အသက်ရှူလမ်းကြောင်းရောဂါတွေကို ဘယ်လိုကုသလို့ရသလဲ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 21/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသက်ရှူလမ်းကြောင်းရောဂါတွေကို ဘယ်လိုကုသလို့ရသလဲ။

အသက်ရှူလမ်းကြောင်း တလျှောက်မှာ ရောဂါမျိုးစုံဖြစ်နိုင်ပါတယ်။ အသက်ရှူလမ်းကြောင်း နဲ့ ဆိုင်တဲ့ ရောဂါတစ်ခုခု ခံစားနေရပြီဆိုရင် “ငါ ကုလို့ ရပါ့မလား။ ဘယ်အလောက်ကြာအောင် ကုရမှာလဲ။ သောက်ဆေးလား။ ထိုးဆေးလား။ ခွဲရ စိတ်ရမှာလား “ စသဖြင့် စိုးရိမ်တတ်ပါတယ်။

ဒီဆောင်းပါးမှာ အဖြစ်များတဲ့ အသက်ရှူလမ်းကြောင်း ပြဿနာတွေနဲ့ သူတို့ရဲ့ ကုသနည်း အကြမ်းဖျင်းကို ပြောပြပေးပါ့မယ်။

အသက်ရှူလမ်းကြောင်း ရောဂါများ

အသက်ရှူလမ်းကြောင်းရောဂါတွေကို အကြမ်းဖျင်း ၃မျိုးခွဲလိုက်လို့ ရပါတယ်။

လေပြွန်ကျဉ်း/ ပိတ်တဲ့ရောဂါ (Obstructive conditions)

အဆုတ်က လေကောင်းကောင်း လက်မခံနိုင်တဲ့ ရောဂါ (Restrictive conditions)

ပိုးဝင်တာ

ဒါတွေက မြန်မာနိုင်ငံမှာ အတွေ့ရများတဲ့ အဆုတ်ရောဂါတွေပါပဲ။ သူတို့ကို ဘယ်လိုကုသနေကြလဲဆိုတာ ဆက်ကြည့်ရအောင်။

အသက်ရှူလမ်းကြောင်းရောဂါတွေကို ဘယ်လိုကုသလို့ရသလဲ။

အသက်ရှူလမ်းကြောင်းရောဂါတွေဟာ တစ်ခုနဲ့ တစ်ခု မတူတဲ့အတွက် ကုသနည်းတွေက မတူပါဘူး။ ရောဂါချင်း တူရင်တောင် ရောဂါအခြေအနေ၊ လူနာအခြေအနေပေါ် မူတည်တဲ့အတွက် ကုသနည်းတွေ အနည်းငယ် ကွာသွားနိုင်ပါတယ်။

ခုပြောပြမှာကတော့ အသုံးများတဲ့ နည်းလမ်းတွေပါပဲ။

  • COPDလို့ ခေါ်တဲ့ နာတာရှည် လေပြွန်ကျဉ်း ရောဂါ

ပြင်းထန်မှု အဆင့်ပေါ်လိုက်ပြီးတော့ ရှူဆေးတွေ၊ စက်နဲ့ ဆေးငွေ့ရှူတာတွေ၊ သောက်ဆေးတွေ၊ ထိုးဆေးတွေ လိုနိုင်ပါတယ်။ အိမ်မှာ အောက်ဆီဂျင် ရှူရနိုင်ပါတယ်။

  • ပန်းနာရင်ကြပ်

သူ့အတွက် ရှူဆေးနဲ့ ဆေးငွေ့ရှူတာက အဓိကပါပဲ။ ဒီနှစ်ခုနဲ့ မရလို့ ရောဂါအဆင့်မြင့်လာရင် သောက်ဆေးတွေ၊ စတီးရွိုက်တွေ ပါလာနိုင်ပါတယ်။ တစ်ခါ တစ်ခါ ရောဂါကြွရင်လည်း အရေးပေါ် စတီးရွိုက်ထိုးရတတ်ပါတယ်။ ပန်းနာရင်ကြပ်က ရောဂါသဘာဝအရ ထိန်းထားရုံပဲ ရတာကြောင့် ရေရှည်မှာ ကိုယ်နဲ့ မတည့်တာကို ရှောင်တာကသာ အဖြေဖြစ်ပါတယ်။

  • လေပြွန်တွေကျယ်ပြီး ပြည်တွေနဲ့ ပြည့်နေတဲ့ ရောဂါ (Bronchiectasis)

ဒါဆိုရင်တော့ ပိုးသတ်ဆေးတွေနဲ့ ကုသရမှာပါ။ ထိုးဆေး၊ သောက်ဆေး နှစ်မျိုးလုံး ဖြစ်နိုင်ပါတယ်။ လိုအပ်ရင် ခွဲစိတ်ကုသရပါမယ်။

  • အဆုတ်ကင်ဆာ

အဆုတ်ကင်ဆာကလည်း အဆင့်အလိုက် ကုသရတာပါ။ ခွဲစိတ်တာ၊ ဆေးသွင်းတာ၊ ရောင်ခြည်ပြတာ၊ targeted therapyလို့ ခေါ်တဲ့ ကင်ဆာကျိတ်နဲ့ လိုက်ဖက်တဲ့ ဆေးသုံးပြီး ကုတာ စတာတွေနဲ့ ကုသနိုင်ပါတယ်။

  • အဆုတ်အမာရွတ်တွယ်တာ (pulmonary fibrosis)

သောက်ဆေးနဲ့ ကုကြတာ များပါတယ်။

  • အဆုတ်ရောင်

အဆုတ်က ဘာကြောင့်ရောင်တာလဲပေါ်မူတည်ပါတယ်။ ဘတ်တီးရီးယားလား၊ ဗိုင်းရပ်စ်လား၊ မှိုပိုးကြောင့်လား။ ဘတ်တီးရီးယားတို့၊ မှိုတို့ကြောင့်ဆိုရင် ပိုးသတ်ဆေးတွေ၊ မှိုသတ်ဆေးတွေ ပေးလို့ရပါတယ်။ ဗိုင်းရပ်စ်ကြောင့်ဆိုရင်တော့ ကိုယ်ခံအားနဲ့ တိုက်ရပါတယ်။ ဒီထက်ပိုမဆိုးသွားအောင် ဂရုစိုက်ရပါတယ်။

  • တီဘီ

တီဘီဆိုရင်တော့ ဆေး၆လသောက်ရပါတယ်။ ဒါဆိုရင် အများစုက ပျောက်ပါတယ်။ ဆေးယဉ်ပါးဆိုရင်တော့ တစ်နှစ်နီးပါးလောက်သောက်ရပါတယ်။ နောက်ပိုင်းမှာတော့ တီဘီမှာ ထိုးဆေးအစား သောက်ဆေးတွေ ပြောင်းသုံးလာကြပါပြီ။

တခြားကုသနည်းတွေကတော့

ဆေးလိပ်ဖြတ်ဖို့ လိုပါတယ်။ ဆေးလိပ်သောက်နေရင် ရောဂါမသက်သာတဲ့အပြင် ကုသမှုကိုလည်း အနှောင့်အယှက်ဖြစ်စေပါတယ်။

-အောက်ဆီဂျင်ရှူဖို့လိုပါတယ်။

တချို့ နာတာရှည် လေပြွန်ကျဉ်း ဝေဒနာရှင်တွေဆိုရင် အိမ်မှာ အောက်ဆီဂျင်အိုးထားပြီး ရှူရပါတယ်။ ဒါကြောင့်လည်း ဆေးလိပ်ဖြတ်ဖို့ အရေးကြီးတယ်လို့ ပြောရတာပါ။ အခန့်မသင့်ရင် မီးလောင်နိုင်လို့ပါ။

အဆုတ်ပြန်လည် သန်စွမ်းရေး လေ့ကျင့်ခန်းတွေ လုပ်ပေးရပါတယ်။

ဆေးရုံမှာ အဆုတ်မကောင်းတဲ့သူတွေကို မနက်ဆို ရင်ဘတ်ကို တဘုန်းဘုန်း ရိုက်တာ မြင်ဖူးမှာပါ။ ဒါဟာ အဆုတ်မှာ ရှိတဲ့ အချွဲတွေ ထွက်သွားအောင်လို့ပါ။ ဒီလိုပဲ တခြားလေ့ကျင့်ခန်းတွေ၊ အသက်ရှူလေ့ကျင့်ခန်းတွေ လုပ်ပေးရပါတယ်။ ဒါမှ အဆုတ်က မြန်မြန်နာလန်ထူနိုင်မှာပါ။

Takeaways

အသက်ရှူလမ်းကြောင်းရောဂါတွေက ကုသနည်းတွေကလည်း အစုံစုံပါပဲ။ နောက်ပိုင်းမှာ ကုသနည်းတွေက ပိုလိုတောင် တိုးတက်လာတာကြောင့် ရောဂါပျောက်ကင်းနှုန်းတွေလည်း မြင့်လာပါပြီ။ အရေးကြီးတာက စောစောသိပြီး စောစောကုနိုင်ဖို့ပါပဲ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 21/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement
advertisement
advertisement
advertisement