ဆောင်းတွင်းမှာ သာမန်အချိန်ထက် ပိုပြီးဖျားနာလွယ်ကြပါတယ်။ လူကြီးရော ကလေးပါ မကြာခဏဆိုသလို နှာစေး၊ ချောင်းဆိုးတာ၊ ဖျားနာတာ ဖြစ်ကြပါတယ်။ အဓိကကတော့ အသက်ရှူလမ်းကြောင်း ကို ပိုးဝင်တာကြောင့်ပါ။
ဆောင်းတွင်းမှာ ဘာကြောင့် အသက်ရှူလမ်းကြောင်းပိုးဝင်တာ အဖြစ်များရတာလဲ။
အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်း ကို ဖြစ်စေတဲ့ အဓိက အကြောင်းရင်းတွေကတော့
အေးတဲ့အတွက် အိမ်မှာပဲ အနေများကြပါတယ်။ လူချင်း ထိတွေ့မှု များတဲ့အတွက် တစ်ယောက်မှာ ရောဂါပိုး တစ်ခုခုရှိနေရင် နောက်တစ်ယောက်ကို အလွယ်တကူ ကူးနိုင်ပါတယ်။
အေးမြတဲ့ ရာသီဥတုဖြစ်တဲ့အတွက် လေထုခြောက်သွေ့ပါတယ်။ ဒီလို အနအထားက ဗိုင်းရပ်စ်တွေ၊ ဘက်တီးရီးယားတွေ နှစ်သက်တဲ့ အခြေအနေပါ။ ဒါ့ပြင် အေးမြခြောက်သွေ့တဲ့ လေထုက အသက်ရှူလမ်းကြောင်းကို အချွဲတွေ ထွက်စေပါတယ်။ ဒီအခြေအနေနှစ်ခု တိုက်ဆိုင်သွားတဲ့အခါ ပိုးဝင်လွယ်ပြီး ဖျားနာနိုင်ပါတယ်။
ဗီတာမင် ဒီက ခုခံအားအတွက် အရေးပါတဲ့ ဗီတာမင်တစ်မျိုးပါ။ ဆောင်းတွင်းမှာ နေရောင်ရရှိမှု နည်းတာကြောင့် ဗီတာမင် ဒီ အလိုလိုချို့တဲ့ လာပါတယ်။
ဒီအချက်တွေကြောင့် ဆောင်းရာသီက တခြားအချိန်တွေထက် အသက်ရှူလမ်းကြောင်း ပိုးဝင်တာကို ပိုဖြစ်စေပါတယ်။
ဆောင်းတွင်းမှာ အဖြစ်များတဲ့ အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်းများ
ဆောင်းတွင်းမှာ အဖြစ်များတဲ့ အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်း တွေကတော့
အသက်ရှူလမ်းကြောင်း အပေါ်ပိုင်း (အထူးသဖြင့် နှာခေါင်းနဲ့ လည်ချောင်း)ကို ပိုးဝင်တာပဲ ဖြစ်ပါတယ်။ များသောအားဖြင့် Rhinovirus, Respiratory syncitial virus (RSV) တွေကြောင့် အဖြစ်များပါတယ်။
တစ်ယောက်ယောက်က နှာချေချောင်းဆိုးလိုက်တာ၊ ပိုးရှိနေတဲ့ ပစ္စည်းတွေကို ကိုင်တွယ်ပြီး မျက်နှာကို ထိတွေ့မိတဲ့အခါ ကူးစက်တတ်ပါတယ်။ လက္ခဏာအနေနဲ့ နှာစေးတာ၊ ချောင်းဆိုးတာ၊ လည်ချောင်းယားတာ၊ ငွေ့ငွေ့ဖျားတာ၊ ကိုယ်လက်ကိုက်ပြီး နုံးတာတွေ ဖြစ်တတ်ပါတယ်။
ဗိုင်းရပ်စ်ကြောင့် ဖြစ်တာများတဲ့အတွက် တိကျတဲ့ ကုသမှုမရှိပါဘူး။ လက္ခဏာတွေ သက်သာအောင် ဆေးဝါးတွေ (နှာစေးပျောက်ဆေး၊ ချောင်းဆိုးပျောက်ဆေး ဒါမှမဟုတ် အအေးမိဖျားနာပျောက်ဆေး) မှီဝဲနိုင်ပါတယ်။ များများအနားယူ၊ အာဟာရပြည့်အောင် စားရင် ရက်ပိုင်းလောက်နဲ့ သက်သာလာနိုင်ပါတယ်။
အများစုက လက္ခဏာမပြခင် တစ်ရက်နဲ့ လက္ခဏာပြပြီး တစ်ပတ်လောက်ထိ ကူးစက်နိုင်ပါတယ်။ ဒီအချိန်အတွင်းမှာ လူအများနဲ့ ထိတွေ့တာကို ရှောင်ဖို့ လိုပါတယ်။ လက်ဆေးတာ၊ နှာစေး ချောင်းဆိုးရင် အုပ်ဆိုးတာတွေ လိုက်နာဖို့ လိုပါတယ်။
ပါးစပ်၊ နှာခေါင်း၊ လည်ချောင်းကနေ ပိုးတွေ ဝင်လာပြီး အဆုတ်ထိ ကူးစက်နိုင်ပါတယ်။ နှာချေချောင်းဆိုးလို့ ထွက်လာတဲ့ အမှုန်တွေကို ရှူမိတာ၊ ဒီအမှုန်တွေ ပေနေတဲ့ ပစ္စည်းတွေကို ကိုင်တွယ်ပြီး မျက်နှာကို ထိတွေ့ရာကနေ ကူးစက်တတ်ပါတယ်။
တုပ်ကွေးက အအေးမိတာထက် ပိုပြင်းထန်တတ်ပါတယ်။ အထူးသဖြင့် နုံးတာ၊ ကိုယ်လက်ကိုက်တာ ပြင်းထန်ပါတယ်။ နှာချေချောင်းဆိုးတာ၊ လည်ချောင်းနာတာ၊ ဖျားတာ၊ ခေါင်းကိုက်တာတွေလည်း ဖြစ်တတ်ပါတယ်။ တချို့တွေမှာ အန်တာ၊ ဝမ်းလျှောတာ ဖြစ်တတ်ပါတယ်။
အများစုကတော့ လက္ခဏာသက်သာအောင် ဆေးဝါးတွေ မှီဝဲတာ၊ အနားယူတာ၊ အာဟာရပြည့်အောင် စားတာ၊ ရေဓာတ်ပြည့်ဝအောင် နေတာလောက်နဲ့ သက်သာသွားပါတယ်။ ဗိုင်းရပ်စ်သတ်ဆေးတွေကတော့ လိုလေ့မရှိပါဘူး။ ဆရာဝန်က ညွှန်ကြားမှပဲ သောက်သင့်ပါတယ်။
ဖျားတာ၊ ကိုယ်လက်ကိုက်တာက ၃-၅ရက်လောက်နေရင် သက်သာပေမယ့် ချောင်းဆိုးတာ၊ နုံးတာကတော့ ၂ပတ်လောက်အထိ ကျန်တတ်ပါတယ်။ သူများကို မကူးစက်အောင် လက္ခဏာပြပြီး ၅ရက်လောက်ထိ နားသင့်ပါတယ်။ ဖျားနေတယ်ဆိုရင် အဖျားကျပြီး ၁ရက်နေမှ အလုပ်သွားသင့်ပါတယ်။
တုပ်ကွေးရောဂါ မကူးစက်စေဖို့ နှစ်စဉ် တုပ်ကွေးကာကွယ်ဆေးထိုးတာကလည်း ထိရောက်တဲ့ ကာကွယ်နည်းတစ်ခု ဖြစ်ပါတယ်။
လေပြွန်ထဲမှာ အချွဲတွေပြည့်နေပြီး ရောင်ရမ်းနေတာပဲ ဖြစ်ပါတယ်။ အများစုက အအေးမိတာ ဒါမှမဟုတ် တုပ်ကွေးရောဂါရဲ့ နောက်ဆက်တွဲ အနေနဲ့ ဖြစ်တတ်ကြပါတယ်။
ဆေးလိပ်သောက်တဲ့သူ၊ ဓာတ်မတည့်တာတစ်ခုခုနဲ့ ထိတွေ့မိသူ၊ ထိပ်ကပ်နာ၊ အာသီးရောင်တဲ့သူတွေက ပိုပြီး အဖြစ်များပါတယ်။
လက္ခဏာအနေနဲ့ ချောင်းသိသိသာသာ ဆိုးပါတယ်။ စစချင်းမှာ ချောင်းခြောက်ပဲ ဆိုးပေမယ့် နောက်ပိုင်းမှာ ချွဲတွေ ပါလာပါတယ်။ လေပြွန်ရောင်ပြီး ကျဉ်းနေတာကြောင့် အသက်ရှူလိုက်ရင် တရွှီရွှီဖြစ်နေတာ၊ မောတာတွေကို ခံစားရမှာပါ။ ဒါ့ပြင် ချမ်းတုန်ဖျားတာ၊ လည်ချောင်းနာတာ၊ နှာစေးတာတွေလည်း ဖြစ်နိုင်ပါတယ်။
အများစုက ၂ပတ်လောက်ဆိုရင် အလိုလိုသက်သာသွားကြပါတယ်။ အခြေအနေမဆိုးတဲ့သူဆိုရင် ချောင်းဆိုးပျောက်ဆေးတွေ၊ နှာစေးပျောက်ဆေး၊ အကိုက်အခဲပျောက်ဆေးလောက်နဲ့တင် သက်သာသွားကြပါတယ်။ ချောင်းဆိုးတာကတော့ လပိုင်းလောက် ကြာတတ်ပါတယ်။
လေပြွန်ရောင်ရောဂါကိုပဲ တစ်နှစ်ကို ၃လနဲ့ နှစ်နှစ်ဆက်တိုက် ခံစားနေရရင် နာတာရှည်လို့ သတ်မှတ်ပါတယ်။ အထူးသဖြင့်တော့ ချွဲထွက်ပြီး ချောင်းဆိုးတဲ့ လက္ခဏာပါ။
ဆေးလိပ်သောက်တာ၊ လေထုညစ်ညမ်းတာတွေက လေပြွန်ရောင်တာကို ပိုဆိုးစေပါတယ်။ ဆောင်းတွင်းလို အချိန်မျိုးမှာ ရောဂါဟောင်းပြန်ထတတ်ပါတယ်။
လနဲ့ချီ ချောင်းဆိုးရတဲ့ အခါကျတော့ ရင်ဘတ်တွေ အောင့်လာပြီး မောလာတာကိုပါ ထပ်ဆောင်းခံစားရပါတယ်။ ဒီလို အခြေအနေကတော့ ဆရာဝန်နဲ့ ပြပြီး သေချာကုဖို့ လိုပါတယ်။ လူနာအနေနဲ့ ဆေးလိပ်သောက်နေရင် ဆေးလိပ်ဖြတ်ဖို့ လိုပါတယ်။
အဆုတ်နဲ့ လေအိတ်တွေထဲမှာ ပြည်တွေ၊ အရည်တွေနဲ့ ပြည့်နေတဲ့ အဆုတ်ရောဂါပါ။ အဆုတ်ရောင်ရောဂါရဲ့ သုံးပုံတစ်ပုံက ဗိုင်းရပ်စ်ကြောင့် ဖြစ်ပြီး ကျန်တာက ဘက်တီးရီးယားတွေ၊ မှိုပိုးတွေကြောင့် ဖြစ်တာပါ။
ခုခံအား ကျနေတဲ့သူတွေ၊ သက်ကြီးရွယ်အိုတွေ၊ ဆေးလိပ်သောက်တဲ့သူတွေ အထူးသတိထားသင့်ပါတယ်။ လက္ခဏာတွေက သာမန်ဖျားနာတာကနေ အသက်အန္တရာယ်ရှိသည်အထိ ဖြစ်နိုင်ပါတယ်။ ပြင်းထန်လွန်းတဲ့အခြေအနေမှာ
-သတိမကောင်းတာ
-နည်းနည်းလှုပ်တာနဲ့ မောတာ
-ချောင်းဆိုးတာ၊ အသက်ပြင်းပြင်း ရှူလိုက်တာနဲ့ ရင်ဘတ်ထဲက စူးခနဲအောင့်လာတာတွေ ဖြစ်တတ်ပါတယ်။
ဗိုင်းရပ်စ်ကြောင့်ဆိုရင်တော့ အအေးမိတာ၊ တုပ်ကွေးဖြစ်တာလိုပဲ ကုလို့ရပါတယ်။ ဘက်တီးရီးယားတွေ၊ မှိုတွေကြောင့်ဆိုရင်တော့ ပိုးသတ်ဆေး၊ မှိုသတ်ဆေးတွေ လိုလာနိုင်ပါတယ်။
ရက်တစ်ရာချောင်းလို့လည်း ခေါ်ပါတယ်။ ဘက်တီးရီးယားကြောင့်ဖြစ်ပြီး ကလေးတွေမှာ အဓိက ဖြစ်ပါတယ်။ အင်မတန်လည်း ကူးလွယ်ပါတယ်။ နှာချေ၊ ချောင်းဆိုးတာအပြင် ပိုးရှိသူက ရှူထုတ်လိုက်တဲ့လေကို ရှူမိရင်တောင် ကူးတတ်ပါတယ်။
လက္ခဏာတွေက အအေးမိတာနဲ့ ဆင်ပါတယ်။ သိသာတာကတော့ ချောင်းဆိုးတဲ့ ပုံစံပါ။ တခွပ်ခွပ်နဲ့ ဆက်တိုက်ဆိုးတတ်ပြီး နောက်ဆုံးမှာ လေတက်သလိုမျိုး “အု” ခနဲဖြစ်သွားတတ်ပါတယ်။ ရက်တစ်ရာချောင်းဆိုတဲ့အတိုင်း ဆေးကုပြီးတာတောင် ၁၀ပတ်လောက်ထိ ချောင်းကျန်တတ်ပါတယ်။
ဘက်တီးရီးယားကြောင့် ဖြစ်တာကြောင့် ပိုးသတ်ဆေး လိုပါတယ်။ ကလေးဆရာဝန်နဲ့ ပြသသင့်ပါတယ်။ ချောင်းဆိုးတာသက်သာအောင် ရေများများတိုက်ပါ။ ဆေးလိပ်ငွေ့တွေ၊ ဖုန်တွေ၊ အမှုန်တွေနဲ့ ခပ်ဝေးဝေးထားပါ။
ကူးစက်လွယ်တာကြောင့် ပိုးသတ်ဆေး စပြီး ၅ရက်လောက်ထိ လူအများနဲ့ ထိတွေ့မှု မရှိအောင် ထားရပါမယ်။ ကလေးတွေမှာ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင် ကာကွယ်ဆေးနဲ့ ကာကွယ်နိုင်ပါတယ်။
[embed-health-tool-bmi]