backup og meta

ဝှေးစေ့ တစ်လုံးနဲ့ တစ်လုံးမညီတာ သဘာဝပဲလား


Arkar Hein မှ ရေးသားသည်။ · 10/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဝှေးစေ့ တစ်လုံးနဲ့ တစ်လုံးမညီတာ သဘာဝပဲလား

    ဒီမေးခွန်းရဲ့ အဖြေကို ဖြေရမယ်ဆိုရင်တော့ ဝှေးစေ့နဲ့ တစ်လုံး မတူညီကြတာ လုံးဝသာမန်ပဲ ဖြစ်ပါတယ်။ လူအများစုမှာတော့ ညာဘက်ဝှေးစေ့က အနည်းငယ် ပိုကြီးနေပြီး ဘယ်ဘက်ဝှေးစေ့ကတော့ အနည်းငယ်နိမ့်ဆင်းနေတာကို တွေ့ရမှာပါ။

    ဒီလို ဝှေးစေ့ တစ်လုံးနဲ့တစ်လုံး အရွယ်အစား မတူတာက တစ်ခါတစ်ရံမှာ ရောဂါလက္ခဏာ တစ်ခုကို ညွှန်ပြနေတာဖြစ်ပေမဲ့ ဖြစ်ရပ်အများစုမှာတော့ သာမန်ပဲဖြစ်ပါတယ်။ တကယ်လို့ ဝှေးစေ့ တစ်လုံးက နာကျင်နေမယ်၊ ပုံစံပြောင်းနေမယ်ဆိုရင် လူနာအနေနဲ့ ဆရာဝန်ထံအမြန်ဆုံးသွားရောက်ပြသသင့်ပါတယ်။

    ဒီဆောင်းပါးလေးထဲမှာတော့ ကျွန်တော် Hellosayarwon ပရိတ်သတ်ကြီး အတွက် ဝှေးစေ့တစ်လုံးက နောက်တစ်လုံးထက် ကြီးနေရခြင်း အကြောင်းရင်းတွေ၊ ရောဂါတွေ၊ ကုသမှုတွေနဲ့

    ကိုယ်ဝှေးစေ့က ပုံမှန်ဟုတ်ရဲ့လားဆိုတာ အိမ်မှာ မိမိကိုယ်တိုင် စစ်ဆေးနိုင်တဲ့ နည်းလမ်းတွေကို ဖော်ပြပေးသွားမှာပါ။

    ဝှေးစေ့တစ်လုံးနဲ့ တစ်လုံးမတူရခြင်းအကြောင်းရင်းများ

    ဘာ ရောဂါမှ မရှိဘဲ ဝှေးစေ့တစ်လုံးက တစ်ခြားတစ်လုံးထက်ကြီးနေတာဟာ သဘာဝပဲဖြစ်ပါတယ်။ ဒီလို ဝှေးစေ့ကြီးနေရခြင်းအတွက် အကြောင်းရင်းများစွာ ရှိနိုင်ပါတယ်။ အဲ့ဒါတွေကတော့

    သုတ်သယ်ပြွန်ရောင်ခြင်း။ (Epididymitis )

    သုတ်သယ်ပြွန်ဆိုတာ ဝှေးစေ့နောက်က ပြွန်ကိုပြောတာဖြစ်ပါတယ်။ Epididymitis ကတော့ ဒီပြွန်တွေရောင်ကားလာတဲ့ ဖြစ်စဉ်ကိုပြောတာဖြစ်ပြီး ကူးစက်ရောဂါ ခံစားရခြင်းကြောင့် ဖြစ်ရတာပါ။ ဒီလို ပြွန်တွေရောင်ကားလာခြင်းဟာ STI (sexually transmitted infection) ရောဂါတစ်မျိုးဖြစ်တဲ့

    chlamydia ကူးစက်ခံရခြင်းရဲ့ လက္ခဏာ ဖြစ်ပါတယ်။ အောက်ပါဝေဒနာတွေခံစားနေရပြီဆိုရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံးသွားရောက်ပြသသင့်ပါတယ်။

    • ဆီးသွားချိန်နာကျင်ခြင်း။
    • လိင်တံမှ ပြည်များထွက်လာခြင်း။
    • ဝှေးစေ့များရောင်ကိုင်းလာခြင်း

    ဝှေးစေ့ရောင်ခြင်း။ (Orchitis)

