ဒါကြောင့် ပန်းနာရင်ကျပ်နဲ့ ပတ်သက်လာရင် စနစ်တကျ ကုသမှု ခံယူပြီး ဆောင်ရန် ရှောင်ရန်တွေကို သေချာလိုက်နာတာက ရေရှည်မှာ လူနာအတွက် ထိခိုက်မှု နည်းပြီး အများကြီး အကျိုးရှိပါတယ်။
ပန်းနာရင်ကျပ်ရောဂါ ရှိမရှိ ဘယ်လို စစ်ဆေးနိုင်မလဲ။
ပန်းနာရင်ကျပ်ရောဂါ ရှိမရှိကို အဆင့် ၃ဆင့်နဲ့ စစ်ဆေးပါတယ်။
- ရောဂါရာဇဝင်မေးမြန်းခြင်း
- လူနာကို စမ်းသပ်ခြင်း
- လိုအပ်တဲ့ ဆေးစစ်မှုများ ပြုလုပ်ခြင်း
-ဆေးစစ်မှုတွေမှာ Spirometryလို့ ခေါ်တဲ့ အဆုတ်ကောင်းကောင်း အလုပ်လုပ်မလုပ်ကို စမ်းသပ်တာ
-ရင်ဘတ်ဓာတ်မှန်
-ကွန်ပြူတာ ဓာတ်မှန်
-သွေးစစ်ချက်
-သလိပ်ပိုးမွေးတာ
-စားချဉ့်ပြန်ဆန်တက်တဲ့ ရောဂါရှိမရှိ စစ်ဆေးတာ (တချို့ပန်းနာရင်ကြပ်သမားတွေက ဒီရောဂါကြောင့် ကြပ်လေ့ရှိပါတယ်။)
-ဓာတ်မတည့် ရောဂါရှိမရှိ စစ်ဆေးတာ စတာတွေ လုပ်ရနိုင်ပါတယ်။
ရောဂါရာဇဝင် မေးမြန်းတာနဲ့ လူနာကို စမ်းသပ်တာကတော့ လူနာတိုင်း ခံယူရပါမယ်။ ဆေးစစ်ချက်တွေကတော့ လူနာပေါ် မူတည်ပြီး စစ်ရတဲ့နည်းတွေ ကွဲသွားနိုင်ပါတယ်။ အကုန်စစ်ချင်မှ စစ်ရမှာပါ။ ရောဂါကို မှန်မှန်ကန်ကန် ရှာတွေ့မှသာ ကုသရတာ လမ်းမလွဲမှာပါ။
ပန်းနာရင်ကျပ်ရောဂါကို ဘယ်လိုကုသလို့ ရသလဲ။
ပန်းနာရင်ကြပ်ရောဂါကို Stepwise managementလို့ ခေါ်တဲ့ ပြင်းထန်မှု အဆင့်အလိုက် ဆေးတွေ အတိုးအလျှော့လုပ်ပြီး ကုသပေးပါတယ်။ ရံဖန်ရံခါ ကြပ်တာလား၊ မကြာခဏ ကြပ်တာလား။ မကြာခဏ ကြပ်တာကိုမှ သာမန်ပဲလား၊ နည်းနည်းပြင်းထန်သလား၊ ပြင်းထန်အဆင့်လား စသဖြင့် အဆင့်ခွဲပြီး ကုသပေးပါတယ်။
သုံးတဲ့ ဆေးတွေကတော့
- ရေရှည်မှာ ထိန်းချုပ်နိုင်ဖို့ ပုံမှန်သုံးရတဲ့ ဆေးတွေကတော့
-စတီးရွိုက်ရှူဆေးတွေ
-စတီးရွိုက်နဲ့ လေပြွန်ကျယ်ဆေးတွေကို ပေါင်းစပ်ထားတဲ့ ရှူဆေးတွေ
-Leukotriene modifiersလို့ ခေါ်တဲ့ ဆေးတွေ
-Theophyllineဆိုတဲ့ ဆေးတွေပဲ ဖြစ်ပါတယ်။
- ကြပ်လာရင် အမြန်သက်သာဖို့ ဆောင်ထားခိုင်းတဲ့ ဆေးတွေကတော့
-လေပြွန်ကျယ်ဆေးတွေ
-စတီးရွိုက်တွေပဲ ဖြစ်ပါတယ်။
ပန်းနာရင်ကျပ်ရောဂါအတွက် ဆောင်ရန် ရှောင်ရန်တွေက
- ဆေးကုသမှုကို စနစ်တကျ ခံယူပါ။
- တုပ်ကွေး ကာကွယ်ဆေးတွေ ထိုးထားပါ။
- ကိုယ့်ကို ပန်းနာရင်ကျပ် ထစေတဲ့ ပစ္စည်းတွေနဲ့ ဝေးဝေးရှောင်ပါ။
- အသက်ရှူလေ့ကျင့်ခန်းလုပ်ပါ။
- ကျပ်မယ့် အရိပ်အယောင်ပြတာနဲ့ ဆေးရှူပါ။ ဒါမှ ပြင်းထန်တဲ့ အဆင့်ထိ ရောက်မသွားမှာ ဖြစ်ပါတယ်။
- ဆေးကို ကိုယ်နဲ့ မကွာဆောင်ထားပါ။
- ကျပ်တဲ့အချိန်တွေကို အသေးစိတ်ချရေးထားပါ။ ဆရာဝန်နဲ့ ရက်ချိန်းပြတဲ့အခါ အများကြီး အထောက်အကူဖြစ်ပါတယ်။
- ဆေးတွေကို ညွှန်ကြားထားတဲ့အတိုင်းပဲ သုံးပါ။
- ဆေးရှူနည်း မှန်ကန်ပါစေ။
- ကိုယ့်ပတ်ဝန်းကျင်ကို သန့်ရှင်းအောင် ထားပါ။
- ပန်းပွင့်တဲ့ ရာသီဆို အခန်းပြတင်းပေါက်တွေ ပိတ်ထားပါ။ အထူးသဖြင့် ဝတ်မှုန်နဲ့ မတည့်တဲ့သူဆို ပိုပြီး သတိထားသင့်ပါတယ်။
- အခန်းတွင်း စိုထိုင်းဆ မများပါစေနဲ့။ မှိုစွဲပြီး ရင်ကျပ်တတ်ပါတယ်။
- တိရစ္ဆာန်အမွေးနဲ့ မတည့်တဲ့သူဆို အိမ်မှာ မမွေးပါနဲ့။
Takeaway
ပန်းနာရင်ကြပ်က နာတာရှည်ရောဂါဆိုပေမယ့် ဆောင်ရန် ရှောင်ရန်တွေ သေချာလိုက်နာမယ်၊ ဆေးကုသမှု သေချာခံယူမယ်ဆိုရင် ရောဂါကို ကောင်းကောင်းထိန်းချုပ်နိုင်တဲ့အတွက် သာမန်လူလိုပဲ နေသွားနိုင်မှာ ဖြစ်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။