အိတ်ခ်ျအိုင်ဗီဗိုင်းရပ်စ်ကြောင့် ခန္ဓာကိုယ်ရဲ့ ခုခံအားကျဆင်းတာကြောင့် ဘက်တီးရီးယားတွေရန်က ကာကွယ်နိုင်ဖို့ ခက်ပါတယ်။ ချက်တဲ့ပြုတ်တဲ့နေရာတွေနဲ့ မီးဖိုခန်း၊ ထမင်းစားပွဲ စတဲ့မျက်နှာပြင်တွေကို ပွတ်တိုက်သန့်စင်ပါ။ သန့်စင်တဲ့ ဇွန်း၊ ပန်းကန်၊ အိုးတွေပဲသုံးပါ။ ဘယ်အစားအစာကိုပဲဖြစ်ဖြစ် မထိတွေ့ရသေးခင် အနည်းဆုံး စက္ကန့် ၂၀ ကြာအောင် လက်ကိုဆပ်ပြာနဲ့ဆေးပါ။
ဒီလိုနေရာတွေမှာ အရသာရှိတဲ့စားကောင်းသောက်ဖွယ်တွေ အဝစားနိုင်သလို လူလည်းစုံ၊ ရောဂါပိုးမွှားလည်းစုံ နိုင်ပါတယ်။ ဘယ်သူကိုင်ထားမှန်းမသိတဲ့ ဇွန်း၊ ညှပ်တွေရဲ့ လက်ကိုင်တွေကနေ ရောဂါပိုးရနိုင်တယ်။ ဒါကတော့ ပါတီတွေနဲ့ အလှူပွဲတွေ၊ ကိုယ်တိုင်ယူစနစ် စားသောက်ဆိုင်တွေလည်း အတူတူပါပဲ။ အကောင်းဆုံးက ပူပူနွေးနွေးချက်ထားတဲ့ အစားအစာပဲ စားတာကောင်းပါတယ်။
အသီးတွေ၊ အရွက်တွေကို ဆေးကြောတဲ့အခါ နှစ်ကြိမ်သုံးကြိမ်လောက်ဆို လုံလောက်ပါတယ်။ ဒါပေမယ့် ကိုယ်ခံအားနည်းတဲ့သူတွေအတွက်တော့ သူများထက်ပိုသန့်မှဖြစ်မှာမို့ နောက်တစ်ကြိမ်တော့ ထပ်ဆေးပါ။
ခုခံအားစနစ် အားနည်းတဲ့သူဟာ မကျက်တကျက်အသားတွေ၊ အစိမ်းစားတာတွေ မလုပ်သင့်ပါဘူး။ ကိုယ့်ဗိုက်ထဲမရောက်ခင်မှာ ဘက်တီးရီးယားအားလုံးကို သေစေလောက်တဲ့ အပူပေးချက်ပြုတ်မှုတော့လုပ်ရပါမယ်။ ဘာပဲစားစား ကျက်အောင်အပူပေးပြီးမှစားပါ။
လမ်းဘေးစာဆိုတာ street food လို့ခေါ်တဲ့ လမ်းဘေးဆိုင်လေးတွေက ရောင်းတဲ့ အစားအသောက်တွေပါ။ လမ်းမှာ ဆိုင်လေးတွေနဲ့ခင်းပြီး သန့်ရှင်းသပ်ရပ်စွာနဲ့ရောင်းကြပေမယ့် ကိုယ့်အတွက်တော့ မသင့်တော်ဘူးဆိုတာ သတိရပါ။ သူတို့ရဲ့သန့်ရှင်းမှုက တခြားသူတွေကျန်းမာရေးအတွက် အဆင်ပြေပေမယ့် ကိုယ်ခံအားနည်းသူအတွက်က လမ်းပေါ်ကလွင့်လာပြီးကပ်ငြိမယ့် အမှုန်တွေ၊ ပိုးမွှားတွေကို ကြောက်ရပါဦးမယ်။
ရေနဲ့ တခြားသောက်စရာတွေကလည်း ပိုးမွှားပါနိုင်တာပဲလေ။ ရေသန့် သို့မဟုတ် ကျိုချက်တဲ့ ရေပဲသောက်ပါ။ အချိုရည်ဝယ်သောက်ချင်လည်း ခပ်ပေါပေါရေခဲတုံးတွေနဲ့ဖျော်တာမျိုး ဝယ်မသောက်ပါနဲ့။ သစ်သီးဖျော်ရည်တွေဆိုလည်း ကိုယ်တိုင်ဖျော် သို့မဟုတ် သန့်ရှင်းမှုဂရုစိုက်တဲ့ဆိုင်ကပဲသောက်ပါ။
မကုန်လို့ကျန်တာ၊ သိမ်းထားတာတွေက အစာအဆိပ်သင့်တာ၊ ဝမ်းပျက်တာတွေဖြစ်စေနိုင်တယ်။ သိမ်းဆည်းမယ်ဆိုလည်း ပိုးတွေမပေါက်ဖွားခင် ရေခဲသေတ္တာထဲမြန်မြန်ထည့်ပါ။ အစားအသောက်တွေကို အခန်းအပူချိန်မှာ ၂ နာရီထက်ကြာအောင်မထားပါနဲ့။
အစားအသောက်ကြောင့် ပြဿနာဖြစ်နေပြီဆိုရင် သိသာနိုင်တဲ့လက္ခဏာတွေက မအီမသာဖြစ်တာ၊ ပျို့အန်တာ၊ ဝမ်းပျက်တာ၊ ဗိုက်အောင့်တာ၊ ကိုယ်ပူတာ၊ ချမ်းတုန်တာတွေဖြစ်လာနိုင်ပါတယ်။ အစားအသောက်ကြောင့်ဖြစ်တဲ့ ဝေဒနာတစ်ခုခုဖြစ်နေပြီဆိုရင် ဆရာဝန်အမြန်ပြပါ။ အိတ်ခ်ျအိုင်ဗီဗိုင်းရပ်စ်ရှိသူတွေအနေနဲ့ ဘာဝေဒနာပဲဖြစ်လာလာ စောစောကုသနိုင်လေ ကောင်းလေဖြစ်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။