ဆံပင်ပါး၊ ဆံပင်ကျွတ်နေတဲ့သူတွေ၊ ထိပ်ပြောင်တဲ့သူတွေအတွက်က ဆံပင်ပြန်ပေါက်စေမယ့်၊ ဆံပင်သန်စေမယ့်ဆေးတွေ၊ နည်းလမ်းတွေကိုလိုက်ရှာနေကြမှာပါပဲ။ တချို့ကတော့ သဘာဝဆေးနည်းလေးတွေ၊ ဆံပင်သန်ဆေး ဒါမှမဟုတ် ပေါင်းတင်တာတွေနဲ့ ပြန်အဆင်ပြေလာကြပေမယ့် နည်းအမျိုးမျိုး၊ဆေးအမျိုးမျိုးသုံးကြည့်ပြီး အဆင်မပြေသူတွေလည်းရှိပါတယ်။ အခုတော့ နီးလျက်နဲ့ဝေးနေတဲ့ ကုသဆေးတစ်ခုကို သုတေသနကဖော်ထုတ်ပေးခဲ့ပါတယ်။ မျိုးဗီဇအရကို ဆံပင်ပါးတဲ့သူတွေအတွက်က အသုံးများတဲ့ကုထုံးတွေရှိပေမယ့် ခုတစ်ခါတွေ့ရှိတဲ့ ကုထုံးအသစ်ကတော့ ကာယကံရှင်ရဲ့သွေးကို ပြန်အသုံးပြုမယ့် သွေးရည်ကြည် ကုထုံးပဲ ဖြစ်ပါတယ်။
ရလဒ်ရော ကောင်းသလား
အစားအသောက်၊ အနေအထိုင်၊ ဓာတုပစ္စည်း ထိတွေ့မှုတို့ကြောင့်မဟုတ်ဘဲ မျိုးရိုးဗီဇအရ ဆံပင်ပါးသူ ဒါမှမဟုတ် ထိပ်ပြောင်သူ အမျိုးသမီး၊ အမျိုးသားတွေမှာ ဒီကုထုံးနဲ့ဆို ဆံပင်ကျွတ်သက်သာတဲ့အပြင် ပိုတောင်ပေါက်လာသေးတယ်လို့ သုတေသီတွေက လေ့လာတွေ့ရှိခဲ့ပါတယ်။
၂၀၁၈ ခုနှစ်က ပါဝင်သူ ၃၉ ဦးကို လေ့လာခဲ့တဲ့ သုတေသနတစ်ခုအရ PRP သွေးရည်ကြည် ထိုးနှံမှု လေးကြိမ်ခံယူပြီးသူတွေမှာ ခြောက်လတာအတွင်း ဆံပင်ပိုသန်ပြီး ထူထဲလာတာတွေ့ရပါတယ်။ တခြားသုတေသနတွေမှာလည်း မျိုးဗီဇကြောင့် ထိပ်ပြောင်ပြီး ဘာဆေးသုံးသုံး မရတဲ့သူတွေမှာတောင် ဒီနည်းက အောင်မြင်မှုနှုန်းမြင့်မားကြောင်းဖော်ပြခဲ့ပါတယ်။