ကိုယ်ဝန်ဆောင်ချိန်က မိခင်ရော ကလေးပါကျန်းမာဖို့လိုတာကြောင့် ပေါ့ပေါ့ဆဆနေလို့မဖြစ်ပါဘူး။ ဒီတစ်ခေါက်တော့ ကိုယ်ဝန်ဆောင်မေမေတို့ သိထားဖို့လိုမယ်ရေမြွာရည်ကို ပိုးဝင်ကူးစက်တဲ့အကြောင်းလေးပြောပြပေးချင်ပါတယ်။
ရေမြွာဆိုတာ
ရေမြွာဆိုတာက အရည်တွေနဲ့ပြည့်နေတဲ့အိတ်လေးပါ။ ရေမြွာအိတ်ကလေးက ဘေဘီလေးအတွက် အိမ်ကလေးပေါ့။ ဘေဘီလေးရဲ့ ရှင်သန်ကြီးထွားမှုကို ထောက်ပံ့ပေးနေတဲ့ စနစ်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ရေမြွာရည်တွေက သားအိမ်ထဲက သန္ဓေသား လေးကို ဖုံးလွှမ်းပေးထားပါတယ်။ ရေမြွာအိတ်ဟာ တစ်ခါတလေမှာ အရည်နည်းလွန်းတာတွေ၊ များလွန်းတာတွေဖြစ်တတ်ပြီး ဒါတွေက အချင်းကို ပိုးဝင်စေပါတယ်။
ရေမြွာရည်ပိုးဝင်ကူးစက်ခြင်း
ရေမြွာရည်ပိုးဝင်ကူးစက်တယ်ဆိုတာက သန္ဓေသား၊ ချက်ကြိုး၊ အချင်းတို့ကို ကာကွယ်ပေးထားတဲ့ ရေမြွာအိတ်ရဲ့ အမြှေးပါး ဒါမှမဟုတ် အရည်ထဲကို ဝင်ရောက်ကူးစက်တာပါ။ ဒီကူးစက်မှုက မိခင်ရော ကလေးကိုပါထိခိုက်စေနိုင်ပါတယ်။ များသောအားဖြင့် မိန်းမကိုယ်ကနေတင့် ဘက်တီးရီးယားတွေကူးစက်တာကြောင့်ဖြစ်ရတာပါ။ E. coli ဒါမှမဟုတ်B streptococci အမျိုးအစား ဘက်တီးရီးယားတွေကူးစက်ခံရတာကြောင့်ဖြစ်တာပါ။ ကိုယ်ဝန်ဆောင်ကာလ ၃၅ ပတ်လောက်မှာ စစ်ဆေးသိရှိနိုင်ပါတယ်။
ဘယ်လောက်ထိအဖြစ်များလဲ
ကိုယ်ဝန်ဆောင်အမျိုးသမီး ၅ ဦးမှာ ၂ ဦးလောက်ရေမြွာရည်ပိုးဝင်ကူးစက်တာကို ခံစားကြရပါတယ်။
ဘယ်သူတွေမှာ ပိုဖြစ်နိုင်လဲ
- အချိန်မတိုင်ခင် ရေမြွာပေါက်တဲ့သူတွေ
- ကိုယ်ဝန်ဆောင်ကာလ အရမ်းကြာလွန်းတဲ့သူတွေက အခြားသူတွေထက်ရေမြွာရည်မှာ ပိုးဝင်ကူးစက်ခံရနိုင်ခြေပိုများပါတယ်။
ဘယ်လိုလက္ခဏာတွေတွေ့ရနိုင်လဲ
ရေမြွာပိုးဝင်ကူးစက်တဲ့အခါ အခုလိုလက္ခဏာတွေတွေ့ရနိုင်ပါတယ်။
- အဖျားတက်မယ်
- မိခင်ရော ရင်သွေးပါနှလုံးခုန်နှုန်းမြန်လာမယ်
- အထိမခံနိုင်အောင်နာမယ်
- သားအိမ်ကနာသလိုခံစားရမယ်
- အရည်တွေစိမ့်ထွက်မယ်
- ရေမြွာက အနံ့ဆိုးတွေထွက်လာမယ်။
ဘယ်လိုကုသမလဲ
ဆရာဝန်က ရောဂါပိုး ကူးစက်ခံထားရတယ်လို့တွေ့ရှိရတဲ့အခါ ပိုးသတ်ဆေးပေးပါလိမ့်မယ်။ တစ်ခါတလေမှာတော့ ကလေးကို ခွဲမွေးလိုက်တာမျိုးလုပ်တဲ့ ကုထုံးလည်းရှိပါတယ်။ တကယ်လို့ ကလေးမှာပါရောဂါပိုး ကူးစက်ခံထားရင်တော့ ကလေးကိုပါ ပိုးသတ်ဆေးတိုက်ပေးမှာဖြစ်ပါတယ်။
နောက်ဆက်တွဲဘာတွေဖြစ်နိုင်လဲ
တကယ်လို့ ပိုးဝင်ကူးစက်မှုကပြင်းထန်မယ်၊ မကုသဘဲထားမယ်ဆိုရင်နောက်ဆက်တွဲရောဂါတွေခံစားရနိုင်ပါတယ်။
- မိန်းမကိုယ်မှာ ပိုးဝင်ကူးစက်မယ်၊ ဝမ်းဗိုက်ပိုင်း မှာပိုးဝင်ကူးစက်မယ်
- သားအိမ်အတွင်းနံရံမှာ ပိုးဝင်ကူးစက်မယ်
- မွေးလမ်းကြောင်းနဲ့ အဆုတ်မှာသွေးခဲတာမျိုးတွေဖြစ်မယ်
- သွေးဆိပ်တက်တာမျိုးဖြစ်မယ် (ပြင်းထန်ရင် အသက်သေဆုံးတာမျိုးဖြစ်မယ်)။
ဘေဘီလေးမှာ ဘာတွေဖြစ်နိုင်မလဲ
ဘေဘီလေးမှာကတော့ ပိုးဝင်ကူးစက်ခံရတဲ့အခါ
- သွေးဆိပ်တက်တာ
- ဦးနှောက်အမြှေးပါးနဲ့ နာဗ်ကြောမှာ ပိုးဝင်ကူးစက်တာ
- အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေဖြစ်နိုင်ပါတယ်။
ဒါကြောင့် ကိုယ်ဝန်ဆောင်မေမေအနေနဲ့ ကိုယ်တိုင်ရောဘေဘီလေးပါကျန်းမာနေစေဖို့ ဒီအချက်လေးကိုလည်း သတိထားဖို့လိုပါမယ်။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။