backup og meta

ကိုယ်ဝန်ဖျက်ချမှုဟာ တရားဝင်သလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 15/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်ဝန်ဖျက်ချမှုဟာ တရားဝင်သလား

    အခုတလော ဆိုရှယ်မီဒီယာတွေမှာ ကိုယ်ဝန်ဖျက်ဆေးတွေ၊ ကိုယ်ဝန်ဖျက်နည်းတွေကို ပြောင်ပြောင်တင်းတင်းရေးသားလာကြတာကို တွေ့လာရပါတယ်။ ကိုယ်ဝန်ဖျက်ချမှုဟာ တရားဝင်သလား ဆိုတာ နဲ့ ဥပဒေရှုထာင့်၊ လူမှုရေးရှုထောင့် ဘယ်လိုရှိပါသလဲ။

    ကိုယ်ဝန်ဖျက်ချမှုဟာ တရားဝင်သလား

    ကိုယ်ဝန်ဖျက်ချမှုဟာ တရားဝင်သလား ဆိုတော့ ကိုယ်ဝန်ဖျက်ချခြင်းဟာ ကမ္ဘာ့နိုင်ငံအသီးသီးမှာ မတူညီတဲ့ ယဉ်ကျေးမှုစံနှုန်းတွေ၊ နောက်ခံအခြေအနေတွေအရ ရှုမြင်ပုံ အမျိုးမျိုးကွဲပြားပါတယ်။ မြန်မာနိုင်ငံမှာဆိုရင်လည်း ဘာသာရေးအရ သူတစ်ပါးအသက်နဲ့ သက်ဆိုင်တဲ့ကိစ္စဖြစ်လို့ မကောင်းမှုတစ်ခုအနေနဲ့ ယူဆထားပါတယ်။

    ဥပဒေနှင့် မညီပါ

    ပထမဆုံးတင်ပြချင်တာကတော့ မြန်မာနိုင်ငံမှာ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၁၂ အရ ကိုယ်ဝန်ဖျက်ချခြင်းကို တားမြစ်ထားပါတယ်။ ထောင်ဒဏ် (၃) နှစ်ကျခံနိုင်တဲ့ ဥပဒေဖြစ်ပါတယ်။ ကိုယ်ဝန်ရင့်မာချိန် ကလေးလှုပ်ပြီဆိုရင် (၇)နှစ်ထိ ကျခံနိုင်ပြီး တရားမဝင်ကိုယ်ဝန်ဖျက်ချချိန်မှာ မိခင်သေဆုံးရင် ပြစ်ဒဏ်ပိုများသွားပါတယ်။ နောက်တစ်ချက်က မိမိကိုယ်ဝန်ကိုပျက်ကျစေဖို့ ကိုယ်တိုင်အားထုတ်တယ်ဆိုရင် ကိုယ်ဝန်ဆောင်အမျိုးသမီးဟာလည်း ဒီပုဒ်မနဲ့ အကျုံးဝင်မှာ ဖြစ်ပါတယ်။

    ဒါဆိုရင် မြန်မာပြည်မှာ တရားဝင်ကိုယ်ဝန်ဖျက်ချခွင့် ဘယ်အခြေအနေတွေမှာရှိပါသလဲ..

    ခြွင်းချက်တော့ ရှိပါတယ်။ မိခင်ရဲ့ အသက်ကို ကယ်ဆယ်ဖို့ လိုအပ်တဲ့အခြေအနေမှာ သဘောရိုးနဲ့ ကိုယ်ဝန်ပျက်စေခြင်း တစ်နည်းဆိုရင် ကုသတဲ့သဘောနဲ့ ကိုယ်ဝန်ဖျက်ချခြင်း (Therapeutic abortion) တော့ ဥပဒေအရ ခြွင်းချက်ပေးထားပါတယ်။ ဒီနေရာမှာ သဘောရိုးဆိုတဲ့ စကားလုံးဟာ ဥပဒေအသုံးအနှုန်းဖြစ်ပြီး အဓိပ္ပာယ်ကို ဆွဲဆန့်ကြည့်ရင် မိခင်ရဲ့အသက်ကို ကူညီကယ်ဆယ်လိုတဲ့ရည်ရွယ်ချက်နဲ့ ဆေးကုသခွင့်လိုင်စင်ရ ဆရာဝန်များနဲ့ အစိုးရဆေးရုံတွေမှာပဲ ပြုလုပ်ခြင်းအားဖြင့် အကျုံးဝင်တယ်ဆိုတဲ့သဘော သက်ရောက်ပါတယ်။

    အရေးပေါ်ကျန်းမာရေးအခြေအနေအတွက်သာဖြစ်ပြီး လူမှုရေး၊ စီးပွားရေး တခြားကိစ္စတွေကို တရားဝင်ခွင့်ပြုမထားပါဘူး။

    တစ်ခါက ဆိုရှယ်မီဒီယာပေါ်မှာ ငြင်းကြခုန်ကြဖြစ်ဖူးကြပါတယ်။ တချို့သော လူမှုရေးပြဿနာတွေ (ဥပမာ မုဒိန်းမှုကြောင့်ရတဲ့ ကိုယ်ဝန်) ကို ထည့်စဉ်းစားသင့်တယ်လို့ အကြောင်းပြကြပါတယ်။ အဲဒီကိစ္စရဲ့ အဖြေကတော့ လတ်တလောဥပဒေအရ မြန်မာနိုင်ငံမှာ မရပါလို့ ဆိုရမှာပါပဲ။

    ဘယ်နိုင်ငံတွေမှာ ရသလဲ၊ သူတို့ဆီမှာ ကွာခြားမှုတွေရှိသလဲ

    မြန်မာနိုင်ငံမှာမရဘူးဆိုတော့ ဘယ်နိုင်ငံတွေမှာရသလဲ။ အိမ်နီးချင်း အိန္ဒိယနိုင်ငံမှာ လူမှုရေးပြဿနာတွေကြောင့် တရားဝင်ကိုယ်ဝန်ဖျက်ချခွင့် ပေးထားပါတယ်။ ဥပမာ မုဒိန်းမှုကြောင့်ရတဲ့ ကိုယ်ဝန်၊ မသန်မစွမ်းကလေးမွေးမှာ သေချာနေတဲ့ကိုယ်ဝန်၊ နောက်ဆုံး သန္ဓေတားနေလျက်က မလိုချင်ဘဲ ရသွားတဲ့ကိုယ်ဝန် စတာတွေကို တရားဝင်ဖျက်ချခွင့် ပြုထားပါတယ်။

    လူဦးရေများပြားတဲ့အပြင် ဇာတ်နိမ့်မြင့်ပြဿနာတွေနဲ့ လူမှုရေးကိစ္စအလွန်များပြားတဲ့ အိန္ဒိယဟာ ၁၉၇၁ မှာ Medical Termination act of Pregnancy 1971 ကို ပြဋ္ဌာန်းပြီး ကိုယ်ဝန်ဖျက်ချခွင့်မှာ ကင်းလွတ်ခွင့်တွေ အများကြီးပေးခဲ့ပါတယ်။ ဒီဥပဒေသစ်ဟာ အိန္ဒိယမှာ ပြည်နယ်၂ခုကလွဲလို့ တစ်နိုင်ငံလုံးမှာ ကျင့်သုံးခဲ့ပါတယ်။

    တရုတ်နိုင်ငံမှာဆိုရင် အရင်က မိခင်ရဲ့ လက်ငင်းအသက်အန္တရာယ်ကို ကယ်တင်ဖို့ ရည်ရွယ်ချက်တစ်ခုအတွက်ပဲ ကိုယ်ဝန်ဖျက်ချခွင့်ရှိပါတယ်။ နောက်ပိုင်းမှာ ကျန်းမာရေးအခြေအနေတွေမှာ ဖျက်ချခွင့်ပေးလာပါတယ်။ တစ်အိမ်ထောင် ကလေးတစ်ယာက်ပေါ်လစီပေါ်လာပြီးနောက်ပိုင်းမှာတော့ မိခင်ရဲ့ မေတ္တာရပ်ခံမှုနဲ့ ဖျက်ချလာတာကို တွေ့ရပါတယ်။

    နောက်ပြဿနာတစ်ခုကတော့ sex-selective abortion လို့ခေါ်တဲ့ မွေးလာမယ့်ကလေးဟာ ယောက်ျားလေးလား၊ မိန်းကလေးလားဆိုတာအပေါ်မူတည်ပြီး ကိုယ်ဝန်ဖျက်ချခြင်း ဖြစ်ပါတယ်။ တရုတ်ပြည်မှာတော့ မိန်းကလေးကိုယ်ဝန်ဖျက်ချခံရမှု အများဆုံးလို့ စာရင်းဇယားတွေအရ သိရပါတယ်။

    ဥရောပမှာတော့ ပိုလန်နိုင်ငံကလွဲလို့ ကျန်နိုင်ငံတွေမှာ တော်တော်လေးလျှော့ပေါ့ထားပါတယ်။ တချို့နိုင်ငံတွေမှာ request နဲ့တောင် ခွင့်ပြုပေးထားတာကို တွေ့ရပါတယ်။ သူတို့နိုင်ငံတွေမှာက Human rights ကို အဓိကထားတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် မော်လ်တာနိုင်ငံနဲ့ ဗာတီကန်စီးတီးမှာ လုံးဝခွင့်မပြုထားပါဘူး။

    အရှေ့တောင်အာရှနိုင်ငံတွေမှာတော့  မြန်မာ၊ ဘရူနိုင်း၊ ဖိလစ်ပိုင်၊ အရှေ့တီမော စတဲ့နိုင်ငံတွေမှာ မိခင်ရဲ့အသက်ကို ကယ်ဆယ်ဖို့လိုတဲ့အချိန်ကလွဲလို့ ကျန်တဲ့အကြောင်းပြချက်တွေအတွက် ခွင့်မပြုထားပါဘူး။ စင်္ကာပူ၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင် စတဲ့နိုင်ငံတွေမှာတော့ မိခင်ရဲ့မေတ္တာရပ်ခံချက်နဲ့ဆိုရင် ဘယ်အကြောင်းကြောင့်ဖြစ်ဖြစ် ခွင့်ပြုပေးထားတာကို တွေ့နိုင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 15/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement