ကလေးလေးတွေ မိခင်ဗိုက်ထဲမှာဘယ်လိုအသက်ရှူလဲ

    ကလေးလေးတွေ မိခင်ဗိုက်ထဲမှာဘယ်လိုအသက်ရှူလဲ

    သင့်ဗိုက်ထဲမှာရှိစဉ် ကလေးတွေဟာ ပါးစပ်ကရော နှာခေါင်းကပါ အသက်မရှူကြပါဘူး။ ပထမဆုံးအကြိမ်အသက်ရှူခြင်းကို မွေးဖွားပြီးမှသာပြုလုပ်ကြတယ်။ သင့်ဗိုက်ထဲမှာရှိစဉ်က ကလေးဟာ ရေမြွှာရည်ပတ်လည်ဝိုင်းပြီး ကြီးပြင်းလာခဲ့တာပါ။ ကျွန်ုပ်တို့ အသက်ရှူနေချိန် ကားလိုက်၊ပြန်ကျုံ့လိုက်ဖြစ်နေတတ်တဲ့ ကျွန်ုပ်တို့ရဲ့အဆုတ်လိုမဟုတ်ဘဲ ဗိုက်ထဲကသန္ဓေသားလေးရဲ့ အဆုတ်ဟာ ကောင်းစွာမဖွံ့ဖြိုးသေးဘဲ ရေမြွှာရည်တွေနဲ့ပြည့်နေပြီး၊ ပြန့်ကားနိုင်ခြင်းလည်းမရှိသေးပါဘူး။ ထိုသန္ဓေသားလေးတွေက အောက်စီဂျင်ရယူခြင်း အပါအဝင် အသက်ရှူခြင်းရဲ့ကောင်းကျိုးတွေကို မိခင်အကူအညီနဲ့ရရှိကြပါတယ်။

    ပုံမှန်အသက်ရှူခြင်းအကြောင်း

    သွေးစီးကြောင်းကဆက်သွယ်ပေးထားတဲ့ သင့်အဆုတ်နဲ့ သွေးလှည့်အဖွဲ့အစည်းက ခန္တာကိုယ်အတွက်လိုအပ်တဲ့ အောက်စီဂျင်နဲ့ အာဟာရတွေကို သယ်ပေးပြီး မလိုအပ်တဲ့အညစ်အကြေးတွေကို စွန့်ပစ်ပေးပါတယ်။ ပုံမှန်ဝင်သက်ထွက်သက်ဟာ အဆုတ်ကတဆင့် အောက်ဆီဂျင်ပါတဲ့လေတွေကို သွေးကြောနံရံတွေကိုဖြတ်ပြီး သွေးတွေဆီရောက်အောင်ပို့ပေးပါတယ်။ သွေးထဲကကာဗွန်ဒိုင်အောက်ဆိုဒ်တွေဖယ်ခြင်း၊ ခန္တာကိုယ်သို့အာဟာရများပို့ဆောင်ခြင်းကိုလည်း ထိုကဲ့သို့သောစနစ်ကပဲလုပ်ဆောင်ပါတယ်။

    ဗိုက်ထဲမှာရှိနေစဉ်မှာ သင့်ကလေးရဲ့ သွေးလှည့်အဖွဲ့အစည်းက ဖွံ့ဖြိုးဆဲဖြစ်တာကြောင့် ပုံမှန်အဆုတ်ကလုပ်ဆောင်တဲ့ အလုပ်တွေကို မိခင်နဲ့ကလေးကိုတွယ်ဆက်ပေးထားတဲ့ အချင်းနဲ့ချက်ကြိုးကသာ လုပ်ဆောင်ရပါတယ်။

    ကိုယ်စားအသက်ရှူပေးသူ

    ဗိုက်ထဲကကလေးငယ်လေးတွေဟာ မိခင်နဲ့ အချင်းနဲ့ချက်ကြိုးနေတဆင့် အောက်စီဂျင်၊ ကာဗွန်ဒိုင်အောက်ဆိုဒ် အပေးအယူ အလဲအလှယ်လုပ်ကြတယ်။ ကလေးကိုတွယ်ထားတဲ့ချက်ကြိုးဟာ အချင်းနဲ့တစ်ဆက်ထဲရှိနေပြီး အချင်းကမိခင်ရဲ့သားအိမ်နံရံကိုတွယ်ကပ်ထားပါတယ်။ တနည်းအားဖြင့် မိခင်ဟာကလေးအတွက်ပါ အသက်ရှူပေးနေတာပေါ့။ မိခင်ဟာ အောက်စီဂျင်ပါတဲ့ လေတွေကိုရှူသွင်းလိုက်ပြီး ထိုလေတွေက သူတို့သွေးစီးကြောင်းကတဆင့် အချင်းနဲ့ချက်ကြိုးကိုဖြတ်သန်းကာ ကလေးဆီရောက်တယ်။ ထိုနည်းအတိုင်းပဲ ကလေးဆီမှ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေက ချက်ကြိုးနဲ့အချင်းကနေတဆင့် မိခင်သွေးလမ်းကြောင်းထဲပြန်ရောက်ပြီး မိခင်ကရှူထုတ်လိုက်ပါတယ်။ ကလေးခန္ဓါကိုယ်မှအညစ်အကြေးစွန့်ပစ်ပစ္စည်းများကိုလည်း ထိုနည်းအတိုင်းပဲစွန့်ထုတ်ပါတယ်။