    ဘတ်တီးရီးယား (သို့) ဗိုင်းရပ်စ် တစ်မျိုးကြောင့် ဝှေးစေ့ရောင်ခြင်း ဖြစ်ရတာပါ။ ဝှေးစေ့နှစ်လုံးလုံး ရောင်ကိုင်းနိုင်ပေမဲ့ Orchitis ဖြစ်တဲ့ အခါ ဝှေးစေ့တစ်လုံးတည်းမှာပဲ ရောဂါလက္ခဏာ ပြပါတယ်။ ဒီဝှေးစေ့ရောင်တဲ့ ဖြစ်စဉ်မျိုးဟာ တစ်ခါတစ်ရံမှာ ပါးချိပ်ရောင်နာ ဗိုင်းရပ်စ်ကြောင့်လည်း သက်ဆိုင်နေပါသေးတယ်။ တကယ်လို့ တစ်ယောက်ယောက်က ဝှေးစေ့ နာကျင်ပြီး ရောင်ကိုင်းနေတယ်ဆိုရင် ဆရာဝန်နဲ့ အမြန်ဆုံးသွားရောက်ပြသသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီရောဂါက ဝှေးစေ့တွေကို ပျက်စီးစေနိုင်လို့ပါ။

    သုတ်ပြွန်များ ပြည်တည်ခြင်း။

    spermatocele ဆိုတာ ဝှေးစေ့ တစ်လုံးချင်းစီရဲ့ အပေါ်မှာရှိတဲ့သုတ်သယ်ပြွန်မှာ ပြည်တည်နေတာကို ခေါ်တာဖြစ်ပါတယ်။ ဒီပြည်တည်အိတ်ထဲမှာ သုတ်ကောင်တွေပါဝင်နေသေးပေမဲ့ အသက်တော့မရှင်တော့ပါဘူး။ သုတ်သယ်ပြွန်ပြည်တည်နေပြီဆို ဝှေးစေ့ရဲ့ အထက်ကပ်ပယ်အိတ်နားမှာ အဖုလေး တစ်ဖု ဖြစ်နေတာကိုတွေ့ရမှာဖြစ်ပါတယ်။ သုတ်သယ်ပြွန်မှာ ပြည်တည်ခြင်းက အမျိုးသားတစ်ယောက်ရဲ့ သန္ဓေအောင်နိုင်စွမ်းကို မထိခိုက်နိုင်ပါဘူး။

    ပြည်တည်ခြင်း။

    ပြည်အိတ်ဆိုတာ အရည်တွေပြည့်နေတဲ့ အိတ်ပါးပါး တစ်လုံးကိုပြောတာပါ။ သုတ်သယ်ပြွန် ပြည်တွေကတော့ သုတ်သယ်ပြွန်ထဲ အရည်ပိုများစုမိရင် ဖြစ်ပေါ်နိုင်ပါတယ်။ ဒါ့အပြင် ဒီပြည်တွေဟာ သုတ်သယ်ပြွန်ကြီးထွားနေတဲ့ အချိန်မှာလည်း ဖြစ်ပေါ်တတ်ပါတယ်။ ဒီပြည်တည်တာတွေဟာ အန္တရာယ်မရှိဘဲ များသော အားဖြင့် နာကျင်ခြင်းမရှိတဲ့အတွက် ကုသစရာကိုမလိုပါဘူး။ သူ့ဘာသာပျောက်ကင်းသွားတတ်ပါတယ်။ ဒါပေမဲ့ သုတ်သယ်ပြွန် ပြည်တည်ခြင်းကြောင့် နေရထိုင်ရ အဆင်မပြေဖြစ်လာပြီဆိုရင် ခွဲစိတ်ပြီး ကုသနိုင်ပါတယ်။

    hydrocele ။

    ဟိုက်ဒရိုဆီလ် ဆိုတာကတော့ ဝှေးစေ့ကို ဖုံးအုပ်ပေးထားတဲ့ အကာမှာ အရည်တွေ စုမိလာတဲ့ အခါမှာ ကပ်ပယ်အိတ်ရောင်ကိုင်းလာခြင်း ဖြစ်စဉ်ကိုခေါ်တာ ဖြစ်ပါတယ်။ Hydrocele ဟာ မွေးကင်းစ ကလေးတွေမှာ အဖြစ်များပြီး အသက် ၁ နှစ်လောက်အရွယ်ရောက်တဲ့ အချိန်မှာတော့ ဘာမှကုသစရာမလိုဘဲ ပျောက်ကင်းသွားတတ်ပါတယ်။ သို့ပေမဲ့ ဒီထက် အရွယ်ပိုကြီးတဲ့ ကလေးတွေနဲ့ လူကြီးအရွယ်တွေလဲ ကပ်ပယ်အိတ်အတွင်း ဒဏ်ရာရတာမျိုး၊ ရောင်ကိုင်းတာမျိုးကြောင့် Hydrocele ဖြစ်နိုင်ပါသေးတယ်။ ပုံမှန်အားဖြင့် Hydrocele ဟာ ကုသဖို့ မလိုအပ်ပေမဲ့ ဒဏ်ရာရတာမျိုး၊ ရောင်ကိုင်းတာမျိုးကြောင့် ဖြစ်တဲ့ အခါကြရင်တော့ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါတယ်။

