backup og meta

မူးပြီး မှားတာလား? မှားပြီး မူးတာလား?

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Zon Aung မှ ရေးသားသည်။ · 10/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မူးပြီး မှားတာလား? မှားပြီး မူးတာလား?

    ငယ်ငယ်က မြန်မာဗီဒီယိုဇာတ်ကားတွေ ကြည့်ကြလေ့ကြည့်ထရှိတဲ့သူတွေဆိုသိနိုင်မယ့် ကိစ္စတစ်ခုရှိတယ်။ ဇာတ်လမ်းထဲမှာ မင်းသားက အမူးလွန်ပြီး မင်းသမီးရဲ့ဘဝကို အတင်းကာရော ဆွတ်ချူယူလိုက်မိတယ်ပေါ့။ မနက်မိုးလင်းတော့မှ ပြောမယ်၊ “မူးပြီး မှားမိပါတယ်၊ တာဝန်ယူပါမယ်” ဘာညာပေါ့။ ဒါဆို မူးပြီး မှားတာလား? မှားပြီး မူးတာလား?

    ဒီလို ဇာတ်ကွက်မျိုးကို မြန်မာဇာတ်ကားအချို့မှာ မြင်ဖူးကြမယ်ထင်ပါတယ်။ တကယ်တမ်း အရွယ်တစ်ခုရောက်လာတဲ့ လူငယ်တိုင်း သိချင်ကြတဲ့အချက်က အရက်ကို မူးနေအောင်သောက်ထားတဲ့ လူတစ်ယောက်ဟာ မိန်းမတစ်ယောက်နဲ့ စိတ်ဆန္ဒပြင်းပြင်း လိင်မှုကိစ္စလုပ်နိုင်ပါ့မလားပေါ့။

    မူးပြီး မှားတာလား? မှားပြီး မူးတာလား?

    အလွန်တရာ အရက်မူးနေတဲ့လူတစ်ယောက်ဟာ လမ်းတောင်ကောင်းကောင်းလျှောက်နိုင်ချင်မှ လျှောက်နိုင်မှာလေနော်။ ဒါပေမယ့် ဒီလိုကိစ္စမျိုးတွေဖြစ်နိုင်မဖြစ်နိုင်ဆိုတာကို အချက်အလက်တွေကို အခြေခံပြီး သိပ္ပံနည်းကျလေ့လာကြည့်ရအောင်လားဗျာ။

    အရက်၊ လိင်နဲ့ မေးခွန်းပေါင်းများစွာ

    ခေတ်ဟောင်းစာပေကြီးတွေကနေစလို့ ၂၁ ရာစု ပေါ့ဂီတတွေအထိ အရက်ဟာ အချစ်စိတ်ကို နှိုးဆွနိုင်တယ်၊ ဆက်စပ်တယ်ဆိုတဲ့ ညွှန်းဆိုမှုတွေ ကြီးစိုးလို့နေခဲ့ပါတယ်။ အရက်ဟာ လူသားတွေရဲ့ လိင်စိတ်ကို နှိုးဆွပေးတယ်၊ လိင်ကိစ္စအတွက် အဆင်သင့်ဖြစ်စေတယ်၊ တက်ကြွနိုးထစေတယ်ဆိုတာမျိုးပေါ့။

    အယ်လ်ကိုဟောဓာတ်ပါဝင်နေတဲ့ အမျိုးစုံသော အရက်တွေဟာ လူတွေရဲ့ လိင်အင်္ဂါတွေကို နိုးကြားစေနိုင်သလား? စိတ်ဆန္ဒတွေကို ပိုမိုပြည့်ဝသွားအောင် ပံ့ပိုးပေးနိုင်သလား? အထွတ်အထိပ်ရောက်စေဖို့ လမ်းပြပေးနိုင်မလား? စွမ်းဆောင်ရည်တွေ ပိုမိုတိုးတက်သွားစေမှာလား? အရက်ကြောင့် လိင်အကြမ်းဖက်မှုတွေဖြစ်စေတာလား? အရက်မူးလွန်ပြီး မှားယွင်းနိုင်သလား? မိန်းမနဲ့ ယောင်္ကျား အရက်ပမာဏတူသောက်ရင် အတူတူပဲ မူးတာလား?