    အသက်ရှူလေ့ကျင့်ခြင်းနှင့် အသက်ရှူရန်အဆုတ်ကလိုသည့် ဆာဖက်တန့်ပစ္စည်း (surfactant)

    မမွေးဖွားသေးတဲ့ ကလေးငယ်တွေဟာ တကယ်အသက်မရှူကြသေးပေမယ့် သင့်ဗိုက်ထဲမှာရှိနေစဉ် အသက်ရှူလေ့ကျင့်ခန်းကိုတော့ ပြုလုပ်ကြပါတယ်။ ကိုယ်ဝန်ကိုးပတ်လောက်ရောက်လာတာနဲ့အမျှ သန္ဓေသားဟာ အသက်ရှူတာနဲ့ဆင်တူတဲ့ လှုပ်ရှားမှုလေးတွေ လုပ်တတ်လာတယ်။ ကိုယ်ဝန်ဆောင်ကာလဆုံးခါနီးတဲ့အခါ အသက်ရှူလေ့ကျင့်ခန်းပိုလုပ်လာပြီး ရေမြွှာရည်တွေကို ရှူသွင်း ရှူထုတ်လုပ်တတ်ပါတယ်။ သူတို့ရဲ့အသက်ရှူတဲ့လေ့ကျင့်မှုတွေက သူတို့မွေးဖွားလာပြီးနောက်မှာ အသက်မြန်မြန်နဲ့မှန်မှန်ရှူတတ်ဖို့ ကူညီပေးတယ်။ ကိုယ်ဝန်ဆောင်ကာလ ကြာလာတာနဲ့အမျှ မိခင်ရဲ့ရေမြွှာရည်ထဲမှာ ကလေးအဆုတ်အတွက်လိုအပ်တဲ့ ဆာဖက်တန့် ပစ္စည်း (surfactant) တစ်မျိုးထွက်လာပြီး ထိုပစ္စည်းဟာ ကလေးရဲ့အဆုတ်အတွင်းနံရံကိုအုပ်ပေးကာ အဆုတ်ထဲကလေအိတ်လေးတွေပွင့်နေဖို့နဲ့ အဆုတ်မ ပြားသွားဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့အရာတစ်မျိုး ဖြစ်ပါတယ်။

    ပထမဆုံးအသက်ရှူခြင်း

    ကလေးငယ်တွေဟာ သူတို့မွေးဖွားလာပြီး ပထမဆုံးငိုလိုက်တဲ့အချိန်မှာပဲ ပထမဆုံးအသက်စရှူကြပါတယ်။ တချို့ကလေးက အလိုအလျောက်ငိုသော်လည်း တချို့ကတော့ ဆရာဝန်တွေ သူနာပြုတွေက နည်းနည်းကူညီပေးရတတ်တယ်။ ကလေးတွေဟာ လူ့လောကထဲဝင်ဝင်ချင်းမှာ ပြောင်းလဲသွားတဲ့ပတ်ဝန်းကျင်ကြောင့် ရုတ်တရတ်ရှိုက်လိုက်ရင်း ငိုကြွေးကာ ထိုအချိန်မှာ အသက်စရှူကြပါတယ်။

    မွေးဖွားပြီးနောက် ချက်ကြိုးဖြတ်လိုက်ပြီးတာနဲ့ မွေးကင်းစကလေးဟာ သူတို့အဆုတ်ကိုစတင်အသုံးပြုရပါပြီ။ အဆုတ်ထဲမှရေမြွှာရည်တွေ စုပ်ထုတ်လိုက်ပြီး အဆုတ်ကားလာနဲ့တပြိုင်နက် ခုဆိုကလေးငယ်ဟာ ဝင်သက်ထွက်သွက် စတင်ရှူရှိုက်ကြပါပြီ။ အဆုတ်နဲ့ သွေးကြောတွေမှာ သွေးလှည့်လည်မှုတွေကောင်းလာကာ သူတို့ခန္ဓါကိုယ်ကိုအောက်စီဂျင်ပို့ပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်တွေကို စတင်ဖယ်ထုတ်ကြပါတော့တယ်။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    ရင်းမြစ်များ

    How Do Babies Breathe in the Womb?
    http://www.livestrong.com/article/27084-babies- breathe-womb/
    Accessed: March 23 2017How Do Babies Breathe in the Womb?
    http://www.livestrong.com/article/27084-babies- breathe-womb/

    စာရေးသူ ဓာတ်ပုံbadge
    Dr.Aye Myat Myat Noe မှ ရေးသားသည်။ 13/05/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
    Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။