backup og meta

အက်စပရင်ကြောင့် ပန်းနာရင်ကြပ် ထတတ်သလား။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 07/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အက်စပရင်ကြောင့် ပန်းနာရင်ကြပ် ထတတ်သလား။

    ဓာတ်မတည့်တဲ့ ပစ္စည်းတွေနဲ့ ထိတွေ့မိရင်၊ ရှူမိရင် ပန်းနာရင်ကြပ် ထဖောက်တတ်တယ်ဆိုတာ တော်တော်များများ သိပြီးသား ကိစ္စပါ။ ဒီထဲမှာ ထူးထူးဆန်းဆန်း အက်စပရင်ကြောင့် ပန်းနာရင်ကြပ် ပိုဆိုးလာတဲ့သူတွေလည်း ရှိပါတယ်။ သူက ပန်းနာရင်ကြပ် အမျိုးအစားတွေထဲက တစ်ခုပါပဲ။

    အက်စပရင်ဆိုတာ

    အက်စပရင်ဆိုတာ အကိုက်အခဲပျောက်ဆေးအနေနဲ့ရော သွေးကျဲဆေးအနေနဲ့ရော သုံးပါတယ်။ အစွမ်းထက်တဲ့ ဆေးတစ်မျိုးပါပဲ။ သွေးကျဲဆေး အနေနဲ့ဆိုရင် သွေးခဲပြီး လေဖြတ်တာကို ကာကွယ်ဖို့ ရေရှည်တောင် သောက်ရပါတယ်။

    အက်စပရင်ကြောင့် ပန်းနာရင်ကြပ်ဖြစ်တယ်ဆိုတာ

    ပန်းနာရင်ကြပ်က အက်စပရင်သောက်လိုက်လို့ ပိုဆိုးလာတယ်လို့ ပြောဖို့ဆိုရင် ၃ချက်ရှိရပါတယ်။

  • ပန်းနာရင်ကြပ် ရောဂါအခံရှိရပါမယ်။
  • နှာခေါင်းအသားပို ရှိရပါမယ်။ (ဒီအသားပိုကလည်း ခွဲပြီးတာတောင် မပျောက်ဘဲ ပြန်ပြန်ဖြစ်တဲ့ အမျိုးအစား ဖြစ်ရပါမယ်။)
  • အက်စပရင် ဒါမှမဟုတ် NSAIDs အုပ်စုဝင် အကိုက်အခဲပျောက်ဆေး (ဥပမာ အိုင်ဗျူပရိုဖန်) သောက်ပြီးတဲ့အခါ ပန်းနာရင်ကြပ် ဖောက်လာရပါမယ်။
  • ဒါကို Samter’s triad လို့ ခေါ်ပါတယ်။ အက်စပရင်ကြောင့် ဖြစ်တာမို့လို့ Aspirin-exacerbated respiratory disease (AERD) လို့လည်း ခေါ်ပါတယ်။ အသက် ၂၀နဲ့ ၅၀ကြားထဲမှာ တွေ့ရတတ်ပြီး ၃၄နှစ်ပတ်ချာလည်မှာ အဖြစ်အများဆုံးပါပဲ။

    ဘာကြောင့် ပန်းနာရင်ကြပ် ထဖောက်ရတာလဲ။

    လက်ရှိအချိန်အထိတော့ ဘာကြောင့်ဖြစ်လလဲဆိုတာ အတိအကျမပြောနိုင်သေးပါဘူး။ ဒါပေမယ့် ဒါက ဆေးနဲ့ ဓာတ်မတည့်လို့ ဖြစ်တာမဟုတ်ပါဘူး။ မျိုးရိုးဗီဇကြောင့်လည်း မဟုတ်ပါဘူးလို့ ဆိုပါတယ်။ နဂိုရှိပြီးသား ရောဂါက ဆေးသောက်လိုက်တဲ့အခါ ပိုဆိုးသွားတဲ့ သဘောပါပဲတဲ့။

    ဘယ်လိုလက္ခဏာတွေ ခံစားရနိုင်သလဲ။

    ဒီလူနာတွေက ဖြစ်ပြီဆိုရင် အသက်ရှူလမ်းကြောင်း အပေါ်ပိုင်းရော အောက်ပိုင်းမှာရော လက္ခဏာပြတတ်ပါတယ်။ များသောအားဖြင့် ဆေးသောက်ပြီး နာရီဝက်ကနေ ၂နာရီလောက်ဆို လက္ခဏာပြပါတယ်။ လက္ခဏာတွေကတော့ ပန်းနာရင်ကြပ် လက္ခဏာတွေဖြစ်တဲ့

    ဒါ့ပြင် နှာခေါင်း အသားပိုရှိတဲ့အတွက် အနံ့ပျောက်တာ၊ နှာရည်ယိုတာ၊ ခေါင်းတွေကိုက်တာလည်း ဖြစ်တတ်ပါတယ်။ ဒါကတော့ အသက်ရှူလမ်းကြောင်း အပေါ်ပိုင်း လက္ခဏာတွေပါ။ ပန်းနာရင်ကြပ်ကတော့ အသက်ရှူလမ်းကြောင်း အောက်ပိုင်းလက္ခဏာတွေပါ။

    တစ်ခါတလေ အပိန့်ထွက်တာ၊ အသားတွေ နီလာတာ၊ ဗိုက်နာတာ၊ ပျို့အန်တာလည်း ဖြစ်တတ်ပါတယ်။

    အက်စပရင်ကြောင့် ပန်းနာရင်ကြပ်ပိုဆိုးတတ်တဲ့ လူနာတွေရဲ့ ၇၅ရာခိုင်နှုန်းက အရက်သောက်ရင်လည်း ရောဂါဖောက်တတ်ပါတယ်တဲ့။ များသောအားဖြင့် တစ်ခွက်တောင် မပြည့်သေးဘူး။ ရောဂါလက္ခဏာတွေ ပြတတ်ပါတယ်တဲ့။

    ရောဂါဘယ်လို ရှာဖွေမလဲ။

    ဒီရောဂါအတွက် တိကျတဲ့ ဆေးစစ်ချက်ရယ်လို့ မရှိပါဘူး။ လူနာတစ်ယောက်က ပန်းနာရင်ကြပ်အခံလည်း ရှိတယ်။ နှာခေါင်းအသားပိုလည်း ရှိတယ်။ အက်စပရင်သောက်ပြီးတိုင်း ကြပ်တတ်တယ်ဆိုရင် ဖြစ်နိုင်ခြေများပါတယ်။

    အကြောင်းက ပန်းနာရင်ကြပ်ရှိသူတွေရဲ့ ၉ရာခိုင်နှုန်းက အက်စပရင်ကြောင့် ကြပ်တတ်တဲ့သူတွေ ဖြစ်ပြီး ပန်းနာရင်ကြပ်ရော နှာခေါင်းအသားပိုရော ရှိရင် လူ၁၀၀မှာ ၃၀လောက်က ဖြစ်တတ်လို့ပါပဲ။

    နောက်တစ်ခုက အက်စပရင် စမ်းပေးကြည့်တာပါ။ ဆေးရုံမှာပဲ စမ်းရပါတယ်။ ပန်းနာရင်ကြပ်နဲ့ နှာခေါင်းအသားပိုရှိတဲ့ လူနာကို စမ်းတာပါ။ အက်စပရင်ကို ပမာဏတစ်ခုအထိပေးပြီး ပန်းနာရင်ကြပ်ဖောက်သလားဆိုတာ စမ်းတာပဲ ဖြစ်ပါတယ်။

    ဒီရောဂါရှိတဲ့သူတွေရဲ့ နှာခေါင်းအသားပို အသားစယူပြီး စစ်ကြည့်ရင်  eosinophilsလို့ ခေါ်တဲ့ သွေးဖြူဥတစ်မျိုး များနေတာ တွေ့ရပါတယ်။ သွေးထဲမှာလည်း များနေတတတ်ပါတယ်။

    ဘယ်လိုကုသလို့ ရမလဲ။

    ပန်းနာရင်ကြပ် တစ်မျိုးတည်းမဟုတ်တဲ့အတွက် ကုရတာ နည်းနည်းခက်ပါတယ်။ ကုတယ်ဆိုပေမယ့်လည်း အပြီးပျောက်သွားတာ မဟုတ်ပါဘူး။ ခံစားရတဲ့ လက္ခဏာတွေ သက်သာသွားအောင်ပါ။

    • ပန်းနာရင်ကြပ်အတွက်ဆိုရင် လေပြွန်ကျယ်ဆေးတွေ၊ စတီးရွိုက်ရှူဆေးတွေ ပေးပါတယ်။ ပုံမှန်ရှူရတာ ရှိသလို၊ ကြပ်မှ ရှူရတာလည်း ရှိပါတယ်။
    • ဦးခေါင်းက လေအိတ်တွေ ရောင်ရမ်းတာကိုတော့ စတီးရွိုက်ဖြန်းဆေးတွေ ညွှန်ပါတယ်။
    • နှာခေါင်းအသားပိုကိုတော့ ကျုံ့သွားအောင် စတီးရွိုက်ထိုးပေးပါတယ်။ ခွဲစိတ်လို့လည်း ရပေမယ့် ပြန်ပြန်ဖြစ်နိုင်ပါတယ်။

    အက်စပရင် အတိုးအလျှော့လုပ်ပေးခြင်း (Aspirin desensitization)

    ဒါက နှလုံးရောဂါတို့၊ လေဖြတ်မှာစိုးလို့ သွေးကျဲဆေး သောက်နေရတဲ့သူတွေဆို လုပ်ဖို့ စဉ်းစားပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီဆေးက တစ်သက်လုံးသောက်သွားရမှာ မှန်ပေမယ့် လူနာအတွက် အကျိုးရှိလို့ပါပဲ။ ဆေးသောက်ဖို့ မလိုတဲ့သူတွေ၊ အစာအိမ်အနာရှိသူတွေကိုတော့ မစမ်းပါဘူး။

    အက်စပရင်ကို အနည်းဆုံး ပမာဏ (ပန်းနာရင်ကြပ် မဖောက်တဲ့)ကနေ တဖြည်းဖြည်းတိုးပြီး ပေးသွားကြည့်တာပါ။ နည်းနည်းလေးမှ မခံနိုင်တဲ့ လူနာဆိုရင်တော့ မတတ်နိုင်ဘူးပေါ့။ ဒီလိုနဲ့ တဖြည်းဖြည်းနဲ့ တိုးလာပြီး သောက်ရမယ့် ပမာဏအထိ ရောဂါမကြွဘဲ စိတ်ချလက်ချ သောက်နိုင်အောင် ခန္ဓာကိုယ်ကို လေ့ကျင့်ပေးတာပါ။

    ဒီနည်းလမ်းက တော်တော်တော့ အကျိုးရှိပါတယ်။ ပန်းနာရင်ကြပ်ကိုလည်း သက်သာစေပြီး ဦးခေါင်းထဲက လေအိတ်လေးတွေ ရောင်ရမ်းတာကိုလည်း သက်သာစေပါတယ်။ နှာခေါင်း အသားပိုလည်း ဖြစ်တာနည်းသွားတယ်လို့ ဆိုပါတယ်။

    နောက်တစ်ခုကတော့ အကြောင်းရင်း ထွေထွေထူးထူး မရှိရင် အက်စပရင်နဲ့ NSAIDs သောက်တာကို ရှောင်သင့်ပါတယ်။ အက်စပရင်သောက်ရင် ပန်းနာရင်ကြပ်ထတတ်တဲ့အကြောင်းကိုလည်း ဆေးရုံ၊ ဆေးခန်းသွားတိုင်းမှာ ပြောပြသင့်ပါတယ်။ ဒါမှ ရှောင်ပေးလို့ ရမှာ ဖြစ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 07/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement