဝိုင်းပုံစံ အနီကွက်ထနေမယ်၊ယားပြီး ဘေးအနားသတ်တွေမှာ ဖောင်းကြွကြွလေး ဖြစ်နေပြီဆိုရင်တော့ သင့်မှာ ပွေး ရှိတယ်ဆိုတာ သေချာနေပါပြီ။ ပွေးဆိုတာ ယောက်ျား၊ မိန်းမ၊ အသက်အရွယ်မရွေး ပေါက်တတ်ပြီး ရှက်တဲ့စိတ်နဲ့ သေချာမကုသဘဲ ပစ်ထားလိုက်မယ်ဆိုရင် ပိုဆိုးတဲ့ အရေပြားရောဂါတွေအပြင် ယားလွန်းလို့ ကုတ်နေရတဲ့ ဘဝကနေလည်း ဘယ်တော့မှ ကျွတ်တော့မှာ မဟုတ်ပါဘူး။ ဒီတော့ ပွေးနဲ့ ပတ်သက်ပြီး သိသင့်တဲ့ အရာလေးတွေ၊ ဘာကြောင့် ပွေးကူးစက်တာလဲ၊ ဘယ်လိုကုသပျောက်ကင်းနိုင်မလဲဆိုတာကို ဒီဆောင်းပါးလေးမှာ ပြောပြပေးချင်ပါတယ်။

    ပွေးအမျိုးအစား ဘယ်နှစ်မျိုးရှိလဲ။

    ၁။ ဦးရေပြားမှာ ပေါက်တဲ့ ပွေး (Tinea Capitis)

    ၂။ ကိုယ်ခန္ဓာပေါ်မှာ ပေါက်တဲ့ ပွေး (Tinea Corporis)

    ၃။ လိင်အင်္ဂါနဲ့ ပေါင်ခြံတစ်ဝိုက်မှာ ပေါက်တဲ့ ပွေး (Tinea Cruris)

    ၄။ ခြေချောင်းတွေကြားမှာ ပေါက်တဲ့ ပွေး (Tinea Pedis) ဆိုပြီး ၄မျိုးရှိပါတယ်။

    ပွေးရဲ့ လက္ခဏာတွေက ဘယ်လိုမျိုးလဲ။

    ပေါက်တဲ့ နေရာပေါ်မူတည်ပြီး ပွေးရဲ့ လက္ခဏာတွေဟာ ကွဲပြားသွားနိုင်ပါတယ်။ များသောအားဖြင့်

    ၁။ အရေပြားပေါ်မှာ စက်ဝိုင်းပုံစံ နီရဲနေတာ

    ၂။ မခံမရပ်နိုင်အောင် ယားလွန်းတာ

    ၃။ အစပိုင်းမှာ အဖြူရောင် အသားဖတ်တွေ ကွာကျတာ

    ၄။ တဖြည်းဖြည်းနဲ့ အနားသတ်တွေက ဖောင်းကြွလာပြီး အလယ်မှာ ချိုင့်ဝင်နေတာ

    ၅။ ပြည်ဖုလေးတွေ ထွက်လာတာ၊ ပြည်တွေ ယိုစိမ့်လာတာ

    ၆။ ဘေးအနားသတ်တွေက ပိုပြီး နီရဲနေတာ အစရှိတဲ့ လက္ခဏာတွေကို တွေ့ရနိုင်ပါတယ်။

    လက်သည်းကြားမှာ ပွေးပေါက်ရင်လည်း ကြာလာတာနဲ့အမျှ အရေပြားဟာ ထူလာမယ်။ အရောင်ညစ်ညစ်ကြီးတွေ ဖြစ်လာမယ်။ အရေပြားက ကွဲအက်လာမှာပါ။ ဦးရေပြားပေါ်မှာ ပွေးပေါက်တဲ့အခါ ပတ်ပတ်လည်မှာ ရှိတဲ့ ဆံပင်တွေ အကွက်လိုက်ကျွတ်မယ်။ ကွက်ပြီး ထိပ်ပြောင်သလို ဖြစ်နေမယ်။ မှိုပွေးပေါက်တဲ့နေရာမှာ အရမ်းယားပြီး ကုတ်လေ၊ သွေးထွက်လေ၊ အနာက ပိုဆိုးလေ ဖြစ်မှာပါ။

    ကိုယ်ခန္ဓာပေါ်က ပွေး ကွက်တွေကြောင့် စိတ်ညစ်နေပြီလား

    ဘယ်သူတွေမှာ အဖြစ်များလဲ။

    ၁။ ဦးရေပြားမှာ ပေါက်တဲ့ ပွေးကတော့ ကလေးတွေမှာ အဖြစ်များပြီး မကြာခဏ ခေါင်းယားတာ၊ ဆံပင်ကျွတ်နေတာမျိုးတွေ၊ ထိပ်မှာ ကွက်ပြီး ဆံပင်မပေါက်ဘဲ ဦးရေပြားက နီနေတာမျိုး တွေ့ရပါတယ်။

    ၂။ ကိုယ်ခန္ဓာပေါ်မှာ ပေါက်တဲ့ ပွေးကတော့ အသက်အရွယ်မရွေး ဖြစ်ပွားနိုင်တယ်။ မှိုအရေပြားရောဂါဖြစ်နေသူနဲ့ လက်ဆွဲနှုတ်ဆက်တာ၊ အသားချင်းထိရာကနေလည်း ကူးစက်နိုင်ပါတယ်။ မျက်နှာ၊ လက်နဲ့ ကိုယ်ခန္ဓာအပေါ်ပိုင်းမှာ အတွေ့များပြီး ပွေးရဲ့ မူလ လက္ခဏာတွေအတိုင်း တွေ့ရပါတယ်။

    ၃။ ပေါင်ခြံပွေးကတော့ အမျိုးသားတွေမှာ တော်တော်လေးအဖြစ်များတာကို တွေ့ရပါတယ်။ အထူးသဖြင့် ဆယ်ကျော်သက် လူပျိုဖြစ်ကာစ ကောင်လေးတွေ၊ လိင်ဆက်ဆံဖော်များလွန်းတာ၊ တစ်ကိုယ်ရေသန့်ရှင်းမှု မရှိတဲ့ အမျိုးသားတွေမှာ အဖြစ်များပါတယ်။ ပေါင်ခြံ၊ လိင်အင်္ဂါ၊ တင်ပါးနေရာတစ်ဝိုက်မှာ အဖြစ်များပါတယ်။

    ၄။ ခြေချောင်းကြားမှာ ပေါက်တဲ့ ပွေးကတော့ မကြာခဏ လှုပ်ရှားပြီး ချွေးထွက်နေတဲ့ အားကစားသမားတွေမှာ အဖြစ်များပါတယ်။ လူထူထပ်တဲ့ နေရာမှာ ခြေဗလာနဲ့ လျှောက်သွားတာ၊ ရေကူးကန်၊ အပြင်က ရေချိုးကန်တွေမှာ ဖိနပ်မစီးဘဲ လျှောက်သွားရာကနေလည်း မှိုရောဂါပိုး ကူးစက်ခံရနိုင်ပြီး ခြေချောင်းနဲ့ ခြေသည်းကြားမှာ အဖြစ်များပါတယ်။

    ပွေး ကို ဖြစ်စေတဲ့ အကြောင်းရင်းတွေက ဘာတွေလဲ။

    ထရိုင်ကိုဖိုင်တွန် (Trichophyton) ၊ မိုက်ခရိုစပိုရမ် (Microsporum) ၊ အက်ပီဒါမိုဖိုင်တွန် (Epidermophyton) ဆိုတဲ့ မတူညီတဲ့ မှိုပိုး ၃မျိုးကြောင့် ပွေးအရေပြားရောဂါကို ဖြစ်စေပါတယ်။ ဒီမှိုပိုးတွေဟာ များသောအားဖြင့် မြေကြီးတွေထဲမှာ ကာလရှည်ကြာစွာ အသက်ရှင်နေနိုင်ပြီး တိရစ္ဆာန်တွေရဲ့ အရေပြားနဲ့ မှိုပိုးရှိတဲ့ မြေကြီးထိမိတဲ့အခါမှာ စတင်ကူးစက်ပါတယ်။ ရောဂါပိုးရှိတဲ့ တိရာစ္ဆာန်တွေကို ထိတွေ့ကိုင်တွယ်မိရာကနေ လူတွေမှာပါ ကူးစက်ပါတယ်။

    ဘယ်လိုလူတွေမှာ ပွေးပေါက်နိုင်ခြေ အများဆုံးလဲ။

    လူတိုင်းမှာ ပွေးပေါက်နိုင်ပါတယ်။ ဒါပေမဲ့ ပွေး ပေါက်တဲ့ အရေအတွက်ဟာ ကလေးငယ်လေးတွေနဲ့ ကြောင်၊ ခွေး အစရှိတဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေ မွေးထားတဲ့ အိမ်မှာ အဖြစ်များပါတယ်။ တိရစ္ဆာန်လေးတွေက အိမ်ထဲတင်သာမက အပြင်ဘက် လမ်းမပေါ်တွေပါ လျှောက်သွားနေနိုင်တဲ့အတွက် ပွေးဖြစ်စေတဲ့ မှိုရောဂါပိုးဟာ ကပ်ပါလာပြီး တိရစ္ဆာန်လေးတွေသာမက လူတွေကိုပါ သွားပြီး ကူးစက်စေပါတယ်။

    အထူးသဖြင့် လူရဲ့ အရေပြားက စိုစွတ်နေတဲ့အခါ၊ ထိခိုက်ပွန်းပဲ့မှု ဒဏ်ရာ အနည်းငယ်ရှိနေတဲ့အခါ၊ အိမ်အပြင်ဘက်၊ လူတွေ ဝင်ထွက်သွားလာနေတဲ့ နေရာတွေ (ရေကူးကန်၊ ရေချိုးခန်း၊ အိမ်သာ) မှာ ခြေဗလာနဲ့ လျှောက်သွားနေရင်၊ ဘီးကို မျှဖြီးတာ၊ မလျှော်ရသေးတဲ့ အဝတ်အစား၊ အတွင်းခံတွေကို အတူသုံးစွဲတဲ့အခါမှာလည်း ပွေးရောဂါ ကူးစက်နိုင်ခြေ ပိုများလာပါတယ်။

    ပွေး ကို ဘယ်လိုကုသနိုင်မလဲ။

    အရေပြားအထူးကု ဆရာဝန်က သေချာစစ်ဆေးပြီး ကိုယ့်မှာ ဖြစ်နေတာက ပွေးဟုတ်၊ မဟုတ်ကို သေချာဆုံးဖြတ်ပေးနိုင်ပါတယ်။ ပွေးဖြစ်တယ်ဆိုတာ သေချာပြီဆိုရင် မှိုပိုးကို သတ်ပေးနိုင်တဲ့ ပိုးသတ်ဆေး၊ လိမ်းဆေးတွေကို ညွှန်ပေးမှာပါ။ ဆရာဝန် ညွှန်းထားတဲ့အတိုင်း သေချာဂရုစိုက်မယ်၊ အဝတ်အစားတွေကို သန့်သန့်ရှင်းရှင်း ဝတ်မယ်ဆိုရင် အချိန်တိုအတွင်းမှာ သက်သာပျောက်ကင်းသွားနိုင်ပါတယ်။

    ကိုယ်ခန္ဓာပေါ်က ပွေး ကွက်တွေကြောင့် စိတ်ညစ်နေပြီလား

    ပွေးပေါက်နေတဲ့ နေရာကို ဘယ်လိုဂရုစိုက်မလဲ။

    သောက်ဆေးနဲ့ လိမ်းဆေးအပြင် အိမ်မှာ အလွယ်တကူ လုပ်လို့ ရတဲ့ နည်းလမ်းတွေနဲ့လည်း ပွေးကို အမြန်သက်သာအောင် ကူညီနိုင်ပါတယ်။

    ၁။ ပွေးပေါက်နေတဲ့ နေရာကို အဝတ်အစားနဲ့ ဖုံးအုပ်မထားပါနဲ့။

    ၂။ ကျပ်သိပ်ပြီး အရေပြားနဲ့ အမြဲပွတ်တိုက်နေတဲ့ အဝတ်အစားတွေ မဝတ်ပါနဲ့။

    ၃။ လေဝင်လေထွက်ကောင်းပြီး ချောင်ချိတဲ့ ချည်သားအဝတ်တွေကို ဝတ်ဆင်ပေးပါ။

    ၄။ ရေကို တစ်နေ့ အနည်းဆုံး တစ်ကြိမ် ပုံမှန်ချိုးပေးပါ။

    ၅။ အပြင်က ပြန်လာတဲ့အခါ အဝတ်အစားတွေကို ပုံမှန်လျှော်ဖွပ်ပါ။

    ၆။ ဝတ်ပြီးသား အဝတ်တွေကို ထပ်ခါတလဲလဲ ပြန်ဝတ်တဲ့ အကျင့်ကို ဖျောက်ပါ။

    ၇။ ကိုယ့်အိပ်ရာ၊ နေရာထိုင်ခင်းကို အမြဲ လဲလှယ်ပြီး သန့်ရှင်းရေးလုပ်ပါ။

    ၈။ ပွေးပေါက်နေတဲ့ နေရာကို ခြောက်သွေ့နေအောင် ထားပါ။ ရေ၊ ချွေးရှိနေရင် သုတ်ပေးပါ။

    ၉။ ယားတယ်ဆိုတိုင်း မကုတ်ပါနဲ့။ လက်သည်းကြောင့် အနာထဲပိုးဝင်ပြီး ပျောက်မယ့်အရေး ပိုကြာသွားနိုင်ပါတယ်။

    ပွေးပေါက်လို့ စိတ်မညစ်ပါနဲ့။ နည်းမှန် လမ်းမှန်နဲ့သာ ကုသရင် ၂ပတ်ကနေ ၄ပတ်အတွင်းမှာ ပျောက်နိုင်ပါတယ်။ ဘာမှမလုပ်ဘဲ ပစ်ထားလိုက်လို့ ပျောက်သွားနိုင်တဲ့ ရောဂါတွေထဲမှာ ပွေးမပါဝင်ပါဘူး။ ဆေးဆိုင်တွေမှာ တွေ့ကရာလိမ်းဆေး ကောက်လိုက်တာက အနာကို သက်သာဖို့ နှေးသွားစေနိုင်တဲ့အပြင် ဆေးယဉ်သွားတဲ့အခါ ကုသပျောက်ကင်းဖို့ ပိုခက်သွားနိုင်ပါတယ်။

    နောက်တစ်ခု သတိထားဖို့က ပွေးဆိုတာ ပျောက်သွားပြီး အနေအထိုင် ဂရုမစိုက်ရင်လည်း ထပ်ပြီး ပေါက်နိုင်ပါသေးတယ်ဆိုတာပါပဲ။ ဒါကြောင့် တိရစ္ဆာန်လေးတွေကို ပွတ်သပ်ပြီး၊ တခြားသူတွေရဲ့ အသုံးအဆောင်ပစ္စည်းကို ကိုင်တွယ်ပြီးရင် လက်ကို ဆပ်ပြာနဲ့ သေချာဆေးပါ။ အပြင်သွားပြီဆိုရင် ခြေဗလာနဲ့ မသွားပါနဲ့။ ဖိနပ်ကို သေချာစီးပါ။ ရေမှန်မှန်ချိုးပြီး ခေါင်းကို ပုံမှန်လျှော်ပေးဖို့လည်း မမေ့ပါနဲ့။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 25/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement