backup og meta

ဝီစကီလိင်တံ ဆိုတာ ဘာကိုပြောတာလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 09/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဝီစကီလိင်တံ ဆိုတာ ဘာကိုပြောတာလဲ

    ဝီစကီလိင်တံ ဆိုလို့ သိပ်လည်း မအံ့သြသွားပါနဲ့။ ဒါက အရက်‌သောက်ပြီး လိင်တံမထောင်မတ်နိုင်တာကို ပြောတာပါ။ အမျိုးသားတွေက လိင်မှုကိစ္စပြုလုပ်ဖို့ ရဲဆေးတင်တဲ့အနေနဲ့ တစ်ခွက်တစ်ဖလား သောက်တတ်ကြတယ်ဟုတ်။ ဒီလို ရဲဆေးတင်ပြီးကာမှ လိင်တံမထောင်မတ်တဲ့ အဖြစ်မျိုးကို ကြုံဖူးကြမှာပါ။

    ဝီစကီလိင်တံ ဆိုတာ

    ဝီစကီလိင်တံ ဆိုတာ အနောက်နိုင်ငံတွေမှာ ဝီစကီသောက်ပြီး ယာယီ လိင်တံမထောင်မတ်နိုင်တဲ့ ပြဿနာကို ပြောတာပါ။ ဝီစကီလိင်တံလို့ ပြောပေမဲ့ ဝီစကီအပါအဝင် အရက်ပါတဲ့ ဘယ်ယမကာမဆို ဒီပြဿနာ ဖြစ်တတ်ပါတယ်။ အရက်အလွန်အကျွံသောက်တဲ့ အမျိုးသားတွေမှာ အဖြစ်များပါတယ်။

    ဝီစကီလိင်တံဖြစ်ရင် ဘာတွေ ခံစားရမှာလဲ

    လက္ခဏာတွေက တစ်ယောက်နဲ့ တစ်‌ယောက် အနည်းငယ်ကွာခြားပါတယ်။ တချို့က လိင်တံလုံးဝမထောင်မတ်တာ၊ တချို့က ထောင်နိုင်ပေမဲ့ ကြာကြာမခံတာ၊ တချို့က မပြီးမြောက်နိုင်တာ စသဖြင့် အမျိုးမျိုးကြုံရနိုင်ပါတယ်။

    ဝီစကီလိင်တံ ဘာကြောင့် ဖြစ်ရတာလဲ

    အရက်က ဦးနှောက်နဲ့ အာရုံကြောကို ဖိနှိပ်နိုင်တဲ့ အစွမ်းရှိပါတယ်။ ဒါ့ပြင် အရက်က ရေဓာတ်ခမ်းခြောက်စေတာ၊ Angiotensinဆိုတဲ့ ဓာတ်တစ်မျိုးကို ထွက်စေတာကြောင့် လိင်တံကို သွေးလည်ပတ်မှု နည်းသွားစေပါတယ်။

    နောက်တစ်ခုက အရက်အလွန်အကျွံသောက်တဲ့အခါ ဝှေးစေ့ရဲ့ လုပ်ဆောင်နိုင်စွမ်း၊ ကျားဟော်မုန်းထုတ်နိုင်စွမ်းတွေ နည်းသွားပါတယ်။ အရက်သောက်ပြီး နာရီဝက်လောက်နေရင် တက်စတိုစတီရုန်းက စကျလာပါတယ်။

    ဒီအချက်တွေ ပေါင်းလိုက်တဲ့အခါ လိင်စိတ်ဆန္ဒလည်း လျော့သွားသလို လိင်တံထောင်မတ်နိုင်စွမ်းပါ ကျသွားပါတော့တယ်။ အထူးသဖြင့်တော့ အရက်အလွန်အကျွံသောက်တဲ့ အမျိုးသားတွေမှာပါ။

    အရက်ဘယ်လောက်သောက်ရင် ဒီပြဿနာဖြစ်မှာလဲ

    ‘အလွန်အကျွံ’ သောက်ရင်လို့ပဲ ပြောနိုင်ပါတယ်။ ဘယ်လောက်ပမာဏက အလွန်အကျွံလည်း ဆိုတာက တစ်ယောက်နဲ့ တစ်ယောက် ကွာခြားနိုင်ပါတယ်။ အထူးသဖြင့်

    • မျိုးဗီဇ
    • ကျား၊ မ
    • အသက်
    • ကိုယ်အလေးချိန်
    • ဘယ်လောက်ပမာဏ သောက်ထားလဲ
    • ခန္ဓာကိုယ်က အရက်ကို ဘယ်လောက်ခံနိုင်ရည်ရှိလဲ
    • ဘယ်လောက်မြန်မြန်သောက်လိုက်လဲ
    • ဗိုက်ထဲမှာ အစာရှိရဲ့လား
    • ဘာဆေးတွေ သောက်နေလဲ စတဲ့ အချက်တွေပေါ် မူတည်ပြီး တစ်ယောက်နဲ့ တစ်ယောက် လစ်မစ်မတူညီနိုင်ပါဘူး။

