backup og meta

ဆံပင်ကျွတ်သက်သာစေမယ့်အစားအစာ ၇ မျိုး

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Yun Sandi Nan Mon မှ ရေးသားသည်။ · 15/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆံပင်ကျွတ်သက်သာစေမယ့်အစားအစာ ၇ မျိုး

    လှပသန်စွမ်းတဲ့ ဆံကေသာပိုင်ဆိုင်ရဖို့က အမျိုးသားတွေရော၊ အမျိုးသမီးတွေပါ ဆန္ဒရှိတဲ့အရာပါ။ ဒါပေမယ့် ဆံပင်ကျွတ်ခြင်းနဲ့ဆံသားပျက်စီးခြင်းက အခုတလော အရမ်းအဖြစ်များနေကြတဲ့ ကိစ္စဖြစ်လာပါတယ်။ အသက်ကတဖြည်းဖြည်းကြီးလာတာကြောင့် အရွယ်လေးရလာတာနဲ့အမျှ ဆံပင်တွေ နည်းလာတာက ပုံမှန်ပါပဲ။ ဒါပေမယ့် အသက်ငယ်ရွယ်စဉ်မှာတည်းက ဆံပင်တွေစနည်းလာပြီဆိုရင်တော့ ပြဿနာတစ်ခုခုရှိနေတဲ့ လက္ခဏာဖြစ်နေနိုင်ပါတယ်။

    သင်သိမှာတော့မဟုတ်ပေမယ့် ဆံကေသာနဲ့ပတ်သက်တဲ့ ဆေးနည်းကို သင်စားသောက်နေတဲ့အာဟာရဓါတ်စာတွေထဲမှာ တွေ့ရှိနိုင်ပါတယ်။ ဟုတ်ပါတယ်။ ဆံပင်ဆိုတာ ရှင်သန်ကြီးထွားမှုမြန်တဲ့ တစ်ရှူးတစ်မျိုးဖြစ်ပြီး ကိုယ်စားလိုက်တဲ့အစားအစာ ကိုမူတည်ပြီး သင့်ရဲ့ဆံသားမှာ ကြီးမားတဲ့ပြောင်းလဲမှုတွေဖြစ်သွားစေနိုင်ပါတယ်။ ဒါ့ကြောင့် ကိုယ်စားမယ့်အရာတွေကို ရွေးချယ်ဆုံးဖြတ်ပြီး ဆံပင်သန်စွမ်းမှု၊ တောက်ပြောင်ချောမွေ့မှုနဲ့ ဆံပင်ကျန်းမာရေးအလုံးစုံကို တိုးတက်အောင်လုပ်ဆောင်နိုင်ပါတယ်။ ဆံပင်ကျွတ်သက်သာ စေဖို့က သင်စားမယ့် အစားအစာတွေမှာ အရေးပါတဲ့အာဟာရဓါတ်တွေ ညီညွတ်မျှတစွာ ပေါင်းစပ်ပါဝင်နေဖို့လိုပါတယ်။ အရေးကြီးဆုံးအာဟာရကတော့ ပရိုတင်းဓါတ်ဖြစ်ပါတယ်။ ပရိုတင်းက ဆံပင်ရဲ့အဓိကအခြေဖြစ်တဲ့အတွက် အရေးကြီးဆုံးနဲ့ မရှိမဖြစ်အာဟာရ ဖြစ်ပြီး ဇင့်၊ ဆာလဖာ၊ ဖက်တီးအက်စစ်၊ သံဓါတ်နဲ့ ကာဗိုဟိုက်ဒရိတ်ဒြပ်ပေါင်းတို့လည်း အရေးပါပါတယ်။

    သင့်ရဲ့ဆံကေသာသန်စွမ်းမှုကို မြှင့်တင်ပေးနိုင်ပြီး ဆံပင်ကျွတ်ခြင်းကို ဖြေရှင်းပေးနိုင်မယ့် အစားအစာတချို့ရှိပါတယ်။ သင်ရဲ့နေ့စဉ်စားသောက်ပုံအာဟာရတွေထဲမှာအောက်ပါအစားအစာတွေကို ထည့်သွင်းစားသုံးပါ။ သင့်ရဲ့ ဆံပင်နဲ့ပတ်သက်တဲ့ပြဿနာကို ၎င်းတို့က ကူညီဖြေရှင်းပေးပါလိမ့်မယ်။

    (၁) ဗာဒံစေ့

    လေ့လာတွေ့ရှိချက်တွေအရ လူအတော်များများဟာ ဗာဒံစေ့မှာကြွယ်ဝစွာပါရှိတတ်တဲ့ ဗီတာမင် B6၊ သံဓါတ်နဲ့ဇင့် တို့အားနည်းတာကြောင့် ဆံပင်ကျွတ်ခြင်းနဲ့ ရင်ဆိုင်နေရတာတွေ့ရပါတယ်။ ဗီတာမင် E က ဆံပင်နှစ်ခွဖြစ်ခြင်းကို ကာကွယ်ပေးပြီး ဆံကေသာသန်စွမ်းမှုကို မြှင့်တင်ပေးပါတယ်။ သံဓါတ်က ခန္ဓါကိုယ်အစိတ်အပိုင်းတွေဆီ အောက်ဆီဂျင်နဲ့အာဟာရ ဓါတ်ပို့ဆောင်ပေးရာမှာ လိုအပ်တဲ့ ဟီမိုဂလိုဘင် ထွက်ရှိမှုကိုအားပေးပါတယ်။ ဒါ့အပြင် ဇင့်ကလည်း ဆံသားကျန်းမာဖို့ ကူညီထောက်ပံ့ပေးပြီး ဦးရေပြားမှာရှိတဲ့အဆီအိတ်လေးတွေကို လုပ်ဆောင်ချက်မှန်ကန်အောင် ထိန်းညှိပေးပါတယ်။

    (၂) ဥအမျိုးမျိုး၊ ငါး နဲ့ ကြက်သား

    ဥအမျိုးမျိုးဟာ ဆံသားကျန်းမာရေးအတွက် ကောင်းတဲ့အစားအစာတွေစာရင်းမှာ ဘက်စုံအသုံးဝင်ဆုံး စားဖွယ်တစ်မျိုးဖြစ်ပါတယ်။ ဥတွေဟာ ပရိုတင်းဓါတ်အကြွယ်ဝဆုံး အရင်းအမြစ်တွေဆိုတာ မယုံမရှိပါနဲ့။ ဥမှာပါတဲ့ပရိုတင်းကို အရည်အသွေးအကောင်းဆုံး ပရိုတင်းအဖြစ် ယူဆကြသလို ဆံပင်သန်စွမ်းခြင်းနဲ့ ဆံပင်ပေါက်ခြင်းအတွက် အကောင်းဆုံးဖြစ် ပါတယ်။ ဒါတွေအပြင် ကြက်ဥမှာ ဆံပင်ကျွတ်ခြင်းကိုကာကွယ်ပြီး ဦးရေပြားကျန်းမာရေးကို တိုးတက်စေနိုင်တဲ့ ဘိုင်အိုတင်း နဲ့ ဗီတာမင် B ကြွယ်ဝလွန်းပါတယ်။ ဥတွေမှာ ဆံပင်အမြစ်ကို အောက်ဆီဂျင်ပို့ပေးတဲ့ သံဓါတ်လည်း ကြွယ်ဝပါတယ်။ တစ်ပတ်ကို နှစ်ကြိမ်လောက် ကြက်ဥပါတဲ့ မနက်စာစားပေးခြင်းဖြင့် ပိုထူ၊ ပိုသန်စွမ်းတဲ့ ဆံကေသာပိုင်ရှင် ဖြစ်ဖို့ ဝေးတော့မှာ မဟုတ်ပါဘူး။

    (၃) ပဲအမျိုးမျိုး

    သတ်သတ်လွတ်စားသူတွေအတွက်တော့ ဆံသားထိန်းသိမ်းရေးအတွက် လိုအပ်တဲ့အာဟာရ ဓါတ်တွေအလုံအလောက်ရနိုင်ဖို့ ခက်ခဲပါတယ်။ ပဲအမျိုးမျိုးမှာ ဗီတာမင် E နဲ့ ဓါတ်တိုးဆန့်ကျင် ပစ္စည်းတွေ အများအပြားပါဝင်ပါတယ်။ ဗီတာမင် E ကြွယ်ဝတဲ့ ပဲအမျိုးအစားတွေလည်း အများကြီးရှိပါတယ်။

    (၄) ဒိန်ချဉ်

    ဆံသားထိန်းသိမ်းရေးအတွက် ဒိန်ချဉ်ကို ရှေးပဝေသဏီတည်းက အသုံးပြုခဲ့ကြပါတယ်။ ၎င်းမှာ ဦးရေပြားဆီ သွေးလည်ပတ်မှုကောင်းမွန်စေပြီး ဆံပင်ပေါက်ခြင်းကိုအားပေးတဲ့ ဗီတာမင် B5 ကြွယ်ဝပါတယ်။ ဒိန်ချဉ်က ဆံပင်ပါးတာ၊ ဆံပင်ခြောက်သွေ့တာလိုမျိုး ဆံပင်ပြဿနာ အမျိုးမျိုးကို ကုသပေးနိုင်ပါတယ်။ သူ့မှာ လက်တစ်အက်စစ်လည်း ကြွယ်ဝတာကြောင့် ပျက်စီးနေတဲ့ဆံသားကို ကုသပေးပြီး ဗောက်ပျောက်အောင်ပါ စွမ်းဆောင်နိုင်ပါတယ်။

    (၅) ဒေါက်ခွရွက်

    စိမ်းစိုစိုနဲ့ ဒေါက်ခွရွက်ဟာ ဆံပင်သန်စွမ်းမှုအတွက် လိုအပ်တဲ့ ဗီတာမင် B,C,နဲ့ E ၊ ပိုတက်စီယမ်၊ ကယ်လ်စီယမ်၊ သံဓါတ်၊မဂ္ဂနီဆီယမ်နဲ့ အိုမီဂါ 3 ဖက်တီးအက်စစ်တို့ ပါဝင်တဲ့အရင်းအမြစ်တစ်ခုဖြစ်ပါတယ်။ ဒီလိုအစွမ်းသတ္တိတွေပါဝင်တဲ့ ဒေါက်ခွဟာ ဆံပင်ကျွတ်ခြင်းကို ကာကွယ်ပေးနိုင်တဲ့ အထူးစပါယ်ရှယ်အစားအစာတစ်ခုဖြစ်နေခဲ့တာပါ။

    ဆံပင်ကျွတ်ခြင်းကို ကာကွယ်ပေးနိုင်တဲ့ အစိမ်းရောင်ရှိတဲ့တခြားဟင်းသီးဟင်းရွက်တွေကတော့ ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ်နဲ့ ကိုက်လန် တို့ပါဝင်ပါတယ်။

    (၆) မုန်လာဥနီ

    မုန်လာဥနီဟာ မျက်စိအတွက်ကောင်းသလို ဆံပင်ကျွတ်ခြင်းအတွက် ထိန်းသိမ်းရေးမှာ အသုံးဝင်ပါတယ်။ မုန်လာဥနီမှာ ဆံပင်သန်စွမ်းဖို့အရေးပါတဲ့ အာဟာရ ဘီတာကယ်ရိုတင်းဓါတ် လုံလောက်စွာပါရှိပါတယ်။ သူ့မှာပါတဲ့ ဗီတာမင် A ကလည်း ဦးရေပြားအတွက် ကောင်းတဲ့ သဘာဝအဆီထုတ်လုပ်ပေးဖို့ အထောက်အကူပြုပါတယ်။

    (၇) ဖရုံစေ့နဲ့ နေကြာစေ့

    ဖရုံစေ့ကို ဆံပင်ကျွတ်ခြင်းအတွက် ကယ်တင်မယ့် အကောင်းဆုံးစူပါအစားအစာတွေထဲက တစ်ခုအဖြစ်လက်ခံထားကြပါတယ်။ ဒါ့ကြောင့် သန်စွမ်းလှပတဲ့ ဆံကေသာရရှိနိုင်ဖို့ဆိုရင် သူ့ကို နေ့စဉ်စားသောက်တဲံအာဟာရထဲ ထည့်သင့်ပါတယ်။ ဖရုံစေ့မှာ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်၊ ဗီတာမင် E၊ ဗီတာမင် B တွေ၊ သံဓါတ်၊ ပိုတက်စီယမ်၊ ဘိုင်အိုတင်း၊ ဆီလီနီယမ်၊ ဇင့်နဲ့ ပရိုတင်း တို့ကြွယ်ဝစွာပါဝင်ပါတယ်။ ဖရုံစေ့တွေမှာ ဆံပင်သန်စွမ်း ထူထဲ၊နက်မှောင်တောက်ပလာစေနိုင် တဲ့ အိုမီဂါ 6 ဖက်တီးအက်စစ်တွေ အများအပြားပါရှိပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Yun Sandi Nan Mon မှ ရေးသားသည်။ · 15/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement