၂။ စအိုနဲ့ လိင်ဆက်ဆံရင် ကိုယ်ဝန်ရနိုင်သလား။
ဒီမေးခွန်းဟာလည်း အပေါ်က မေးခွန်းနဲ့ ခပ်ဆင်ဆင်တူပါတယ်။ ပါးစပ်ဟာ အစာချေအဖွဲ့အစည်းဆိုင်ရာလမ်းကြောင်းရဲ့ အပေါ်ဆုံးနေရာဖြစ်ပြီး စအိုကတော့ အစာချေအဖွဲ့အစည်းဆိုင်ရာလမ်းကြောင်းရဲ့ အောက်ဆုံးနေရာ ဖြစ်ပါတယ်။ ဒါကြောင့် သုက်ရည်တွေဟာ ဒီလမ်းကြောင်းထဲမှာပဲ ရှိနေမှာဖြစ်တဲ့အတွက် စအိုနဲ့ လိင်ဆက်ဆံရင်လည်း ကိုယ်ဝန်ရနိုင်စရာအကြောင်း လုံးဝ(လုံးဝ) မရှိပါဘူး။ သို့သော် …… သို့သော် သတိပြုရမှာ နှစ်ချက်ရှိနေပါတယ်။
တစ်အချက်က စအိုသည် မိန်းမကိုယ်ယောနိနဲ့ နီးကပ်စွာ ရှိနေတာကြောင့် စအိုထဲက သုတ်ရည်တွေဟာ ယောနိထဲ အနည်းငယ်ဝင်သွားပြီး ကိုယ်ဝန်ရလာတာမျိုး ဖြစ်သွားနိုင်ပါတယ်။
နှစ်အချက်က စအိုသည် လိင်ဆက်ဆံဖို့ သဘာဝက ဖန်တီးပေးထားတဲ့ နေရာမဟုတ်ဘဲ အညစ်အကြေးစွန့်ပစ်ဖို့ကိုပဲ ရည်ရွယ်တာကြောင့် သဘာဝနဲ့ ဆန့်ကျင်ပြီး လိင်ဆက်ဆံခြင်းဟာ ဆိုးကျိုးတွေဆီ ဦးတည်နိုင်ပါတယ်။ မစင်အညစ်အကြေးတွေကတဆင့် ရောဂါကူးစက်ခြင်း၊တင်းကြပ်ပြီး စုတ်ပြဲလွယ်တဲ့ စအိုတစ်ရှူးတွေကြောင့် AIDS အပါအဝင် လိင်မှတဆင့် ကူးစက်တတ်သော ရောဂါတွေ အလွယ်တကူ ကူးစက်ပြန့်ပွားနိုင်ခြင်းစတဲ့ ဆိုးကျိုးတွေပါပဲ။
ဒါကြောင့် စအိုမှတဆင့် လိင်ဆက်ဆံခြင်းကို အတတ်နိုင်ဆုံး ရှောင်ကျဉ်သင့်ပြီး မရှောင်နိုင်ရင် အကာအကွယ်ပစ္စည်း (ကွန်ဒုံး) သုံးရမယ့်အပြင် သင့်တော်မှန်ကန်တဲ့ ချောဆီတွေကိုလည်း သုံးစွဲပေးရမှာ ဖြစ်ပါတယ်။
၃။ အထွတ်အထိပ်ရောက်တဲ့အထိ (ဝါ) သုက်ရည်ထွက်တဲ့အထိ မဆက်ဆံရင် ကိုယ်ဝန်မရနိုင်ဘူး။
တချို့က မေးပါတယ်။ ကျွန်တော့်ကောင်မလေးနဲ့ ဆက်ဆံပေမယ့် သုက်ရည်ထွက်တဲ့အထိ(ကိစ္စပြီးမြောက်တဲ့အထိ) မဆက်ဆံဘဲ တစ်ဝက်တစ်ပျက်နဲ့ ရပ်ထားလိုက်ပါတယ်။ ဒါဆိုရင် ကိုယ်ဝန်မရှိနိုင်ဘူးပေါ့နော် ဆိုပြီး မေးတာမျိုးပါ။
ယေဘုယျအားဖြင့် သုက်ရည်ကြောင့် ကိုယ်ဝန်ရတယ်ဆိုပေမယ့် အထွတ်အထိပ်ရောက်တဲ့အချိန်ကျမှ သုက်ရည်ထွက်တာမဟုတ်ဘဲ ကနဦးအစပျိုးချိန် (foreplay)နဲ့ ဆက်ဆံနေဆဲကာလတွေမှာလည်း ရှေ့ပြေးသုက်ရည်ကြည်လေးတွေ ထွက်တတ်ပြီး သုက်ပိုးအနည်းငယ်ပါတတ်ပါတယ်။ ဒါကြောင့် ကိုယ့်လူကံကောင်းရင် ခေါ်မလား၊ ကံဆိုးရင် ခေါ်မလား …. ကိုယ်ဝန်ရသွားတတ်ပါတယ်။
ဒါကြောင့် မပြီးဘဲနဲ့လည်း ကိစ္စပြီးသွားနိုင်တာ (ကိုယ်ဝန်ရသွားနိုင်တာ)ကို သိထားရပါမယ်။ ထုံးစံအတိုင်း ထပ်မှာချင်တဲ့အချက်ကတော့ မလိုလားအပ်တဲ့ ကိုယ်ဝန်နဲ့ လိင်မှတဆင့်ကူးစက်တတ်သော ရောဂါတွေကို ကာကွယ်နိုင်ဖို့အတွက် အကာအကွယ်ပစ္စည်း(ကွန်ဒုံး) သုံးရမယ်ဆိုတာပါပဲ။
၄။ ကောင်မလေးနဲ့ အတူနေပြီးတဲ့အခါ အရေးပေါ်ပဋိသန္ဓေတားဆေး တိုက်လိုက်ရင် အားလုံးအေးဆေးပဲမလား။
ဒီမေးခွန်းရဲ့ အဖြေဟာ ယေဘုယျအားဖြင့်တော့ မှန်ပါတယ်၊ ကိုယ်ဝန်မရနိုင်ပါဘူးလို့ ဖြေရမှာ ဖြစ်ပေမယ့် သူ့ရဲ့ ထိရောက်မှုဟာ ၇၅ – ၈၅ ရာခိုင်နှုန်းအကြားမှာပဲရှိတဲ့အပြင် အကာအကွယ်မပါတဲ့ လိင်ဆက်ဆံမှုပြုလုပ်အပြီး ၇၂နာရီအတွင်းမှာ သုံးစွဲမှသာလျင် အာနိသင်အထိရောက်ဆုံးဖြစ်မှာပါ။
ဒါ့အပြင် ဒီနေ့ခေတ်လူငယ်တွေဟာ ခဏခဏ အရေးပေါ်လာကြပြီး ပဲကြီးလှော်စားသလို စားလာကြတဲ့အတွက် မလိုလားအပ်တဲ့ နောက်ဆက်တွဲပြဿနာတွေ အများကြီး ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ချစ်သူနဲ့ အတူနေမယ်ဆိုရင်လည်း အကာအကွယ်ပစ္စည်းသုံးဖို့ကိုပဲ ဦးစားပေး စဉ်းစားသင့်ပါတယ်။
၅။ ဆီလီကွန်ထိုးရင်၊ ဂေါ်လီထည့်ရင် လိင်ဆက်ဆံဖက်က ပိုစွဲသလား။
ပထမဆုံး ပြောချင်တာကတော့ သဘာဝနဲ့ ဖီဆန်တဲ့ ဘယ်အရာမှ မကောင်းပါဘူးဆိုတာကိုပါပဲ။ သာမန်ထက်ကြီးမားရှည်လျားတဲ့ အမျိုးသားအင်္ဂါဟာ ဆက်ဆံဖော်အမျိုးသမီးကို နာကျင်စေသလို ဂေါ်လီထည့်ထားတဲ့ လိင်တံဟာလည်း ဆက်ဆံဖော်အမျိုးသမီးရဲ့ ယောနိအတွင်းပိုင်းကို စုတ်ပြဲဒဏ်ရာရစေနိုင်တာကြောင့် နာကျင်စေမှာပါ။
လောကကြီးမှာ နာကျင်တဲ့ဝေဒနာကို ကြိုက်သူတော့ မရှိဘူးလို့ ထင်ပါတယ်။ ဒါကြောင့် ကာလသားကြီးတွေရဲ့ ပေါက်တတ်ကရ လမ်းညွှန်မှုတွေ၊ အပြာစာပေတွေရဲ့ တလွဲဖော်ပြမှုတွေနောက်ကို ကောက်ကောက်ပါအောင် မလိုက်ပါနဲ့။ မိမိရဲ့ အဖော်အတွက် နာကျင်စေတဲ့အပြင် မိမိကိုယ်တိုင်အတွက်လည်း ကျန်းမာရေးပြဿနာတွေကို ခံစားရစေနိုင်ပါတယ်။
ဆီလီကွန်ကြီးဆေးထိုးပြီး ရောင်ကိုင်းပုပ်ပွ မရှူနိုင်မကယ်နိုင်ဖြစ်မှ ဆေးရုံတက် ခြစ်ထုတ်ရသူတွေ၊ အင်္ဂါဖြတ်ပစ်ရသူတွေ ဒုနဲ့ဒေးပါ။ ဂေါ်လီထည့်ခြင်းဟာလည်း အရေပြားကို လှီးပြီးထည့်ရခြင်းဖြစ်တဲ့အတွက် မေးခိုင်ပိုးအပါအဝင် အခြားသော ကူးစက်ပိုးတွေကို ဖိတ်ခေါ်နေသလိုပါပဲ။ ဘယ်ဖက်ကကြည့်ကြည့် အကျိုးမရှိတဲ့ ကိစ္စမို့ ဒါမျိုးတွေကို လုံးဝမလုပ်သင့်ပါဘူး။
အထက်မှာ ဖော်ပြခဲ့တဲ့ မေးခွန်းတွေကတော့ အင်တာနက်ပေါ်မှာ အများစုမြင်တွေ့ရလေ့ရှိတဲ့ ခပ်လွဲလွဲ မေးခွန်းလေးတွေပါ။ ဉာဏ်နဲ့တိုင်းဆ ဆင်ခြင်သိနိုင်ဖို့ မျှဝေပေးလိုက်ရပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။