    ဒါကြောင့် ကိုယ့်လစ်မစ်နဲ့ကိုယ်လို့ပဲ ပြောနိုင်ပါတယ်။

    အရက်သောက်ပြီး လိင်တံမထောင်မတ်တာက ဘယ်လောက်ကြာကြာဖြစ်နေမှာလဲ

    ဒါကလည်း ပြောရခက်ပါတယ်။ ခန္ဓာကိုယ်က အရက်ကို ဘယ်လောက်ချေဖျက်နိုင်လဲဆိုတာပေါ် မူတည်ပါတယ်။ တချို့က အမူးပြေနေတာတောင်မှ သွေးထဲမှာ အရက်တွေ ရှိနေသေးရင် လိင်တံထောင်မတ်ဖို့ ခက်နေနိုင်ပါတယ်။

    ခန္ဓာကိုယ်မှာ အရက်ကို အဓိက ချေဖျက်ပေးတာက အသည်းပါ။ အကြမ်းအားဖြင့်တော့ အသည်းက ၁နာရီကို အရက် ၁ယူနစ် ချေဖျက်ပေးနိုင်ပါတယ်။ အရက် ၁ယူနစ်ဆိုတာ

    • ၅% အရက်ပါတဲ့ ဘီယာ ၁၂အောင်စ
    • ၁၂%အရက်ပါတဲ့ ဝိုင်ဆိုရင် ၅အောင်စ
    • ၄၀%အရက်ပါတာဆိုရင် ၁.၅အောင်စ နဲ့ ညီပါတယ်။

    ဝီစကီလိင်တံ ဖြစ်လာပြီဆိုရင် ဘယ်လိုလုပ်သင့်လဲ

    အရက်အလွန်အကျွံသောက်ပြီး လိင်တံမထောင်မတ်တာက အဖြစ်များတဲ့ ကိစ္စပါ။

    • အရင်ဆုံး ဒါကဖြစ်တတ်တယ်။ အရက်အသောက်များလို့ ဖြစ်သွားတာလို့ လက်ခံပြီး စိတ်အေးအေးထားပါ။
    • အများစုက အရက်အာနိသင်ကုန်သွားတဲ့အခါ ပုံမှန်အတိုင်း ပြန်ဖြစ်သွားတတ်ပါတယ်။
    • ဒီပြဿနာအကြောင်းကိုလည်း ကိုယ့်အဖော်ကို ပွင့်ပွင့်လင်းလင်း ရှင်းပြထားဖို့ လိုပါတယ်။

    ဘယ်အခါမျိုးဆိုရင် စိုးရိမ်သင့်လဲ။

    အရက်သောက်လို့ လိင်တံမထောင်မတ်နိုင်တာက ရံဖန်ရံခါဆိုရင် ပြဿနာမဟုတ်ပါဘူး။ ဒါပေမဲ့ အရက်သောက်သောက် မသောက်သောက် လိင်တံထောင်မတ်ဖို့ ခက်လာရင်၊ နည်းနည်းလေး သောက်ရုံနဲ့ လိင်တံမထောင်မတ်နိုင်တော့ဘူးဆိုရင်တော့ ဆရာဝန်နဲ့ ပြသဆွေးနွေးဖို့ လိုပါတယ်။

    ဝီစကီလိင်တံ မဖြစ်အောင် ကာကွယ်လို့ ရလား

    အရက်သောက်လို့ ဖြစ်တာဆိုတော့ အရက်မသောက်တာက အကောင်းဆုံးနည်းလမ်းပါ။ ဒါပေမဲ့လည်း သောက်ဖို့ အခြေအနေကြုံလာပြီ၊ အရက်ဒဏ်လည်း သိပ်မခံချင်ဘူးဆိုရင်တော့

    • မသောက်ခင်မှာ တစ်ခုခုစားထားပါ။
    • ကိုယ့်လစ်မစ်ကိုယ် သိပါ။
    • အရက်ချည်းပဲ မသောက်ဘဲ ကြားထဲမှာ ရေ၊ အချိုရည်တွေလည်း သောက်ပေးပါ။ (အရက်နဲ့ ရောသောက်ခိုင်းတာမဟုတ်ပါ။ အရက်အစား သောက်ခိုင်းတာပါ။)
    • ဖြည်းဖြည်းချင်းသောက်ပါ။
    • အရက်နဲ့ တခြားမူးယစ်ဆေးဝါးတွေ ရောမသုံးပါနဲ့။

    အနှစ်ချုပ်

    ဝီစကီလိင်တံဆိုတာ အရက်အလွန်အကျွံသောက်တဲ့ အမျိုးသားတွေမှာ အရက်သောက်ပြီး လိင်တံမထောင်မတ်နိုင်တဲ့ ပြဿနာပါ။ အများစုက ယာယီပဲ ခံစားရပါတယ်။ ဝီကစီအပါအဝင် ဘယ်အရက်ကိုမဆို အလွန်အကျွံသောက်ရင် ဖြစ်တတ်ပါတယ်။ အများစုက အရက်အရှိန်ကုန်သွားရင် ပြန်သက်သာလာကြပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 09/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement