လိင်အစော်ကားခံရတဲ့ အမှုတွေ ဘာလို့ များလာတာလဲ။
လူမှုကွန်ယက်တွေကို တွင်ကျယ်စွာ အသုံးပြုပြီး မှားယွင်းတဲ့ အသိပညာတွေကို လေ့လာဖတ်ရှုတာ၊ တရားဥပဒေရဲ့ ပြစ်ဒဏ်ချတဲ့ စနစ် အားနည်းနေတာ၊ ထိရောက်စွာ အရေးမယူနိုင်တာ၊ လိင်အကြမ်းဖက်သူထက် အစော်ကားခံရသူကို ဝိုင်းဝန်းအပြစ်တင်ကြပြီး နှိမ့်ချဆက်ဆံလိုတဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်းလာကြတာ၊ ရှေးရိုးစွဲ အယူတွေကြောင့် ယောက်ျား၊ မိန်းမ ခွဲခြားဆက်ဆံလိုစိတ် ပြင်းထန်တာ အစရှိတဲ့ အကြောင်းရင်းတွေကြောင့် ဒီလိုအမှုကိစ္စတွေဟာ တစ်နေ့ထက် တစ်နေ့ များလာပါတယ်။
ဘယ်လိုလူတွေမှာ လိင်အစော်ကားခံရမှုတွေ ပိုအဖြစ်များလာလဲ။
အမျိုးသမီးတွေနဲ့ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေမှာ တော်တော်လေး အဖြစ်များပြီး ငွေရေးကြေးရေး အဆင်မပြေမှု၊ ဆင်းရဲချို့တဲ့မှုကို အခွင့်အရေးယူပြီး လိင်အကြမ်းဖက်ဖို့ ကြိုးစားသူတွေ များလာကြတာပါ။ အမျိုးသားတွေမှာလည်း လိင်အကြမ်းဖက်ခံရမှုတွေ ရှိနိုင်ပေမယ့် တစ်ကမ္ဘာလုံးအတိုင်းအတာအရ အမျိုးသမီးတွေလောက်တော့ အမှုဖြစ်ပွားဖို့ ရာခိုင်နှုန်း မများသေးပါဘူး။
လိင်အကြမ်းဖက် စော်ကားခံရသူတွေရဲ့ ကျန်းမာရေးပြဿနာတွေ
လိင်အစော်ကားခံနေရချိန်မှာ နာကျင်မှုဝေဒနာနဲ့ ကြောက်လန့်မှုတွေကြောင့် ကိုယ်ခန္ဓာက ကော်တီစော်ဟော်မုန်း (Cortisol) တွေကို ထုတ်လွှတ်ပေးလိုက်ပါတယ်။ ဒီဟော်မုန်းက သွေးတွင်းသကြားဓာတ်ကို မြှင့်တင်ပေးပြီး ဒီအခြေအနေကနေ ရုန်းထွက်နိုင်ဖို့၊ ထွက်ပြေးလွတ်မြောက်နိုင်ဖို့ ကူညီပေးပါတယ်။ ရုတ်တရက် အဆမတန်ထွက်ရှိလာတဲ့ ဟော်မုန်းတွေဟာ ကိုယ်ခန္ဓာထဲမှာ အချိန်အကြာကြီး ဖြစ်တည်နေတဲ့အတွက် ကျန်းမာရေးကို ထိခိုက်စေပါတယ်။
ကလေးလိင်အကြမ်းဖက်မှုနဲ့ အိမ်ထောင်ဖက်အချင်းချင်း လိင်အကြမ်းဖက်မှုတွေမှာ တစ်ကြိမ်ထက်ပိုပြီး အကြိမ်ပေါင်းများစွာ အလိုမတူဘဲ အဓမ္မပြုကျင့်ခံရတဲ့အတွက် ကော်တီစောဟော်မုန်းတွေ ကိုယ်ခန္ဓာမှာ စုပုံလာပြီး အကြောက်အလန့်လွန်တာ၊ တစ်ခုခုဆိုတာနဲ့ ဦးနှောက်က နိုးနိုးကြားကြားဖြစ်လာတာမျိုး ဖြစ်နိုင်ပါတယ်။
အပြုကျင့်ခံရပြီးနောက်၊ စော်ကားခံရခြင်းမှ လွတ်မြောက်ပြီးရင်တောင် ဒီအဖြစ်အပျက်တွေဟာ ခေါင်းထဲမှာ အချိန်ပြည့် ရှိနေပြီး စိတ်ဒဏ်ရာတစ်ခုလို ကျန်ခဲ့နိုင်တယ်။ စိတ်ကျရောဂါ၊ စိုးရိမ်ပူပန်လွန်ခြင်း၊ အထီးကျန်ဆန်ခြင်း၊ လူတွေကို မယုံနိုင်တော့ခြင်း၊ အမြဲတမ်း သံသယစိတ်ဝင်ခြင်း၊ စိတ်ထင်ယောင်ထင်မှားဖြစ်ခြင်း၊ အမြဲတမ်း ကြောက်ရွံ့နေတဲ့ လက္ခဏာတွေ တွေ့ရနိုင်ပါတယ်။
ညဘက်တွေမှာ ကောင်းစွာ အိပ်မပျော်တော့တာကြောင့် ကိုယ်ခန္ဓာက အားမရှိသလို နုံးချိနေမယ်၊ ခေါင်းမူးခေါင်းကိုက်ဖြစ်မယ်၊ ကျန်းမာရေးထိခိုက်လာမယ်။ အိပ်ပျော်သွားရင်လည်း ကိုယ်အတိတ်မှာ အစော်ကားခံရဖူးတဲ့ အဖြစ်အပျက်တွေက မသိစိတ်ကနေ အိပ်မက်ထဲထိ ဝင်ပြီး ခြောက်လှန့်နေမယ်။ မယုံကြည်မှုတွေ၊ သံသယစိတ်တွေကြောင့် ဆရာဝန်၊ သွားဆရာဝန်တွေဆီ ကိုယ့်ရဲ့ ကျန်းမာရေးကို စစ်ဆေးပြသဖို့အတွက်လည်း အခက်အခဲတွေ ဖြစ်လာနိုင်ပါတယ်။
လိင်အကြမ်းဖက်စော်ကားခံရပြီး စိတ်ဝေဒနာကို ဘယ်လိုကုသမလဲ။
တစ်ဘဝလုံး အရိပ်မည်းကြီးတစ်ခုလို ကိုယ့်အနောက်ကနေ လိုက်ပြီး နှောင့်ယှက်မနေဖို့ သေချာ စိတ်ကုထုံးခံယူဖို့ အရေးကြီးပါတယ်။ ဒီလို စိတ်တုန်လှုပ်ခြောက်ခြားမှုကနေ လွတ်မြောက်ပြီးသွားရင်တောင် ကိုယ့်မှာ ကျန်ခဲ့တာ သေရာပါမယ့် နာကျင်မှုတွေနဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေပါ။ ဒါကြောင့် ကိုယ့်ကို နားလည်ပြီး ကူညီအားပေးမယ့် အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ထားဖို့၊ ကိုယ်ယုံကြည်ရတဲ့၊ ချစ်ရတဲ့ မိသားစုဝင်တွေနဲ့ အပေါင်းအသင်းတွေကို ကိုယ့်ရဲ့ စိတ်ထဲမှာ ဖြစ်နေတဲ့ ခံစားချက်တွေအကြောင်း သေချာပြောပြထားဖို့ လိုပါတယ်။
ဒီလိုကုသဖို့ အချိန်ပေးရမယ်၊ စိတ်ရှည်ရမယ်၊ ဘေးနားမှာလည်း အားပေးမှုပေးနိုင်တဲ့ သူတွေ ရှိနေမယ်ဆိုရင် ဒီစိတ်ဝေဒနာကနေ လွတ်မြောက်သွားနိုင်မှာပါ။ စိတ်ကျန်းမာပြီဆိုရင်တော့ ကျန်တဲ့ ဘဝနဲ့ ကျန်းမာရေးအတွက်လည်း ကောင်းမွန်သော ပြောင်းလဲမှုများစွာ ဖြစ်လာစေနိုင်မှာပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။