ဒါက နည်းနည်းပြောရခက်ပါတယ်။ တွေးကြတာကတော့ အိမ်မှာပဲ သမီးကို အမေက၊ သားကို အဖေက တိုးတိုးတိတ်တိတ် သင်ကြရင် မကောင်းဘူးလားပေါ့။ ဒါပေမယ့် တကယ့် လက်တွေ့မှာ သင်ပေးတဲ့သူက ရှားပါတယ်။ နောက်ပြီး သင်ပေးမယ့် အဖေအမေကိုယ်တိုင်ကလည်း တိတိကျကျ တတ်မြောက်နေဖို့ လိုပါတယ်။ ဒါမှ သတင်းအမှားတွေ မသင်ပေးမိမှာပါ။ နောက်တစ်ခုက မိဘနဲ့ သားသမီးကြားမှာ ချစ်ကြောက်ရိုသေဆိုတာကြီး ရှိနေတဲ့အတွက် ပြောရဆိုရ နည်းနည်း အခက်တွေ့နိုင်ပါတယ်။
လေ့လာကြည့်လိုက်တဲ့အခါမှာလည်း မိဘတွေက လိင်ပညာပေးကို ကျောင်းမှာ သင်တာ ပိုကောင်းတယ်လို့ ယူဆကြပါတယ်။ ကျောင်းသားတွေကလည်း ကျောင်းမှာ တကယ်တတ်ကျွမ်းတဲ့သူတွေနဲ့ သင်ကြားတာက ပိုသဘောကျကြပါတယ်။ တကယ်တော့ လိင်ပညာပေးကို ကျောင်းမှာရော အိမ်မှာပါ နည်းစနစ်ကျကျ သင်ပေးနိုင်ရင် ပိုကောင်းတာပေါ့။
လိင်ပညာပေးကို ကလေးတွေကို သင်ပေးဖို့ မလိုအပ်ဘူး။
တကယ်တော့ မဟုတ်ပါဘူး။ ကလေးတွေကိုလည်း သူတို့အရွယ်အလိုက် သင့်တော်တဲ့ လိင်ပညာပေး သင်ပေးဖို့ လိုပါတယ်။ အနည်းဆုံးတော့ သူတို့လေးတွေရဲ့ ဘယ်နေရာကို လူအထိမခံသင့်ဘူး၊ မကြိုက်ရင် မကြိုက်ဘူးလို့ ငြင်းရမယ်၊ တစ်ယောက်ယောက်က ကလေးမကြိုက်တာကို လုပ်ရင် အိမ်က လူကြီးတွေကို ပြန်ပြောရမယ် စသဖြင့် သင်ထားပေးရမှာပါ။ သက်ငယ်မုဒိန်းမှုတွေကို ကြည့်မယ်ဆိုရင် ကလေးတွေက သူတို့ကို ဘာလုပ်သွားမှန်းလည်း မသိပါဘူး။ လူကြီးတွေကို ပြန်ပြောရမှန်းလည်း မသိပါဘူး။ တကယ်ဆို အနည်းဆုံးတော့ သူတို့မကြိုက်တာကို လုပ်သွားတယ်လို့ အိမ်ကလူကြီးတွေကို ပြန်တိုင်တတ်ရမှာပါ။ ဒါမှ လူကြီးတွေက စောစောစီးစီး သိပြီး တစ်ခုခုလုပ်လို့ရမှာပါ။
တစ်ဖက်က ပြန်ကြည့်မယ်ဆိုရင် တစ်ခါတစ်လေ တရားခံက ကလေးငယ်လေးတွေ ဖြစ်နေတာကို တွေ့ဖူးမှာပါ။ တကယ်ဆို သူတို့ကို သူများရဲ့ ဒီခန္ဓာကိုယ် အစိတ်အပိုင်းတွေကို မကိုင်ရဘူး။ ဒါမျိုးမလုပ်ရဘူး။ ဒါက ကလေးတွေ မလုပ်ရဘူး စသဖြင့် သင်ထားပေးရင်၊ အသိပေးထားရင် ကလေးတွေက သူတို့နဲ့ ဆိုင်တဲ့ ကိစ္စမဟုတ်ဘူးဆိုပြီး စမ်းကြည့်မှာ မဟုတ်ပါဘူး။ သူတို့လေးတွေက ဒီလိင်ကိစ္စကို လိင်ကိစ္စမှန်း မသိဘဲ တစ်ယောက်ယောက်လုပ်တာကို မြင်လို့ လိုက်လုပ်တာလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အရွယ်အလိုက်ထိုက်သင့်တဲ့ ပညာပေးရှိဖို့ လိုပါတယ်။
လိင်ပညာပေးက တခြားဘာသာရပ်တွေလောက် အရေးမကြီးပါဘူး။
ခုဆယ်တန်းမှာ သင်မယ်ဆိုတော့ တခြားဘာသာရပ်တွေလောက် အရေးမကြီးဘူးလို့ ထင်မှာ စိုးပါတယ်။ တခြားဘာသာရပ်တွေထက်မပိုရင်တော့ အရေးကြီးတာက မလျှော့ပါဘူး။ တစ်ဘဝလုံးသုံးလို့ရတဲ့ ပညာရပ်ပါ။ ဒါကို မတတ်လို့ အရွယ်မတိုင်ခင် မလိုချင်ဘဲ ကိုယ်ဝန်ရတာ၊ လိင်ကတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတွေ ဖြစ်တာ၊ အိမ်တွင်းအကြမ်းဖက်တာ စတဲ့ ပြဿနာတွေ ဖြစ်နေတာပါ။
ဒါက သင်စရာမလိုပါဘူး။ မသင်လည်း တတ်ပါတယ်။
မသင်လည်း အချိန်တန်ရင် တတ်တာမှန်ပေမယ့် တကယ်တမ်း သင်ပြီးလို့ သေသေချာချာ သိသွားတဲ့အခါ ကိုယ်သိထားတာတွေ ဘယ်လောက်မှားနေလဲဆိုတာ သိရမှာပါ။ ဒီလို သိထားတာတွေ မှားနေတာကြောင့်ပဲ လက်တွဲဖော်နဲ့ ဆက်ဆံရေးမှာ ပြဿနာတက်တာတွေ၊ အတူနေပြီးမှ ကိုယ်ဝန်ရမှာလား မရဘူးလား၊ ရသွားခဲ့ရင် ဆိုတဲ့ ပြဿနာတွေ၊ မလိုချင်ဘဲ ကလေးရလာလို့ ဖျက်ချတဲ့ ပြဿနာတွေ ကြုံရတာပါ။ တကယ်သိချင်လို့ လေ့လာတဲ့သူကို ကျတော့လည်း လိင်စိတ်ပြင်းထန်တဲ့သူလို့ လှောင်ပြောင်တာတွေ လုပ်တာကြောင့် ဒီကိစ္စကို ရှက်စရာလို့ ထင်ပြီး ပွင့်ပွင့်လင်းလင်း မတိုင်ပင်ရဲတာတွေ ဖြစ်လာတာပါ။
လိင်ပညာပေးဆိုတာ လိင်ကိစ္စသက်သက်ကိုပဲ သင်တာ မဟုတ်ပါဘူး။ ဒါဟာလည်း ပညာရပ်ဆိုင်ရာ ဘာသာရပ်တစ်ခုပါပဲ။ ကလေးတွေကို အရွယ်မတိုင်ခင် လိင်မဆက်ဆံဖို့၊ အတူနေရင်လည်း အကာအကွယ်ကို စနစ်တကျ သုံးတတ်ဖို့၊ မိမိလက်တွဲဖော်ကို လေးစားဖို့၊ ကိုယ့်ကိုယ်ကို တန်ဖိုးထားဖို့ သင်ပေးတဲ့ ဘာသာရပ်ဆိုတာ သိစေချင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။