    varicocele ။

    ဗာရီကိုဆီလ် ဟာ သင်ဝှေးစေ့များကို ထိန်းပေးထားတဲ့ ကပ်ပယ်အိတ်ထဲမှာရှိတဲ့ သွေးပြန်ကြောတွေ ကြီးထွားခြင်း ဖြစ်စဉ်ကိုခေါ်တာပါ။ ဗာရီကိုဆီလ်ဟာ ခြေသလုံးမှာ သွေးကြောထုံးတဲ့ ဖြစ်စဉ်နဲ့ ဆင်တူပါတယ်။ ဗာရီကိုဆီလ်ဖြစ်တဲ့ အခါ သုတ်ကောင်ထုတ်လုပ်ခြင်းလုပ်ငန်းများနဲ့ သုတ်ကောင်အရည်အသွေးတို့ ကျဆင်းသွားတဲ့ အတွက် သန္ဓေမအောင်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် ဗာရီကိုဆီလ် ဟာ ဝှေးစေ့တွေ ပုံမှန်အတိုင်းကြီးထွားခြင်းကို ရပ်တန့်စေနိုင်ပြီး ရှုံ့သွားစေနိုင်ပါတယ်။ သို့ပေမဲ့ ဗာရီကိုဆီလ်အားလုံး သုတ်ကောင်ထုတ်လုပ်ခြင်းကို မထိခိုက်စေနိုင်ပါဘူး။ ဒါကြောင့် ဆိုးဆိုးရွားရွားရောဂါ လက္ခဏာမရှိဘူးဆိုရင် ဗာရီကိုဆီလ်ကို ထွေထွေထူးထူးကုသစရာ မလိုပါဘူး။

    ဝှေးစေ့လိမ်ခြင်း။

    ဝှေးစေ့လိမ်ခြင်းဟာ ဝှေးစေ့လည်ပြီး သုတ်သယ်ပြွန်တွေ အချင်းချင်း လိမ်သွားတဲ့ အခါမှာ ဖြစ်ပေါ်တဲ့ ဝေဒနာ တစ်မျိုးဖြစ်ပါတယ်။ ဒီလိုလိမ်သွားတဲ့ အခါမှာတော့ ဝှေးစေ့ အပြင်းအထန် နာကျင်ခြင်း ဖြစ်စေနိုင်ပါတယ်။ ဒီလိုနာကျင်မှုမျိုးဟာ ထိခိုက်မှုကြောင့် ဖြစ်ပေါ်တာဆိုရင် ခဏသက်သာသွားပြီး ပြန်လည်နာကျင်နိုင်ပါတယ်။ ဝှေးစေပြွန်လိမ်ခြင်းဟာ ပြင်းထန်ပြီး အရေးပေါ် ဝေဒနာ တစ်ရပ်လည်း ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီလို သုတ်သယ်ပြွန်တွေ လိမ်သွားတဲ့ အခါမှာ ဝှေးစေ့သို့ သွေးစီးဆင်းခြင်းကို ပိတ်ဆို့သွားစေနိုင်ပြီး မကုသဘဲထားလိုက်တဲ့ အခါမှာ ဝှေးစေ့ခွဲထုတ်ရတဲ့ အခြေအနေထိ ဖြစ်စေနိုင်ပါတယ်။

    ဝှေးစေ့ ကင်ဆာ။

    ကင်ဆာဆဲလ်တွေ ဝှေးစေ့မှာ စတင် ဖြစ်ပေါ်လာတဲ့အခါမှာ ဝှေးစေ့ကို ပိုမိုကြီးထွားလာစေနိုင်ပါတယ်။ ဒီလို ကြီးထွားလာတဲ့ အချိန်မှာလည်း အကျိတ်နဲ့ တစ်ခြားသော ပုံမှန်မဟုတ်တဲ့ ကြီးထွားမှုတွေကို သိရှိဖို့ အတွက် ဆရာဝန်နဲ့ အမြန်ဆုံး သွားရောက်ပြသသင့်ပါတယ်။ အမေရိကန် ကင်ဆာ အဖွဲ့အစည်းအရ ဝှေးစေ့ကင်ဆာတွေဟာ အတွေ့ရနည်းတယ်လို့ သိရပြီး အမျိုးသား အယောက် ၂၅၀ မှာ ၁ ယောက်ခန့်သာ ဖြစ်ပွားနိုင်တယ်လို့ သိရပါတယ်။ ဒီကင်ဆာ ဟာ လူငယ်တွေနဲ့ လူလတ်ပိုင်းအရွယ်အမျိုးသားတွေမှာ အများဆုံး ဖြစ်လေ့ရှိပြီး အောင်အောင်မြင်မြင်နဲ့ ကုသနိုင်တဲ့ ကင်ဆာမျိုး ဖြစ်ပါတယ်။

    ဘယ်လိုအခြေအနေမျိုးမှာ စိုးရိမ်သင့်သလဲ။

    ဝမ်းဗိုက်အောက်ဘက်ပိုင်း တစ်ဝိုက်နာကျင်နေတယ်ဆိုတာ ဝှေးစေ့ပိုင်းဆိုင်ရာ ပြဿနာ တက်နေလို့ ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် တစ်ခြားသော ရောဂါလက္ခဏာတွေနဲ့ ဝေဒနာတို့ကလည်း ဝှေးစေ့ကျန်းမာရေးပြဿနာကို ဖော်ပြနေနိုင်ပါတယ်။ တကယ်လို့ အောက်မှာ ဖော်ပြထားတဲ့ ပြဿနာတွေနဲ့ ဝှေးစေ့ကြီးလာမယ်ဆိုရင် ဆရာဝန်နဲ့ အမြန်ဆုံးသွားရောက်ပြသသင့်ပါတယ်။

    • ဝှေးစေ့နားတစ်ဝိုက် စူးခနဲ နာကျင်ကိုက်ခဲခြင်း။
    • ဝှေးစေ့များရောင်ကိုင်းခြင်း။
    • ဝှေးစေ့များ အနီရောင်ပေါက်လာခြင်း။
    • လိင်တံမှ ပြည်ထွက်ခြင်း။
    • ဝမ်းဗိုက်အောက်ဘက်ပိုင်းနဲ့ နောက်ကျောပိုင်းနာခြင်း။
    • ဆီးသွားချိန် နာကျင်ခြင်း။
    • ရင်ဘတ် တစ်ရှုးများ နာကျင်တင်းမာခြင်း။

    ဒီလို ဝေဒနာတွေခံစားနေရမယ်ဆိုရင် ကပ်ပယ်အိတ်နဲ့ ဝှေးစေ့မှာ အဖုအကျိတ် တွေနဲ့ တစ်ခြားသော မူမမှန်မှု တွေရှိလားဆိုတာ သိနိုင်ဖို့အတွက် ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါတယ်။ တကယ်လို့ သွားရောက်ပြသတဲ့ အခါမှာ ဝှေးစေ့ ကင်ဆာ ဖြစ်နေတယ်ဆိုရင်တော့ သွေးစစ်ဆေးမှုတွေကို ပြုလုပ်သင့်ပါတယ်။ ဒီလို ဝှေးစေ့ပိုင်းဆိုင်ရာ ရောဂါ တစ်ခုခု ရှိနေသလားဆိုတာ ကို သံသယရှိနေမယ်ဆိုရင်တစ်ခြားလုပ်သင့်တဲ့စမ်းသပ်မှုတွေကတော့-

    • ကူးစက်ရောဂါနဲ့ ကျောက်ကပ်ရောဂါလား ဆိုတာ သိနိုင်ဖို့ အတွက် ဆီးစစ်ခြင်း။
    • ဝှေးစေ့ပိုင်းဆိုင်ရာ မူမမှန်တဲ့ ကြီးထွားမှုတွေနဲ့ သွေးစီးဆင်းမှုတွေကို သိနိုင်ဖို့ အတွက် Ultrasound စစ်ဆေးမှု။
    • ဝှေးစေ့များ ဘာမူမမှန်တာ ဖြစ်နေလဲဆိုတာ သိနိုင်ဖို့ အတွက် CT Scan (computed tomography scan) တို့ စစ်ဆေးရပါမယ်။

    ကုသမှုများ။

    ဝှေးစေ့ တစ်လုံးနဲ့ တစ်လုံးမညီတာကုသဖို အတွက်တော့ ဖြစ်ပွားရတဲ့ အကြောင်းရင်း အပေါ်မူတည်ပါတယ်။ အောက်မှာတော့ အတွေ့ရများတဲ့ ဝှေးစေ့ကြီးခြင်းဖြစ်စဉ်တွေနဲ့ ကုသနိုင်တဲ့ နည်းလမ်းတွေကို ဖော်ပြလိုက်ပါတယ်။

    Epididymitis (သုတ်သယ်ပြွန်တွေရောင်ကားလာတဲ့ ဖြစ်စဉ်)။

    Chlamydia လို့ခေါ်တဲ့ မွေးလမ်းကြောင်း၊ စအို၊ ပါးစပ်တို့နဲ့ လိင်ဆက်ဆံရာမှ ကူးစက်နိုင်တဲ့ STI ရောဂါကြောင့် Epididymitis ဖြစ်တာဆိုရင် ဆရာဝန်တွေ အများစုက ဒီကူးစက်ရောဂါကို ကုသဖို့အတွက် ပဋိဇီဝဆေးတွေ သောက်သုံးဖို့ ညွှန်ကြားလေ့ရှိပြီး အကိုက်အခဲပျောက်စေဖို့အတွက် ibuprofen လိုဆေးတွေကို ညွှန်ကြားတတ်ကြပါတယ်။

    ဝှေးစေ့ရောင်ခြင်း။ (Orchitis)

    တကယ်လို့ STI တစ်ခုခုကြောင့် Orchitis ဖြစ်တယ်ဆိုရင် ဆရာဝန်တွေက ဒီကူးစက်ရောဂါကို တိုက်ဖျက်ဖို့ အတွက် ဆေးဝါးတွေကို ညွန်ကြားလေ့ ရှိပါတယ်။ အတွေ့ရများတဲ့ ဆေးဝါးတွေကတော့

    ceftriaxone (Rocephin)၊ azithromycin (Zithromax) တို့ ဖြစ်ပါတယ်။ အကိုက်အခဲပျောက်ဆေးတွေနဲ့ ရေခဲအုပ်ပေးခြင်းကလည်း နာကျင်မှုကို သက်သာစေနိုင်ပါတယ်။

    ဝှေးစေ့ ပြွန်များ လိမ်ခြင်း။

    ဝေးစေ့ပြွန်တွေ လိမ်နေပြီဆိုရင်တော့ ချက်ခြင်းသွားရောက်ပြသသင့်ပါတယ်။ ဆရာဝန်တွေက ဒီလို ပြွန်တွေ လိမ်နေတာကို ပြန်ဖြေပေးနိုင်ပြီး ဒီကုသမှုကို manual detorsion (အလိမ်ပြန်ဖြေခြင်းဖြစ်စဉ်) လို့ခေါ်ပါတယ်။ ဒါပေမဲ့ တစ်ခါတစ်ရံမှာတော့ ပြန်မလိမ်တော့ဖို့အတွက် ခွဲစိတ်မှုတွေ လုပ်ဖို့လိုပါတယ်။ တကယ်လို့ မြန်မြန် မကုသဘူးဆိုရင် ဝှေးစေ့ကို ခွဲထုတ်ရတဲ့ အခြေအနေ အထိ ဖြစ်သွားစေနိုင်ပါတယ်။

    ဝှေးစေ့ ကင်ဆာ။

    ဝှေးစေ့ကင်ဆာ ဖြစ်နေပြီဆိုရင်တော့ ဆရာဝန်တွေက ကင်ဆာရှိနေတဲ့ ဝှေးစေ့ကို ခွဲထုတ်ဖို့ အကြံပေးမှာ ဖြစ်ပါတယ်။ ဒါ့အပြင့် ဓါတ်ကင်ကုသမှု၊ ဓါတု ကုသမှုတွေက ကင်ဆာဆဲလ်တွေက်ု လျော့ကျစေနိုင်ပါတယ်။ ကကယ်လို့ ကင်ဆာ ဆဲလ်က ပျံ့နှံ့သွားတဲ့အခါမှာတော့ တစ်ခြားသော ခန္ဓါကိုယ် အစိတ်အပိုင်းတွေကို ကူးစက်သွားနိုင်တဲ့ အတွက် တစ်ခြားသော ကုသမှုတွေနဲ့ ခွဲစိတ်မှုတွေလုပ်ဖို့ လိုပါလိမ့်မယ်။

    မိမိဘာသာ ဝှေးစေ့ စမ်းသပ်မှုကို ဘယ်လိုလုပ်ကြမလဲ။

    ဝှေးစေ့မှာ ထူးခြားတဲ့ ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာပြီဆိုရင် ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါတယ်။ ဒါကြောင့် ဒီလိုပြောင်းလဲမှုတွေဖြစ်နေလားဆိုတာ သိနိုင်ဖို့အတွက်ဝှေးစေ့ရဲ့ အရွယ်အစားနဲ့ ပုံစံကို အမြဲတမ်းစောင့်ကြည့်နေဖို့ လိုပါတယ်။

    ဒါကိုလုပ်ဖို့ အတွက် မိမိကိုယ်တိုင် စစ်ဆေးမှုကို တစ်လတစ်ခါပြုလုပ်ပါ။ ဒါ့အပြင် ဝှေးစေ့မှာ အကျိတ်တွေ၊ ကြီးထွားမှုတွေ၊ နာကျင်မှုတွေ၊ ရောင်ကိုင်းမှုတွေနဲ့ တစ်ခြားပုံမှန်ဟုတ်တာတွေ ဖြစ်ပွားနေတာကိုလည်း စောင့်ကြည့်ဖို့လိုပါတယ်။ ကျန်းမာတဲ့ ဝှေးစေ့တစ်လုံးဆိုတာ ချောမွတ်နေပြီး လုံးဝလုံးဝန်းနေတာထက် ဥ တစ်လုံးနဲ့ ပိုတူပါတယ်။ ဒီလို ချောမွတ်နေတဲ့ ဝှေးစေ့မဟုတ်ဘဲ အဖုတစ်ခုခုတွေ့မယ်ဆိုရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံးသွားရောက် ပြသသင့်ပါတယ်။

    ဝှေးစေ့ စစ်ဆေးမှုပြုလုပ်ရန်။

    • ကပ်ပယ်အိတ် စစ်ဆေးမှု မပြုလုပ်ခင်မှာ ကပ်ပယ်အိတ်က တွဲကျနေပါစေ။
    • ပြီးရင် လက်မနဲ့ လက်ညှိုးကြားမှာ ဝှေးစေ့ကို ဖြည်းဖြည်းခြင်းလှိမ့်ကြည့်ပါ။
    • အဲ့ဒီအချိန်မှာ ဝှေးစေ့မှာ အကျိတ်တွေ၊ တင်းမာနေတာမျိုးတွေ၊ အဖုအဖောင်းဖြစ်နေတာမျိုးတွေ၊ ရောင်ကိုင်းနေတာမျိုးတွေနဲ့ အရွယ်အစားပြောင်းနေလားဆိုတာ စစ်ဆေးပါ။
    • ကပ်ပယ်အိတ်အရင်းပိုင်းနဲ့ သုတ်သုတ်ပြွန်နားကိုစမ်းကြည့်ပါ။ အဲ့ဒီမှာ ပြွန်အများအပြားရှိတယ်လို့ ခံစားရပါလိမ့်မယ်။
    • ဝှေးစေ့ နှစ်လုံးလုံးကို တစ်လ တစ်ခါတော့ စစ်ဆေးပေးပါ။

    နိဂုံးချုပ်။

    ဝှေးစေ့တစ်လုံးနဲ့ တစ်လုံး အရွယ်အစား မတူတာက သာမန်ပဲ ဖြစ်ပါတယ်။ တကယ်လို့ ဝှေးစေ့ တစ်လုံးက သိသိသာသာ ကြီးလာပြီဆိုရင်တော့ ဆရာဝန်နဲ့သွားရောက်ပြသသင့်ပါတယ်။ ဆရာဝန်နဲ့ အမြန်ဆုံးသွားရောက်ပြလေ ဆိုးဆိုးရွားရွားထိခိုက်မှု နည်းလေပါပဲ။ တကယ်လို့ ဝှေးစေ့ ကင်ဆာ ဖြစ်နေတယ်ဆိုရင်တော့ စောစောစီးစီးသိရင် ကင်ဆာရောဂါကို ကောင်းကောင်းမွန်မွန်ပျောက်ကင်းစေနိုင်ပါတယ်။

    Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Arkar Hein မှ ရေးသားသည်။ · 10/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement