backup og meta

သင့်ကလေး EQ ကောင်းစေမည့် နည်းလမ်းများ

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG


Aye Thi Mon မှ ရေးသားသည်။ · 08/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်ကလေး EQ ကောင်းစေမည့် နည်းလမ်းများ

    သင့်ကလေး EQ ကောင်းစေမည့် နည်းလမ်းများ အကြောင်း ပြောပြပေးချင်ပါတယ်။ ခုနောက်ပိုင်းမှာ EQ ဆိုတဲ့ စကားက လူသုံးများလာပါပြီ။ အရှည်ကတော့ emotional quotient လို့ ခေါ်ပါတယ်။ အလွယ်ပြောရရင် စိတ်ခံစားမှု ထိန်းသိမ်းနိုင်စွမ်းပေါ့။ အရင်ကတော့ သူဘယ်လောက် “တော်” လဲပဲ စိတ်ဝင်စားကြတာပါ။ ခုတော့ သူဘယ်လောက် “ကောင်း”လဲ ကိုပါ စိတ်ဝင်စား လာကြပါပြီ။

    ခုခေတ်မှာက အရင်ကထက် အပြိုင်အဆိုင်တွေ၊ စိတ်ဖိစီးမှုတွေ ပိုများလာပါတယ်။ ဒါတွေကို ကိုင်တွယ်ဖို့ စိတ်ကိုယ်ခံအား ကောင်းနေဖို့ လိုပါတယ်။

    သင့်ကလေး EQ ကောင်းစေမည့် နည်းလမ်းများ

    မြင်သာအောင် ပြောရရင် ဖေ့စ်ဘုတ်မှာ သတင်းတစ်ခု တက်လာပြီဆိုရင် အောက်က သေချာမသိဘဲ ဝိုင်းဆဲ ကြပါတယ်။ တကယ်ဆို သတင်းက အမှန်လား၊ ဒါဖြစ်နိုင်လား ဆိုတာတောင် မစဉ်းစားဘဲ ဝိုင်းဆဲကြပါတယ်။

    တစ်ခါ အိမ်မှာ တစ်ခုခု အဆင်မပြေလာဘူးဆိုရင် ရုံးရောက်တဲ့အခါ သူများကို ပတ်ရမ်းပါတော့တယ်။ ဒီလူတွေကို ကြည့်မယ်ဆိုရင် ပညာမတတ်လို့လား။ မဟုတ်ပါဘူး။ သူတို့အားလုံးက လူတော်တွေပါ။ ဒါပေမယ့် EQ မကောင်းလို့ ဒီလိုဖြစ်ရတာပါ။

    ဒါကြောင့် ဒီခေတ်မှာ EQ ကောင်းအောင် လုပ်ဖို့ ပညာရှင်တွေက အကြံပေးလာကြတာပါ။ ဒါဆို ဘယ်အရွယ်မှ စလုပ်ကြမလဲ။

    ကလေးဘဝထဲက စလုပ်ပါတဲ့။ ကလေးဘဝတည်းက EQကောင်းအောင် သင်ထားပေးရင် ဒီကလေးတွေက ကြီးလာတဲ့အခါ ပေါင်းသင်းဆက်ဆံရေးကောင်းပြီး ကြင်နာတတ်တဲ့ လူကြီးတွေ တစ်နည်းအားဖြင့် “လူကောင်း” လေးတွေ ဖြစ်လာမှာပါ။

    ဒီတော့ လက်ဦးဆရာတွေ ဖြစ်တဲ့ မိဘတွေအနေနဲ့ ကိုယ့်ကလေးကို EQကောင်းအောင် ဘယ်လို ပျိုးထောင်မလဲ။ ဆက်ကြည့်ရအောင်။

    ကလေး EQ ကောင်းအောင် ဘယ်လို သင်ကြမလဲ။

    သင့်ကလေး ခံစားနေရတာနဲ့ ပတ်သတ်ပြီး ဘာမှမလုပ်ပေးနိုင်ရင်တောင်မှ ကိုယ်ချင်းစာပါ။ သူတို့ကို နားလည်ပေးလိုက်တာက သူတို့ခံစားနေရတာကို သက်သာစေပါတယ်။ တကယ်လို့ ကလေးက ဖြစ်သင့်တာထက် ပိုခံစားနေရပြီဆိုရင် သူ့မှာ ခံစားနေရတာတွေ များနေပြီဆိုတာ သတိပြုပါ။ ရင်ထဲမှာ မြိုသိပ်နေရတာများနေလို့ပါ။ သူခံစားနေရတာကို ဖွင့်ထုတ်ခိုင်းပါ။ ဘယ်လိုနည်းလမ်းနဲ့ ရင်ဖွင့်ရမယ်ဆိုတာကို သင်ပေးပါ။

    ကိုယ်ချင်းစာတယ်ဆိုတာ သူခံစားနေရတာကို သဘောတူတာ မဟုတ်ပါဘူး။ သူ့ဘက်ကိုလည်း နားလည်တယ်ဆိုတဲ့ အမြင်ကို ပြောချင်တာပါ။ ဆိုပါစို့ ကလေးက သူ့အဖေအလုပ်သွားတာကို မလိုက်ရလို့ ငိုတယ်၊ ဒေါသ ဖြစ်တယ်ပေါ့။ ဒီအချိန်မှာ ဒီလိုငိုတာက မမှန်ဘူး။ ဒါကို သဘောမတူဘူး။ ဒါပေမယ့် အဖေကို ချစ်တာကို နားလည်တယ်ဆိုတဲ့ သဘောမျိုး ပြရမှာပါ။

    သူကတော့ သင်ပြောတဲ့အတိုင်း မလိုက်နဲ့ဆို မလိုက်ရဘူးလေ။ သင်က လူကြီးကိုး။ ဒါပေမယ့် တစ်ယောက်ယောက်က သင့်ကို နားလည်တယ်၊ ကိုယ်ချင်းစာတယ်ဆိုရင် ခံစားရတာ သက်သာတာပဲမလား။

    ကောင်းကျိုးတွေကတော့

    • ဒီလို ငယ်ငယ်တည်းက နှစ်သိမ့်ခံရတဲ့ ကလေးတွေက ကြီးလာတဲ့အခါ ကိုယ့်ကိုယ်ကိုရော သူများကိုပါ နှစ်သိမ့်တတ်ပါတယ်။

    • သူတို့ရဲ့ ခံစားချက်ကို ဖော်ပြဖို့၊ နာမည်ပေးဖို့ အကောင်းဆုံး သင်ပေးတဲ့ နည်းလမ်းလည်း ဖြစ်ပါတယ်။

    ခံစားချက်တွေ ဖော်ပြခိုင်းပါ။

    ကလေးတွေက သူတို့ ခံစားရတာနဲ့ သူတို့ဖြစ်ချင်တာနဲ့ ကောင်းကောင်းမခွဲနိုင်သေးပါဘူး။ ဒါကြောင့် သူတို့ ခံစားချက်ကို ဖော်ပြတဲ့အခါမှာ မတားပါနဲ့။ ဘယ်လို ခံစားချက်တွေက ရှက်ဖို့ကောင်းတယ်။ မကောင်းဘူးဆိုတာကို ပြောပြပေးပါ။

    သူတို့ ခံစားချက်ကို တားလိုက်တာက ခံစားချက်ကို မပျောက်စေပါဘူး။ အခန့်မသင့်ရင် ပိုတောင် ဆိုးစေပါတယ်။ ဒီအစား ဘယ်လိုခံစားချက်က ဘယ်လိုဆိုတာ သင်ပေးပါ။ တချို့ ခံစားချက်တွေက လူကြားထဲမှာ မဖော်ပြသင့်ဘူး ဆိုတာပေါ့။

    ဥပမာပြောရရင် အငယ်လေးက သူ့အရုပ်ကို ဖျက်ဆီးလိုက်လို့ စိတ်တိုပြီး ရိုက်လိုက်တယ်။ ဒီအချိန်မှာ သူတို့ သိတာက သူတို့ ဒီလိုလုပ်တာကို မကြိုက်ဘူး။ ဒါကြောင့် ရိုက်လိုက်တယ်။ ဒါပါပဲ။ မှားလား မှန်လား မသိပါဘူး။ သင်လုပ်ရမှာက ဒါနဲ့ ပတ်သတ်ပြီး စိတ်တိုတာကို နားလည်တယ်။ ဒါပေမယ့် ညီလေးကို ရိုက်လို့ မရဘူးဆိုတာ နားလည်အောင် ပြောရမှာပါ။

    ဒီလို လုပ်တဲ့အတွက်

    • ကလေးက သူ့စိတ်သူ နားလည်လာမယ်။ နောက်တစ်ခေါက်ဆို ဒေါသထွက်ရင်တောင်မှ ညီလေးကို ရိုက်တော့မှာ မဟုတ်ပါဘူး။ တဖြည်းဖြည်းနဲ့ သူ့စိတ်ကို ထိန်းလာနိုင်ပါလိမ့်မယ်။

    • သင်က သူ့ခံစားချက်ကို လက်ခံပေးတဲ့အတွက် ဒီလိုမျိုး ဒေါသထွက်တတ်တာ၊ ဝမ်းနည်းတတ်တာ သူတစ်ယောက်တည်း မဟုတ်ဘူး။ သူများတွေလည်း ဒီလိုပဲ။ သူက ထူးဆန်းနေတာ မဟုတ်ဘူးဆိုတာ နားလည်လာပါလိမ့်မယ်။

  • ကလေးပြောတာကို နားထောင်ပေးပါ
  • ခံစားချက်ဆိုတာ မဖွင့်ထုတ်သရွေ့ ပျောက်သွားမှာ မဟုတ်ပါဘူး။ ကလေးက ၆လပဲ ဖြစ်ဖြစ် ၁၆နှစ်ပဲ ဖြစ်ဖြစ် သူပြောတာကို နားထောင်စေချင်တဲ့ ဆန္ဒရှိပါတယ်။ သူရင်ဖွင့်လိုက်ရရင် ပေါ့သွားပြီး အလုပ် ဆက်လုပ်နိုင်မှာပါ။ ပြီးတော့ ဒီလို ပြောပြတတ်တဲ့ ကလေးတွေက သူများကို ပိုပြီး သနားတတ်သလို ကိုယ်ချင်းလည်း စာတတ်ပါတယ်တဲ့။

    ဒီလို ပြောဖို့ အတွက်ဆိုရင် သင်က သူ့ကို စိတ်ဝင်တစား နားထောင်မှ ဖြစ်မှာပါ။ အေးအေးဆေးဆေး တစ်နေရာကို သွားပြီး သူတို့ခံစားရသမျှကို ပြောပါစေ။ သင်လုပ်ရမှာက တစ်ခုတည်းပါ။ စိတ်ဝင်တစား နားထောင်လိုက်ပါ။ ကလေးတွေရဲ့ မသိစိတ်ကနေ သူ့အလိုလို ပြဿနာကို ဖြေရှင်းပြီးသား ဖြစ်သွားပါလိမ့်မယ်။

    ဥပမာပြောရရင် ကလေးက ဘာကြောင့်မှန်းမသိ ငိုယို သောင်းကျန်းနေတယ် ဆိုပါစို့။ သူ့ကို “ကလေးဆိုတာ ဒီလိုပဲ။ တစ်ခါတစ်လေ စိတ်ညစ်စရာရှိတတ်တယ်။ မေမေဒီမှာရှိတယ်။ သမီး ခံစားနေရတာကို ပြောပြလို့ရတယ်” ဆိုတာမျိုး လမ်းဖွင့်ပေးလိုက်ပါ။

    ဒါမှ ကလေးတွေက ခံစားချက်ဆိုတာ ဒီလိုပြောလို့ရတာပါလားဆိုတာ သိလာမယ်။ နောက်ကြီးလာရင်လည်း ခံစားချက်ကို မြုံထားမှာ မဟုတ်တောာ့ပါဘူး။ နည်းမှန်လမ်းမှန်နဲ့ ဖော်ပြတတ်လာမှာပါ။

    သင့်ကလေး EQ ကောင်းစေမည့် နည်းလမ်းများ

    ခံစားချက်ဆိုတာ ကိုယ့်ကို အချက်ပြတာပါ။ ဒီထဲမှာ နစ်မြုပ်နေဖို့ မဟုတ်ပါဘူး။ ဒါတွေဟာ ပြဿနာ မဟုတ်ဘူး။ ကလေးတွေကို ဒါကို လိုက်ပါ ခံစားမနေဘဲ အရှိကို အရှိအတိုင်း လက်ခံခိုင်းပါ။ ဒီလို လက်ခံလိုက်ပြီဆိုတာနဲ့ သူတို့ခံစားနေရတာ ဘာမှမဟုတ်ဘူးဆိုတာ သိသွားပါလိမ့်မယ်။

    ဒီလို လုပ်ဖို့အတွက် တစ်ခါတစ်လေ သင်က ကူညီပေးဖို့ လိုပါမယ်။ များသောအားဖြင့်တော့ သူတို့ကို ကိုယ့်ဟာကိုယ် ဖြေရှင်းဖို့ အခွင့်အရေး ပေးလိုက်ပါ။

    ဥပမာ ပြောရရင် “သားသူငယ်ချင်းက သားကို အလှည့်မပေးလို့ စိတ်ဆိုးနေတာလား။ တစ်ခါတစ်လေ သားစိတ်တိုလွန်းလို့ သူနဲ့ မဆော့ချင်တော့ဘူးမလား။ ဒါပေမယ့် သားသူ့ကို ခင်တယ်လေ။ သူနဲ့ ဆော့ရတာ ကြိုက်တယ်မလား။ သားခံစားနေရတာကို သူနားလည်အောင် သားဘယ်လိုပြောမလဲ” ဆိုတာမျိုး လမ်းဖွင့် ပေးသင့်ပါတယ်။

    ဒါက ကလေး EQ ကောင်းအောင် လုပ်ပေးနိုင်တဲ့ နည်းလမ်းတွေပါ။ ဒါပေမယ့် စစချင်းမှာ ဒီလို လုပ်ဖို့ ခက်ခဲပါလိမ့်မယ်။ ကလေးကို လူကြီးလိုမျိုး ဒီလိုလုပ်ပါလို့ ခိုင်းလို့ မရပါဘူး။ သူတို့ကို စိတ်မညစ်စေဘဲ ဘယ်လိုမျိုးသင်ပေးမလဲ။ နည်းလမ်းလေးတွေ ဆက်ကြည့်ရအောင်။

    EQ ကောင်းစေမည့် ဂိမ်းကစားနည်းများ

    • အလှည့်နဲ့ ဆော့ခိုင်းပါ။

    ကလေးတွေ နဂိုစိတ်ရင်းက ကြင်နာတတ်ပေမယ့် လူစိမ်းနဲ့ ဆိုရင်တော့ ရှက်သလို ကြောက်သလို ဖြစ်နေပါတယ်။ ဒီလို မဖြစ်ဖို့ တစ်ယောက်တစ်လှည့်စီ အပြန်အလှန် ဘောလုံးလိမ့်တာမျိုး၊ အရုပ်ပစ်ပေးတာမျိုး ဆော့ခိုင်းပါ။ ဒါက ကလေးက တစ်ယောက်ယောက်နဲ့ မျှဝေတတ်တဲ့ အကျင့်ရမှာပါ။

    • ပြဇာတ်လိုမျိုး လုပ်ပြီး ကစားပါ။

    တခြားသူတွေနဲ့ ပေါင်းသင်းဆက်ဆံရေး ကောင်းဖို့၊ ကိုယ်ရဲ့ အရှိအတိုင်း လက်ခံနိုင်တဲ့ အကျင့်ရဖို့ ဒီလိုပြဇာတ်လေးတွေမှာ သရုပ်ဆောင်ခိုင်းပါ။ တစ်ယောက်နဲ့ တစ်ယောက် ချိတ်ဆက်ပြီး လုပ်ရတဲ့အပြင် ကိုယ်ကျရာ သရုပ်ဆောင်အတိုင်း သရုပ်ဆောင်ရတာက ကလေးကို အများနဲ့ အလုပ်လုပ်တတ်ဖို့ အထောက်အကူဖြစ်ပါတယ်။

    • အပြန်အလှန် စကားပြောခိုင်းပါ

    နှစ်ယောက် အပြန်အလှန် စကားပြောခိုင်းတာက ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်စေသလို လူကြောက်တာမျိုးလည်း မဖြစ်စေပါဘူး။ အကြောင်းအရာတစ်ခုကို အပြန်အလှန် စကားပြောစေတာက ကလေးကို ဉာဏ်ကောင်းစေသလို ပေါင်းသင်းဆက်ဆံရေးကိုလည်း ကောင်းစေပါတယ်။ နောက်ပိုင်း ကလေးကြီးလာတဲ့အခါ တစ်ယောက်ယောက်နဲ့ စကားပြောရမှာ ကြောက်တာမျိုး ဖြစ်မနေတော့ပါဘူး။

    အသင်းအဖွဲ့နဲ့ ကစားခိုင်းပါ။

    အသင်းဖွဲ့ပြီး ကစားခိုင်းတာက အသင်းအဖွဲ့နဲ့ လုပ်တတ်တဲ့ အလေ့အကျင့် ရပါတယ်။ နိုင်ရင်လည်း နိုင်တဲ့အလျောက် ရှုံးရင်လည်း ရှုံးတဲ့အလျောက် ခံစားချက်ကို နားလည်အောင်၊ လက်ခံအောင် သင်ပေးနိုင်ပါတယ်။ ဒါမှ ကြီးလာတဲ့အခါ ကလေးက အနိုင်အရှုံးကို ကိုင်တွယ်နိုင်မှာပါ။

    စာဖတ်ခိုင်းပါ။

    စာဖတ်တတ်သည် ဖြစ်စေ၊ မဖတ်တတ်သည် ဖြစ်စေ စာအုပ်ကို ရှေ့ချပေးလိုက်ပါ။ ပုံကြည့်တာပဲ ဖြစ်ဖြစ်၊ လျှောက်ခြစ်တာပဲ ဖြစ်ဖြစ် တစ်ခုခုလုပ်ပါစေ။ လိုရင်းက စာအုပ်နဲ့ ရင်းနှီးပြီး စာဖတ်ရမှာ မကြောက်ဖို့ပါပဲ။ ငယ်ငယ်ကတည်းက စာအုပ်ဖတ်တဲ့ ကလေးတွေက သင်ယူနိုင်စွမ်း ပိုကောင်းတာကြောင့် IQရော EQပါ တိုးတက်လာမှာပါ။

    သင့်ကလေး EQ ကောင်းစေမည့် နည်းလမ်းများ

    ခုခေတ်မှာ မေမေတို့ ကလေးကို ကကြီး ခခွေး သင်ပေးဖို့ထက် EQကောင်းအောင် သင်ပေးဖို့က ပိုပြီး အဓိက ကျလာပါပြီ။ စာသင်ပေးတာက လူတော်ပဲ ဖြစ်မှာပါ။ EQ ကောင်းမှ လူကောင်းလေး ဖြစ်မှာပါ။ ကိုယ့်ကလေး လူတော်လူကောင်းလေး ဖြစ်ဖို့ ဖေဖေ မေမေတို့က စပြီးသင်ကြားပေးရမှာပါ။ ကလေးတွေအားလုံး IQ ရော EQ ရော ကောင်းမွန်ပြီး ဘက်စုံထူးချွန်ကလေးများ ဖြစ်ကြပါစေ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Htet Htet Zaw Win

    အထွေထွေရောဂါကုဆရာဝန် · HHG


    Aye Thi Mon မှ ရေးသားသည်။ · 08/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement