8 ပတ် မြောက်မှာ ကလေးလေး ဘယ်လိုဖွံ့ဖြိုးလာမှာလဲ
8 ပတ် အရွယ် သားသားမီးမီးလေးက ဘယ်လိုကြီးလာတာပါလိမ့်
ဒီအပတ်ကတော့ ရက်စ်ဘယ်ရီသီးအရွယ် ၁.၆ စင်တီမီတာအထိ ကြီးလာပါပြီနော်။ ကလေးလေးက ဗိုက်ထဲမှာ ဆက်တိုက် အပြောင်းအလဲတွေဖြစ်နေပါတယ်။
ခြေချောင်းလက်ချောင်လေးတွေ ထွက်လာပါပြီ။ ကလေးလေးနဲ့ ပိုတူလာပါပြီ။ အရင်က ကပ်နေတဲ့ ခြေလက်တွေ အခုဆို ကွဲလာပါပြီ။
အပေါ်နှုတ်ခမ်း၊ နှာခေါင်း၊ မျက်ခွံလေးတွေလည်း စပေါ်လာပါပြီ။ အပြောင်းအလဲတွေက စိတ်လှုပ်ရှားစရာနော်။ ဒီပြောင်းလဲမှုတွေ အကုန်လုံးဝင်ဆံ့အောင် ရေမြွာရည်တွေက တစ်ပတ်ကို ၃၀ မီလီလီတာနှုန်းနဲ့တိုးလာပါတယ်။
ခန္ဓာကိုယ်နဲ့ အနေအထိုင်အပြောင်းအလဲလေးများ
ခန္ဓာကိုယ်မှာရော ဘာတွေ ဆက်ပြောင်းလဲဦးမှာပါလိမ့်
ပြီးခဲ့တဲအပတ်က ပြောခဲ့သလိုပဲ ရင်သားတင်းတာ၊ ရောင်တာတွေဖြစ်မှာပါ။ နာလာတာလည်း ဖြစ်တတ်ပါတယ်။ အတွင်းခံတွေကျပ်ပြီး သက်သောင့်သက်သာ မဖြစ်တော့ပါဘူး။ ပိုကြီးတဲ့ဆိုဒ် ဝယ်သင့်ပါပြီ။ ကိုယ်ဝန်ဆောင်ဟော်မုန်းတွေက ကလေးလေးကို နို့တိုက်ဖို့ ရင်သားကို ကြိုတင်ပြင်ဆင်နေတာပါ။ နောက်အပတ်ကျရင် သက်သာလာပါလိမ့်မယ်။
ပိုပြီးပင်ပန်းသလို ခံစားနေရလား။ အရင်တုန်းမဖြစ်ဖူးရင် အခုဖြစ်လာပါလိမ့်မယ်။ ကိုယ်ဝန်ဆောင်ဟော်မုန်းတွေမှာ ခေါင်းမူးစေတဲ့ ပရိုဂျက်စတုန်း ပါပါတယ်။ ပင်ပန်းတယ်ထင်ရင် နားလိုက်ပါ။ တစ်မှေးလောက် အိပ်လိုက်တာက တစ်နေ့တာအတွက် အားပြန်ပြည့်လာစေနိုင်ပါတယ်။ ကိုယ့်ကိုယ်ကိုတွန်းအား သိပ်မပေးပါနဲ့။ ခန္ဓာကိုယ်က အချက်ပြတဲ့လက္ခဏာကို နာခံပါ။ ခန္ဓာကိုယ်က ကိုယ်ကိုယ်တိုင်အပြင် ကလေးလေးအတွက်ပါ ကြိုးစားနေရတာကို သတိရပါ။
သိသင့်သိထိုက်တာလေးတွေ
အန်ချင်စိတ်က လူကို မောပမ်းနွမ်းနယ်စေပါတယ်။ အထောက်အကူဖြစ်လောက်မယ့် အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။
- အစားအသောက် ဂရုစိုက်ပါ။ ကာဗွန်ဟိုက်ဒရိတ်ပါတာ၊ အဆီနည်းတာ၊ အစာကြေလွယ်တာတွေရွေးပါ။ ချင်းနဲ့ လုပ်ထားတဲ့ သကြားလုံးတွေလည်း စားပေးနိုင်ပါတယ်။ အဆီ၊ အစပ်တွေ ရှောင်စားကြပါနော်။
- နည်းနည်းနဲ့ အကြိမ်ရေ များများစားပေးပါ။ တစ်နေ့သုံးကြိမ်စားဖို့ ခက်နေပါလိမ့်မယ်။ နည်းနည်းနဲ့ အကြိမ်ရေများများစားတာက ပိုအဆင်ပြေစေပါတယ်။ ၃ကြိမ်ထက် ၅ကြိမ်စားကြည့်ပါ။ အစာခြေတာ၊ အာဟာရစုပ်ယူတာကို ပိုကောင်းစေပါတယ်။
- အရည်များများသောက်ပေးပါ။ အရည်များများ သောက်ဖြစ်အောင်ကြိုးစားပါ။ ချင်းပြုတ်ရည်၊ ချင်းလက်ဖက်ရည်တွေ သောက်ပေးနိုင်ပါတယ်။
- ပျို့အန်စေချင်တဲ့ အစာတွေကို ရှောင်ပါ။
- လေကောင်းလေသန့်များများရှူပါ။ ရာသီဥတုသာယာနေရင် အလုပ်မှာဖြစ်ဖြစ်၊ အိမ်မှာဖြစ်ဖြစ် ပြတင်းပေါက်တွေဖွင့်ထားပါ။ အခန်းကို လေဝင်လေထွက်ကောင်းအောင်ထားပါ။ နေတိုင်း လမ်းထွက်လျှောက်တာက အန်ချင်စိတ်ကို သက်သာစေပါတယ်။
- ဗီတာမင်တွေကို အစားနဲ့ တွဲသောက်ပေးပါ။ ဒီဗီတာမင်တွေက တချို့ကိုယ်ဝန်ဆောင်တွေမှာ အန်ချင်စိတ်ကိုဖြစ်စေနိုင်ပါတယ်။ အစာရှိမှ သောက်ပေးပါ။ မုန့်စားပြီးတော့ပဲဖြစ်ဖြစ် သောက်ပေးကြပါနော်။ ဗီတာမင်သောက်ပြီးရင် ဂျင်းသကြားလုံးလေး စားပေးလို့ရပါတယ်။
- အနှိပ်ခံကြည့်ပါ။ ထိရောက်တယ်လို့ ရှာတွေ့ထားတာတော့ မရှိသေးပေမယ့် တချို့က သက်သောင့်သက်သာရှိစေပါတယ်တဲ့။ နှိပ်နယ်ပေးတာက ခန္ဓာကိုယ်ရဲ့ တချို့အစိတ်အပိုင်းတွေကို လှုံ့ဆော်ပေးနိုင်ပါတယ်။
ဆရာဝန်ဆီသွားပြရအောင်
ဆရာဝန်နဲ့ ဘာတွေတိုင်ပင်ကြမလဲ
ခေါင်းကိုက်နေတယ်လို့ ခံစားရရင် ဆရာဝန်နဲ့ ဆွေးနွေးကြည့်ပါ။ ကိုယ်ဝန်ရှိချိန် ခေါင်းကိုက်တာက ပုံမှန်ပဲဆိုပေမယ့် သက်သောင့်သက်သာမရှိစေပါဘူး။ ဘယ်လိုကုထုံးတွေနဲ့ဆို အဆင်ပြေမလဲဆိုတာဆရာဝန်တွေကို မေးကြည့်လို့ရပါတယ်။
ဘယ်လိုစစ်ဆေးမှုတွေ ထပ်လိုဦးမလဲ ဆက်လေ့လာရအောင်
လိင်ကနေကူးနိုင်တဲ့ ရောဂါ ရှိမရှိသိအောင် စစ်ဆေးကြည့်သင့်ပါတယ်။ ရောဂါထိန်းချုပ်ကာကွယ်ရေးအဖွဲ့က ကိုယ်ဝန်ဆောင်အမျိုးသမီးတိုင်းကို စစ်ဆေးဖို့ ညွှန်ကြားထားပါတယ်။ လိင်ကနေကူးစက်တဲ့ရောဂါတွေ အများစုက ပဋိဇီဝဆေးတွေနဲ့ ကုသလို့ရပါတယ်၊၊ စောစာကုသမှုခံယူနိုင်လေ ကလေးကို ထိခိုက်နိုင်ခြေနည်းလေပါပဲ။
ကျန်းမာဘေးကင်းအောင် နေကြမယ်
ကိုယ်ဝန်ရှိချိန်မှာ ကျန်းမာဘေးကင်းအောင် ဘာတွေသိထားရမလဲ
ကိုယ်ဝန်ရှိရင် အရာရာတိုင်းကို လိုက်စိတ်ပူနေတတ်တာ သဘာဝပါပဲ။ အဲဒါက မိခင်စိတ်ဓာတ်စပြီး ပေါက်ဖွားလာလို့ပါ။ ဒီလိုစိုးရိမ်နေတာက ကလေးလေးကို တစ်ခုခုမဖြစ်ရအောင် ကာကွယ်ပေးချင်လို့ပါ။ ခန္ဓာကိုယ်က တက်ကြွနေသေးရင် အားကစားတစ်ခုခုလုပ်ချင်လာတတ်ပါတယ်။ အားကစားလုပ်တာက ကျန်းမာစေတာမှန်ပေမယ့် တချို့ဟာတွေက ကလေးလေးကို အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ ရှောင်ရမှာလေးတွေကို အောက်မှာပြောပြပေးထားပါတယ်။
- စက်ဘီးစီးခြင်း-စက်ဘီးစီးတာက အခုမှစသင်တာဆိုရင် အဆင်မပြေပေမယ့် တတ်ထားပြီးသားဆို ၆လအထိစီးလို့ ရပါတယ်။ ၆လဆိုရင်တော့ ဗိုက်နဲ့ သက်သောင့်သက်သာ မဖြစ်ရင် မစီးသင့်ပါဘူး၊၊
- တစ်ယောက်နဲ့ တစ်ယောက်တိုက်ခိုက်ရတဲ့ အားကစားမျိုး၊ အားသုံးရတာမျိုး၊ ဘောလုံး၊ ဘတ်စကတ်ဘောတွေက လေ့ကျင်တဲ့အခါမှာ တိုက်မိတာ၊ ကစားနေတုန်း လဲကျစေနိုင်ပါတယ်။
- မြင်းစီးခြင်း- ကိုယ်က မြင်းစီးတော်တယ်ဆိုရင်တောင် မိခင်ရော ကလေးရဲ့အသက်ကိုပါစွန့်ပြီး မကစားသင့်ပါဘူး။ ကိုယ်ဝန်ရှိတာကို သိကတည်းက မစီးသင့်တော့ပါဘူး။
- ချွေးထုတ်ခန်းသွားရေချိုးခြင်း- ရေပူကန်ထဲစိမ်တာ၊ ချွေးထုတ်ခန်းထဲထိုင်တာက ကလေးကို ထိခိုက်စေနိုင်ပါတယ်။ ဘာလို့ဆို အပူချိန်အရမ်းများတာ ကလေးအတွက် ကိုယ်အင်္ဂါတွေ ထိခိုက်စေနိုင်လို့ပါ။
- ပြေးခြင်း- အင်တိုက်အားတိုက် မဟုတ်ဘဲ ခပ်ရွရွ ပြေးနိုင်ပါတယ်၊၊ ၆လမြောက်လောက်ရောက်ရင်တော့ လဲကျနိုင်ခြေ များလာပြီမို့ ဂရုစိုက်ပြီးပြေးကြပါနော်။ အပြင်ဘက်က ရာသီဥတုအခြေနေလည်း သတိထားပေါ့။ အရမ်းပူနေရင်၊ လမ်းရေစိုနေရင် မကောင်းဘူးနော်။ ပြီးတော့ ချွေးတွေထွက်သွားတာဆိုတော့ ရေလဲများများသောက်ကြဦးနော်။
- ရေငုပ်ခြင်း-ကိုယ်ဝန်ရှိနေတုန်း လုံးဝမလုပ်သင့်တာပါနော်။ ရေပြင်ပေါ်ပြန်တက်လာရင် သွေးထဲမှ လေပူပေါင်းတွေဖြစ်တဲ့အထိ ဆူလာလို့ ကလေးရော မိခင်အတွက်ပါ မကောင်းပါဘူး။
- တင်းနစ်-တင်းနစ်က ကိုယ်ဝန်မရှိခင်က ဆော့တာတော့ ကောင်းပါတယ်။ ကိုယ်ဝန်ရှိလာပြီဆို ကိုယ့်ကိုယ်ကို ထိန်းတဲ့အခါ၊ ရုတ်တရက်လှုပ်ရှားရတာမျိုးဆို ပြဿနာတက်နိုင်ပါတယ်။
- ရေလွှာလျှောစီးခြင်း- ပြုတ်ကျပြီး ဗိုက်ကိုထိခိုက်နိုင်ခြေအများဆုံး ကစားနည်းကိုပြောပါဆို ရေလွှာလျှောစီးတာပါပဲ။
ကိုယ်ဝန်မရှိခင်က အားကစားလုပ်ရတာ ကြိုက်တယ်ဆိုရင်တောင် ကိုယ်ဝန်ရှိလာရင် ကလေးကို ထိခိုက်စေမယ့် ကစားနည်းတွေကို ရှောင်သင့်ပါတယ်၊၊ ပုံမှန်လေ့ကျင့်ခန်းလုပ်ဖို့ကိုတော့ ဆရာဝန်က ညွှန်ကြားပေးမှာပါ။
နောက်အပတ်မှာ ဘာတွေဆက်ဖြစ်ဦးမလဲဆိုတာကို ဆက်ဖတ်ကြည့်ပါဦး။
ရေးသားသူ- Hmwe Sann Eain
[embed-health-tool-due-date]