    အမျိုးသမီးတွေအပေါ် သက်ရောက်မှု

    အရက်ဟာ အမျိုးသမီးတွေရဲ့ အင်္ဂါစပ်ကို နိုးကြားထကြွစေတယ်လို့ ရှေးဟောင်း ရောမစာပေတစ်ချို့မှာ ဖော်ပြကြတယ်။

    အရက်ဟာ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ထဲက Testosterone ဟိုမုန်းပမာဏကို မြင့်တက်လာအောင် လှုံ့ဆော်နိုင်ပါတယ်။ ဒါပေမယ့် Testosterone ဟိုမုန်းဟာ အမျိုးသားတွေရဲ့ လိင်စိတ်ဆန္ဒကို လှုံ့ဆော်ပေးတဲ့ ဟိုမုန်းသာ ဖြစ်ပါတယ်။ ဒါကြောင့် Testosterone ပမာဏမြင့်တက်လာတဲ့ အမျိုးသမီးတွေမှာ လိင်စိတ်အတန်အသင့် နိုးကြားလာနိုင်ပေမယ့် အမျိုးသားတွေလိုတော့ ပြင်းပြင်းထန်ထန်ဖြစ်လာမှာမဟုတ်ပါဘူး။

    ဒါ့အပြင် ထည့်သွင်းစဉ်းစားရမယ့် အချက်က ပမာဏ ဘယ်လောက် များများ သောက်သုံးသလဲဆိုတဲ့ အချက်ပါပဲ။ အတန်အသင့် အာဇ္ဇဝန်းရွှင်ရုံပမာဏမျိုးသောက်သုံးတယ်ဆိုရင် ကိုယ့်ကိုယ်ကို ယုံကြည်မှုပမာဏမြင့်တက်လာနိုင်ပြီး ဆွဲဆောင်မှုရှိတဲ့ စိတ်ခံစားချက်မျိုး ခံစားရနိုင်ပါတယ်။ ဒါပေမယ့် အမူးလွန်တဲ့အထိသောက်သုံးမယ်ဆိုရင်တော့ အိပ်ပျော်သွားဖို့ ပိုနီးစပ်ပါတယ်။

    အမျိုးသမီးတချို့အနေနဲ့ အရက် အတန်အသင့်သောက်သုံးထားချိန်မှာ လိင်မှုကိစ္စအပေါ် စိတ်ပါဝင်စားမှုပိုမိုလာတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် စိတ်ဆန္ဒ အာသီသပြင်းပြင်းနဲ့ လိင်ကိစ္စအစပြုဖို့ နိုးကြားလာတာမျိုးတော့ လုံးဝမဟုတ်ပါဘူး။ လူ့ခန္ဓာကိုယ်ဟာ အယ်လ်ကိုဟောကို စုပ်ယူပုံခြင်းမတူပါဘူး။ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ရေဓာတ်ပိုနည်းပါတယ်။ ဒါကြောင့် အရက်ကို အားပျော့စေနိုင်စွမ်းလည်း ပိုနည်းပါတယ်။ ပမာဏတူသောက်သုံးရင်တောင်မှာ သူတို့က အရက်ဒဏ်ကို ပိုခံရပါတယ်။

    သုတေသန ရလဒ်တွေအရဆိုရင် အမျိုးသမီးတွေ သောက်သုံးမှု ပမာဏများသွားရင်တော့ လိင်နဲ့ ပတ်သက်ပြီး ဘာစိတ်မှမပါတော့တာမျိုး ခံစားရတာများပါတယ်။ ဒါကြောင့် မိန်းမတွေဟာ များများသောက်လေ၊ လိင်ဆက်ဆံဖို့ ပိုစိတ်မပါလေပါပဲ။

    အရေးအကြီးဆုံး အချက်ကတော့ အရက်သောက်ထားရင် အမျိုးသမီးတွေအနေနဲ့ အထွတ်အထိပ်ရောက်ဖို့ ခက်ခဲမှာဖြစ်ပါတယ်။ အယ်လ်ကိုဟောဟာ လိင်အင်္ဂါတွေရဲ့ တုန့်ပြန်နိုင်စွမ်းကို ပျက်ယွင်းစေမှာဖြစ်တာမို့ ခုလို အခက်ကြုံရတာပါ။

    နောက်ထပ်တစ်ချက်ကတော့ အရက်ဟာ သွေးလည်ပတ်မှုကို ထိခိုက်စေတာကြောင့် မိန်းမကိုယ်အဝမှာ စိုစွတ်မှုမရှိသလောက် နည်းပါးသွားမှာဖြစ်ပြီး လိင်ဆက်ဆံရခက်ခဲစေပါလိမ့်မယ်။

    အမျိုးသားများအပေါ် သက်ရောက်မှုများ

    အမျိုးသားတွေအတွက်ကတော့ ယစ်ရွှေရည်လေးနည်းနည်းဝင်သွားပြီဆိုရင် ဟိုစိတ်ဝင် ဒီစိတ်ဝင်နဲ့ သိပ်တက်ကြွလာကြတတ်ပါတယ်။ Testosterone ဟိုမုန်းပမာဏ မြင့်မားလာတာကြောင့်ပါ။

    ဒါပေမယ့် ဒီအချက်တစ်ချက်တည်းနဲ့တော့ အရက်ဟာ အမျိုးသားတွေရဲ့ လိင်စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်တယ်လို့ မဆိုသာပါဘူး။

    ဘာလို့လဲဆိုတော့ အမျိုးသမီးတွေနဲ့ ထပ်တူညီစွာပါပဲ၊ အရက်ပမာဏ နည်းနည်းသောက်မိရင် အမျိုးသားတွေဟာလည်း သူတို့ဟာ ညှို့အားပြင်းဆွဲဆောင်နိုင်သူတွေလို့ ထင်မြင်ခံစားရလာ တတ်ပါတယ်။

    ဒါပေမယ့် သွေးထဲမှာ အရက်ပမာဏများလာလေလေ၊ လိင်အင်္ဂါတောင်မတ်ဖို့ ခက်လာလေလေဆိုတာကို မမေ့ဖို့ လိုအပ်ပါတယ်။ လိင်မှုကိစ္စမှာ အရေးအပါဆုံးဖြစ်တဲ့ တောင်မတ်သင့်တဲ့နေရာဟာ ကွင်းမှာဆင်းတဲ့ လေယာဉ်ပျံလို အောက်ကို စိုက်ဆင်းနေတော့မှာပါ။

    ရုတ်တရက်ဆိုရင် အရက်ဟာ အမျိုးသားတွေကို အကျိုးဖြစ်ထွန်းစေတယ်လို့ ထင်စရာရှိပါတယ်။ ဒါပေမယ့် “whiskey dick” ဟာသ စကားလုံးဟာ အလကားပေါ်ပေါက်လာတာမဟုတ်ပါဘူး။ ဝီစကီအပါအဝင် အယ်လ်ကိုဟောပါဝင်တဲ့ ယမကာတွေကို မှီဝဲတဲ့အခါတိုင်း လိင်အင်္ဂါမတောင်မတ်တဲ့ ပြဿနာရင်ဆိုင်ရဖို့ အလားအလာ အလွန်အမင်းမြင့်မားတာကြောင့်ဖြစ်ပါတယ်။

    အရက်ဟာ အရိုးလုပ်ဆောင်ချက်တွေကို ရှုပ်ထွေးစေသလို လိင်အင်္ဂါဆီ သွေးစီးဆင်းမှုကိုလည်း လျှော့ချပစ်ပါတယ်။ လိင်အင်္ဂါတောင်မတ်မှုကို အနှောင့်အယှက်ပေးမယ့် angiotensin တွေကိုပိုမိုတိုးပွားစေသလို ဗဟိုအာရုံကြောမကြီးကိုလည်း ဖိစီးမှုများစေပါတယ်။

    အတင်းကာရော ဆေးဝါးသုံးစွဲပြီး လိင်မှုကိစ္စဖန်တီးယူမယ်ဆိုရင်တောင်မှ ဆန္ဒပြီးမြောက်ဖို့နဲ့ သုတ်လွှတ်နိုင်ဖို့ ခက်ခဲဦးမှာဖြစ်ပါတယ်။

    ယုံတမ်းစကားတို့ရဲ့ အဖြေများ

    အရက်က လိင်မှုကိစ္စကို ပိုမိုစွမ်းဆောင်နိုင်စေတယ်၊ အရက်သောက်ထားရင်း မူးနေချိန်မှာတောင် သူများသားမယားကို ကျူးလွန်စော်ကားမိနိုင်တယ်ဆိုတဲ့ ပြောဆိုမှုတွေ ဘဝတစ်သက်တာမှာ အကြိမ်ပေါင်းမြောက်များစွာ ကြားဖူးကြမယ်ထင်ပါတယ်။

