backup og meta

ဂေါ်လီထည့်ခြင်း ရဲ့ နောက်ဆက်တွဲပြဿနာများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 15/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဂေါ်လီထည့်ခြင်း ရဲ့ နောက်ဆက်တွဲပြဿနာများ

    အမျိုးသားတွေကြားမှာ‌ ဂေါ်လီထည့်ခြင်း ခေတ်စားလာတာ အခုမှ မဟုတ်ပါဘူး။ ဟိုးအရင်ခေတ် ၁၄-၁၅ ရာစုတွေတည်းက တရုတ်ပြည်ဘက်မှာ ထည့်ခဲ့ကြတာပါ။ နောက်ပိုင်း အရှေ့တောင်အာရှဘက်ကို ရောက်လာပြီး ခေါ်တာတောင်မှ ‘Burmese bells’ပါတဲ့။ နောက်ပိုင်းမှာတော့ ဂျပန်က ယာကူဇာတွေ၊ ထောင်သားတွေပါ အသုံးပြုလာကြပြီး ခုဆိုရင်တော့ သာမန်အမျိုးသားတွေကြားမှာပါ ရေပန်းစားလာပါပြီ။

    ဒီဘက်ခေတ်မှာ ဂေါ်လီထည့်ခြင်း ရဲ့ အဓိက ရည်ရွယ်ချက်က လိင်ဆက်ဆံတဲ့အခါ အမျိုးသမီးကို ခံစားမှု ပိုကောင်းစေချင်တာ၊ အိပ်ရာပေါ်မှာ စွမ်းဆောင်ရည်ကောင်းတယ်လို့ ထင်စေချင်တာ၊ လိင်တံလုံးပတ် ကြီးချင်တာကြောင့်ပါ။

    ဒါပေမဲ့ ‌ဂေါ်လီထည့်တာက အန္တရာယ်ကင်းတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ နောက်ဆက်တွဲပြဿနာတွေလည်း များပါတယ်။ ဒါကြောင့် ခုနောက်ပိုင်းမှာ ဂေါ်လီထည့်တာရဲ့  ဆိုးကျိုးတွေကို သိအောင်လို့ ပညာပေးလာကြပါပြီ။

    မြန်မာနိုင်ငံမှာ ဂေါ်လီတရားဝင် ထည့်ပေးလို့ ရလား

    များသောအားဖြင့်တော့ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေက မထည့်ပေးပါဘူး။ ဘာကြောင့်လဲဆိုတော့ နောက်ဆက်ပြောမဲ့ ဘေးထွက်ဆိုးကျိုးတွေကြောင့်ပါပဲ။ ဒါကြောင့် တရားမဝင်ဆေးခန်းတွေမှာ ထည့်ကြတာ၊ ကာလသားအချင်းချင်း လက်တည့်စမ်းပြီး ထည့်ကြတာတွေ ရှိပါတယ်။ ဒီလို လုပ်တာကြောင့်လည်း နောက်ဆက်တွဲပြဿနာတွေက ပိုပြီးဆိုးလာတာပဲ ဖြစ်ပါတယ်။

    ဂေါ်လီထည့်ခြင်း ရဲ့ နောက်ဆက်တွဲပြဿနာများ

    • ပိုးဝင်တာ

    ခုနကပြောခဲ့သလို တရားမဝင် ဆေးခန်းတွေမှာ လုပ်တာ၊ အချင်းချင်းလက်တည့်စမ်းပြီး လုပ်ပေးကြတာတွေကြောင့် ပိုးဝင်တတ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒါက ခွဲစိတ်မှု အသေးစားပဲလေ။ တချို့တွေမှာပိုးဝင်တာ သိပ်ဆိုးပြီး လိင်တံတစ်ရှူးအတွင်းပိုင်းထိ ပြည်တည်တာမျိုးအထိ ဖြစ်နိုင်ပါတယ်။

    • ရောဂါပိုးကူးစက်ခံရတာ

    ဂေါ်လီထည့်တာက အသည်းရောင် အသားဝါ ဘီ၊ စီနဲ့ HIVလို ကူးစက်ရောဂါတွေ ဖြစ်နိုင်ခြေ များပါတယ်။ အဓိကကတော့ ကိရိယာတွေ၊ ဓားတွေ သန့်ရှင်းမှု မရှိတာ၊ ကိုယ့်ကို ထည့်ပေးတဲ့သူမှာ ပိုးရှိနေပြီး သူ့သွေးကနေ ကိုယ့်ဆီမတော်တဆ ကူးစက်တာမျိုးပါ။

    ဒါတင်မကသေးပါဘူး။ ဂေါ်လီထည့်ပြီး လိင်ဆက်ဆံတဲ့အခါ မိန်းမကိုယ်လမ်းကြောင်း ပေါက်ပြဲပြီး အထက်ပါရောဂါတွေအပြင် လိင်ကနေတဆင့် ကူးစက်ရောဂါတွေပါ ဖြစ်နိုင်ခြေ များစေပါတယ်။

    • ထင်ထားသလို လိင်စိတ်ကျေနပ်မှု မရတာ

    ‌ဂေါ်လီထည့်တဲ့သူတွေကို မေးကြည့်လိုက်ရင် အ‌ဖော်ကို ခံစားမှုပိုကောင်းစေချင်လို့လို့ ပြောကြပေမဲ့ လက်တွေ့မှာက အမြဲတမ်း ဒီလိုမဖြစ်ပါဘူး။ Journal of Sexual Medicine ရဲ့ အဆိုအရ ဂေါ်လီထည့်ခြင်း နဲ့ လိင်စိတ်ခံစားမှု ဆက်စပ်နေတယ်ဆိုတာ လုံလောက်တဲ့ သက်သေပြချက် မရှိပါဘူး။

    တချို့က ခံစားမှုကောင်းတယ်လို့ ပြောကြပေမဲ့ တချို့ကလည်း နာလွန်းတယ်လို့ ပြောကြပါတယ်။ ပိုဆိုးတာက မွေးလမ်းကြောင်းတွေ ပေါက်ပြဲသွေးထွက်တာကြောင့် အမျိုးသမီးကိုယ်တိုင်လည်း ပိုးဝင်လွယ်သလို အမျိုးသားကိုလည်း ပိုးကူးစက်စေနိုင်ပါတယ်။

  • လိင်တံပုံပျက်တာ
  • ဂေါ်လီဆိုတာလည်း ပြင်ပပစ္စည်း ဖြစ်တာကြောင့် ခန္ဓာကိုယ်ထဲရောက်တဲ့အခါ ခုခံအားတုံ့ပြန်ပါတယ်။ ဒါကြောင့် လိင်တံမှာ ရောင်ရမ်းပြီး အမာရွတ်တွေ တွယ်လာပါတယ်။ ဒါကြောင့် လိင်တံပုံပျက်တာ၊ ပုံမှန်မဟုတ်တဲ့ ကွေးကောက်တာတွေ ဖြစ်တာ၊ လိင်တံထောင်မတ်တဲ့အခါ အမာရွတ်တွေကို ဆွဲလိုက်သလို ဖြစ်ပြီး နာကျင်တာတွေ ခံစားရတတ်ပါတယ်။

    ဒီထက်ပိုဆိုးလာရင်တော့ ဆီးလမ်းကြောင်း ကျဉ်းတာနဲ့ လိင်တံကင်ဆာ ဖြစ်နိုင်ခြေ များစေနိုင်ပါတယ်။

    • ဂေါ်လီထွက်ကျတာ

    ဂေါ်လီက လိင်တံအရေပြားအောက်မှာတင် ထည့်ထားတာကြောင့် ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံတဲ့အခါမှာဖြစ်ဖြစ်၊ ထည့်ထားတဲ့နေရာက ဟသွားရင်ဖြစ်ဖြစ် အပြင်ကို ပေါက်ထွက်တတ်ပါတယ်။ လိင်အင်္ဂါနေရာဖြစ်တဲ့အတွက် သေချာဂရုမစိုက်ရင် ပိုးဝင်တတ်ပါတယ်။

    ဂေါ်လီထည့်ခြင်း က လိင်စိတ်ကျေနပ်မှုအတွက် အဖြေမဟုတ်ပါ

    လိင်စိတ်ကျေနပ်ဖို့၊ လိင်တံကြီးသယောင်ယောင် ထင်ဖို့ ဂေါ်လီထည့်လိုက်ပေမဲ့ အခန့်မသင့်ရင် အပေါ်က ဘေးထွက်ဆိုးကျိုးတွေကြောင့် လိင်တံပျက်စီးသွားနိုင်ပါတယ်။

    ဆေးရုံမှာ ဆီလီကွန်ထည့်၊ ဂေါ်လီထည့်လို့ ပိုးဝင်တာ၊ အမာရွတ်တွေ ဖြစ်တာကြောင့် ခွဲစိတ်ရတဲ့ လူနာတွေ အများကြီးပါ။ ဒါကြောင့် လိင်စိတ်ကျေနပ်ချင်ရုံသက်သက်နဲ့တော့ မစွန့်စားစေချင်ပါဘူး။

    ခုနောက်ပိုင်းမှာ အဖုပါတဲ့ ကွန်ဒုံးတွေလည်း ရှိနေပြီဖြစ်တာကြောင့် ဒါတွေကို အစားထိုးပြီး သုံးကြည့်လို့ ရပါတယ်။ လိင်ကတဆင့်ကူးစက်ရောဂါနဲ့ ကိုယ်ဝန်ကိုပါ ကာကွယ်ပြီးသား ဖြစ်တာကြောင့် ဂေါ်လီထည့်တာနဲ့ ယှဉ်ရင် ပိုပြီး စိတ်ချရသလို အမျိုးသမီးအတွက်လည်း နာကျင်မှု လျော့နည်းစေပါတယ်။

    အကြံပြုချက်

    ခုခေတ်မှာ ဂေါ်လီထည့်ခြင်းရဲ့ ဆိုးကျိုးတွေကို အရင်ကထက်စာရင် ပိုပြီး နားလည်လာကြပါပြီ။ ဒါပေမဲ့ ထည့်တဲ့သူတွေလည်း ရှိနေသလို ဆေးရုံရောက်လာကြတဲ့သူတွေလည်း ရှိနေတုန်းပါပဲ။ ဂေါ်လီထည့်တာက လိင်စိတ်ကျေနပ်မှုအတွက် အဖြေမဟုတ်တာကြောင့် မစွန့်စားကြဖို့ အကြံပြုချင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 15/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement