ကိုယ့်
ကျန်းမာရေးတစ်ခုတည်းကြော
င့် ဆေးလိပ်ဖြတ်ဖို့ ခက်နေသေးတယ်ဆိုရင် ကိုယ်ဝန်ရှိတယ်၊ ဒါမှမဟုတ် ကိုယ်ဝန်ယူတော့မယ်လို့ စိတ်ကူးမိတာနဲ့ ကိုယ့်ကလေးအတွက်တော့ ဆေးလိပ်ဖြတ်သင့်နေပါပြီ။ ဘာကြောင့်လဲဆိုတော့ မိမိကိုယ်တိုင် ဆေးလိပ် သောက်ရင် သင့်ကိုယ်ဝန်မရခင်၊ ကိုယ်၀န်ဆောင်ကာလနဲ့ မွေးပြီးတဲ့အခါ သုံးချိန်စလုံးကို ဆေးလိပ်က ထိခိုက်စေတာမို့လို့ပါပဲ။ ဒီတစ်ခေါက်တော့ ကိုယ်ဝန်ဆောင်ချိန်မှာ ဆေးလိပ်ငွေ့ရှူတဲ့အခါ ဘာတွဖြစ်နိုင်လဲဆိုတာကို ပြောပြပေးချင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ဆေးလိပ်ငွေ့ရှူတဲ့အခါ
ဘယ်လို ဆေးလိပ် အမျိူးအစားမှာမဆို ပါ၀င်တဲ့
နီကိုတင်းဓာတ်၊ ကာဗွန်မိုနောက်ဆိုက်နဲ့ တခြားမြောက်မြားစွာသော အဆိပ်အတော
က်တွေဟာ သင်ရှူသွင်းရာက သွေးကြောထဲကတဆင့် သင့်ကလေးဆီကို တိုက်ရိုက်ရောက်ပါတယ်။ အကျိူးဆက်အနေနဲ့ သင်ကိုယ်တိုင်နဲ့ သင့်ရဲ့ ကြီးထွားနေတဲ့ကလေးကို အောက်ဆီဂျင်ပမာဏ လျော့နည်းစေပါတယ်။ ကလေးရဲ့ နှလုံးခုန်နှုန်းကို မြန်စေပါတယ်။ ကိုယ်၀န်ပျက်ကျခြင်း၊ သားလျှောခြင်းတွေကို ဖြစ်စေပါတယ်။ လမစေ့ဘဲမွေးတာ၊ ပေါင်မပြည့်ဘဲ မွေးတာတွေ၊ ကိုယ်အင်္ဂါမပြည့်စုံတာတွေလည်း ဖြစ်တတ်ပါတယ်။ ရုတ်တရက် ကလေးအသက်သေဆုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။ ဆေးလိပ် သောက်တာ များလေလေ၊ ဒါမှမဟုတ် သူများသောက်တဲ့ ဆေးလိပ်ငွေ့ကို ရှူရှိက်ရတာ များလေလေ အပေါ်က ကျန်းမာရေးပြဿနာတွေ ရင်ဆိုင်ရတာများလေလေပါပဲ။ကိုယ်၀န်ဆောင်စဉ်မှာ ဆေးလိပ်နဲ့ထိတွေ့တာ ဘယ်လောက်ထိရတယ်၊ ဘယ်လောက်ထိဆို အန္တရာယ်ကင်းတယ်ဆိုတဲ့ safe level မရှိတဲ့အတွက် လုံး၀ကိုရှောင်ကြဉ်ရမှာပါ။
တချို့တွေက ကိုယ်ကိုယ်တိုင်ဆေးလိပ်မသောက်ပေမယ့် မိသားစု၀င်တစ်ဦးဦးက ဆေးလိပ်သောက်တဲ့အခါ မီးလောင်နေတဲ့ ဆေးလိပ်ကထွက်တဲ့ အငွေ့နဲ့ ဆေးလိပ်သောက်သူက ရှူထုတ်လိုက်တဲက အငွေ့နှစ်မျိုးပေါင်းကို ရရှိခံစားရတာပါ။ ဆေးလိပ် ဒါမှမဟုတ် စီးကရက်ရဲ့ ကုန်ခါနီး ဖင်ဆီခံကို လောင်ကျွမ်းလို့ထွက်လာတဲ့ အငွေ့တွေထဲမှာ နီကိုတင်း၊ ကတ္တရာ၊ ကာဗွန်မိုနောက်ဆိုက်စတဲ့ အဆိပ်တွေဟာ တကယ်ဆေးလိပ်သောက်တဲ့လူ ရှူသွင်းလိုက်တာထက် ပိုလို့တောင် ပမာဏများများနဲ့ပါ၀င်နေပါတယ်။
ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်တိုင်ဆေးလိပ်မသောက်သော်ငြား အတူနေမိသားစုဝင်တစ်ယောက်ယောက် သောက်တဲ့ဆေးလိပ်ငွေ့ကို ပုံမှန်လိုရှူနေရရင် ကလေးအသေမွေးခြင်း၊ ပေါင်မပြည့်လမစေ့မွေးခြင်း၊ ကိုယ်လက်အင်္ဂါမစုံလင်ခြင်းတွေ
အပြင် အခြားသော ကိုယ်၀န်ရဲ့ နောက်ဆက်တွဲပြဿနာတွေပိုကြုံရနိုင်ပါတယ်။ ဒါ့အပြင် မွေးလာတဲ့ကလေးတွေအနေနဲ့ ပန်းနာရင်ကျပ်ရောဂါ၊ ဓာတ်မတည့်ရောဂါ၊ အဆုတ်နဲ့ နားဆိုင်ရာပြသနာတွေ၊ ရုတ်တရက်နားလေးခြင်း စတာတွေ ကြုံရနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ဆေးလိပ်ငွေ့ကို ဘယ်လိုရှောင်မလဲ။
အသုံး၀င်တဲ့ နည်းလမ်းတချို့ကိုဖော်ပြပေးလိုက်ပါတယ်။
- ကိုယ်ဝန်ယူဖို့ စပြီး ကြိုးစားတည်းက ဆေးလိပ်ဖြတ်ပါ။ တတ်နိုင်သမျှ ဆေးလိပ်ငွေ့တွေနဲ့ မထိတွေ့မိအောင် နေပါ။
- ကိုယ့်ရဲ့ အိမ်ကို ဆေးလိပ်ကင်းစင်နေရာအဖြစ်သတ်မှတ်ပါ။ မိသားစုဝင် ဒါမှမဟုတ် အိမ်လာလည်တဲ့ ဧည့်သည်ကို အိမ်တွင်းမှာ ဆေးလိပ်မသောက်ဖို့ ပြောပြထားပါ။
- ဆေးလိပ်သောက်တဲ့ သင့်မိတ်ဆွေအပေါင်းအသင်းတွေကို သင့်အနားမှာ ဆေးလိပ်မသောက်ဖို့ပြောပါ။
- သင်က အရင်က ဆေးလိပ်သောက်တဲ့သူဖြစ်မယ်ဆိုရင် လက်ဖက်ရည်၊ ကော်ဖီ၊ လက်ဖက်၊ green tea စတဲ့ ကဖင်းပါတဲ့ အစားအသောက်တွေကို တတ်နိုင်သမျှရှောင်ပါ။ ကဖင်းက ဆေးလိပ်သောက်ချင်စိတ်ကိုဖြစ်စေတတ်လို့ပါပဲ။
- ဆေးလိပ်ဖြတ်ဖို့အပြင် အရက်ကိုလဲ ရှောင်ကြဉ်သင့်ပါတယ်။ အရက်ဟာ သင့်ကိုယ်သင်ရော၊ ရင်သွေးအတွက်ပါ လုံးဝကောင်းကျိူးမပေးတဲ့အပြင် အရက်သောက်ခြင်းက ဆေးလိပ်သောက်ချင်စိတ်ကို ပိုတွန်းအားပေးပါတယ်။
- အရင်ဆေးလိပ်သောက်တာနဲ့ အတူတွဲလုပ်နေကျ အပြုအမူတွေကိုပါ ဖြတ်ပါ။ ဥပမာ သင်က အရင်က ကားမောင်းတဲ့အချိန်၊ ဒါမှမဟုတ် စိတ်ဖိစီးတဲ့အချိန်မျိုးမှာ ဆေးလိပ်သောက်တတ်တဲ့သူဆိုရင် ဒါတွေလုပ်နေတဲ့အချိန်မှာ တခြားအလေ့အကျင့်နဲ့ အစားထိုးစလုပ်ကြည့်ပါ။ ဆေးလိပ်သောက်ချင်စိတ် ပေါက်လာတဲ့အခါတိုင်း ပူရှိန်း ဒါမှမဟုတ် ပီကေဝါးကြည့်ပါ။အလွယ်တကူရနိုင်အောင် ဆောင်ထားပါ။
- လှုပ်လှုပ်ရှားရှား တက်တက်ကြွကြွနေပါ။ လမ်းလျှောက်တာဖြစ်ဖြစ်၊ စာဖတ်တာဖြစ်ဖြစ် ကိုယ်ဝါသနာပါတဲ့အရာတွေကို ပြောင်းလဲလုပ်ဆောင်ကြည့်ပါ။
- လူတွေအများကြီး ဆေးလိပ်သောက်တတ်တဲ့နေရာတွေဖြစ်တဲ့ ဘား၊ ကလပ်၊ အရက်ဆိုင်၊ တချို့သော စားသောက်ဆိုင်တွေကို သွားတာကနေ ရှောင်ကြဉ်လိုက်ပါ။
ကိုယ်ဝန်ဆောင်ချိန်မှာ ဆေးလိပ်ငွေ့ရှူတဲ့အခါ မေမေရော ဘေဘီလေးအတွက်ပါ ဆိုးကျိုးတွေ ရှိနိုင်တာကြောင့် သတိထားဖို့ လိုပါမယ်။
Dr. Sein Moe Satt
[embed-health-tool-due-date]