    တကယ်တမ်းမှာတော့ အရက်သောက်သုံးမှုဟာ လိင်မှုဆန္ဒကို အထမြောက်စေဖို့ ပိုမိုခက်ခဲစေတာပါ။ အရက်မူးနေသူတွေအနေနဲ့ လိင်စိတ်နိုးထဖို့ခက်တာ၊ (အမျိုးသားတွေမှာ) လိင်အင်္ဂါတောင်မတ်ဖို့ ခက်တာ၊ (အမျိုးသမီးတွေမှာ) အင်္ဂါစပ်ဝ စိုစွတ်မှုမရှိတာ နဲ့ အထွတ်အထိပ်ကာမဂုံခံစားမှု ရောက်ရှိဖို့ ခက်ခဲတာတွေနဲ့ ချိန်ထိုးစဉ်းစားဖို့ လိုအပ်ပါတယ်။

    နည်းပါးလှတဲ့ ပမာဏမျိုးကို မှီဝဲထားမယ်ဆိုရင်တော့ အာဇဝန်းရွှင်ရွှင် ပေါင်းသင်းဆက်ဆံရေးကောင်းကောင်းနဲ့ ဆွဲဆောင်နိုင်စွမ်းရှိနေနိုင်ပေမယ့် ပမာဏများလာလေလေ လူလည်း ရုပ်ပျက်ဆင်းပျက်ပိုဖြစ်လာလေလေ၊ လိင်စွမ်းဆောင်ရည်လည်း ကျလာလေလေပါပဲ။

    ဒါဆို အရက်သောက်သုံးထားရင် အဓမ္မလိင်ပိုင်းဆိုင်ရာလွန်ကျူးမှုတွေ မပြုလုပ်နိုင်တော့ဘူးလားလို့ မေးလာခဲ့မယ်ဆိုရင်တော့ ကျူးလွန်နိုင်ချေရှိတယ်လို့ ပြန်ဖြေရမှာပါပဲ။ ဘာလို့လဲဆိုတော့ လိင်အကြမ်းဖက်မှုတွေကို ကျူးလွန်ကြသူတွေဟာ အရက်သောက်သုံးထားသည်ဖြစ်စေ၊ မသောက်သုံးထားသည်ဖြစ်စေ ကျူးလွန်ဖို့ စိတ်ပိုင်းဖြတ်ထားသူတွေဖြစ်ကြပါတယ်။ ဒါကြောင့် ဘယ်လိုအခြေအနေမှာမဆို သူတို့ဟာ လုပ်ကိုလုပ်ကြမှာဖြစ်ပါတယ်။

    ဒါပေမယ့် တခြားအခြေအနေတွေမှာတော့ အရက်အလွန်မူးနေသူတစ်ယောက်ဟာ လိင်စွမ်းဆောင်နိုင်စွမ်း ကျဆင်းနေတာ များပါတယ်။ ပြောရရင် အိပ်ရာပေါ်မှာ လိင်အစွမ်းပြနိုင်ဖို့ဆိုရင် အမူးမလွန်နေဖို့ လိုအပ်တာ တယ်ဆိုတဲ့သဘောပါ။ ရှိသင့်တဲ့ပမာထက် ပိုမူးနေသူ ဒါမှမဟုတ် အမူးလွန်နေသူတစ်ယောက်ဟာ သူ့ကိုယ်သူတောင် ထိမ်းသိမ်းနိုင်ဖို့ အနိုင်နိုင်ရယ်ပါ။

    ဒါကြောင့် အမူးလွန်ပြီး မှားယွင်းကြတယ် ဆိုတာကို ပြန်ဆက်ရမယ်ဆိုရင် အခြေခံအားဖြင့်တော့ အရက်ကြောင့် လိင်စွမ်းဆောင်ရည်ကျနိုင်ပါတယ်။ ဒါပေမယ့် ကိုယ်တွင်းမှာ စိတ်ဆန္ဒလွန်ကဲနေမယ်ဆိုရင် မူးနေချိန်မှာလည်း လိင်ဆက်ဆံဖြစ်နိုင်ခြေရှိပါတယ်။ ဒါကြောင့် မူးပြီးမှားကြတာလား? မှားပြီး မူးကြတာလားဆိုရင်တော့ဖြင့် …။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Zon Aung မှ ရေးသားသည်။ · 10/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement