backup og meta

ကိုယ်ဝန်ဆောင်ကာလမှာ အနှိပ်ခံတာက အန္တရာယ်ရှိ မရှိ

ကိုယ်ဝန်ဆောင်ကာလမှာ အနှိပ်ခံတာက အန္တရာယ်ရှိ မရှိ
ကိုယ်ဝန်ဆောင်ကာလမှာ အနှိပ်ခံတာက အန္တရာယ်ရှိ မရှိ

ကိုယ်ဝန်ဆောင်ကာလမှာ မအီမသာဖြစ်တာ၊ ကိုယ်လက်နာကျင်တာကြောင့် အနှိပ်ခံချင်ပေမယ့် တစ်ဖက်မှာလည်း ဒါနဲ့ ပတ်သက်ပြီး ဘယ်လောက်စိတ်ချရသလဲဆိုတာကို မေးခွန်းထုတ်မှုတွေ ရှိနေပါတယ်။ ကိုယ်ဝန်ဆောင်ကာလမှာ အနှိပ်ခံတာက အန္တရာယ်ရှိ မရှိ ဆိုတာက ကိုယ်ဝန်ဆောင် တစ်ယောက်ချင်းစီရဲ့ ကျန်းမာရေးနဲ့သာဆိုင်ပါတယ်။  အောက်မှာ အသေးစိတ်ဆက်ရှင်းပြပါ့မယ်။

ကိုယ်ဝန်ဆောင်ကာလမှာ အနှိပ်ခံတာက အန္တရာယ်ရှိ မရှိ

ကိုယ်ဝန်ဆောင်ကာလမှာ အနှိပ်ခံတာက အန္တရာယ်ရှိ မရှိ ဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။

  • ကိုယ်ဝန်ဆောင်စဉ် နှိပ်နယ်ခြင်း (prenatal massage therapy) ဆိုတာ ဘာလဲ။

ကိုယ်ဝန်ဆောင်ချိန်မှာ နှိပ်နယ်တာက ဇိမ်ခံတယ်ဆိုတာ တစ်ခုထပ် ပိုပါတယ်။ ဒါက ကုသမှုတစ်မျိုးလို့လည်း ပြောနိုင်ပါတယ်။ အနှိပ်ပညာရပ်ကို စိတ်ဖိစီးမှုကို သက်သာစေပြီး ကြွက်သားတွေကို ပြေလျော့စေဖို့ နှစ်ပေါင်းများစွာတည်းက အသုံးပြုခဲ့တာ ဖြစ်ပါတယ်။

လေ့လာချက်တွေအရ prenatal massage therapyက ကိုယ်ဝန်ဆောင်တွေကို စိုးရိမ်ပူပန်မှုတွေကို သက်သာစေပြီး အရိုးအဆစ်နဲ့ ကြွက်သားတွေ နာကျင်ကိုက်ခဲတာကိုလည်း လျော့ပါးစေပါတယ်။ ဒါ့ပြင် မွေးရဖွားရလည်း လွယ်စေပါတယ်။

နိုင်ငံတော်တော်များများမှာ သူတို့ရဲ့ ကိုယ်ပိုင် အနှိပ်နည်းစနစ်ရှိနိုင်ပါတယ်။ ဥပမာ Swedish နှိပ်နယ်နည်းဆိုရင် ခန္ဓာကိုယ်ကို အသာအယာနှိပ်နယ်ပေးပြီး ကြွက်သားတွေကို ပြေလျော့စေတာ၊ သွေးလည်ပတ်မှုကောင်းစေတာ စတဲ့ အကျိုးကျေးဇူးတွေကို ရစေနိုင်ပါတယ်။

  • ကိုယ်ဝန်ဆောင်စဉ် နှိပ်နယ်ခြင်းရဲ့ ကျန်းမာရေးအကျိုးကျေးဇူး

ဟော်မုန်းတွေကို မျှတစေပါတယ်။

လေ့လာချက်တွေအရ ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု အနေနဲ့ prenatal massage therapyကို ထည့်သွင်းလိုက်တာက စိတ်ဖိစီးနေတဲ့အချိန်နဲ့ အနှိပ်ခံပြီး စိတ်တွေ ပြေလျော့နေတဲ့အချိန် ခန္ဓာကိုယ်မှာ ဖြစ်ပေါ်နေတဲ့ ဟော်မုန်းတွေအပေါ် သက်ရောက်မှုရှိနေတာကို တွေ့ရှိရပါတယ်။ ဒီလို ဟော်မုန်းတွေ ကောင်းတဲ့ဘက်ကို ပြောင်းလဲလာတာက စိတ်ကို ကြည်စေပြီး နှလုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

တစ်ပတ်ကို ၂ကြိမ်နဲ့ ၅ပတ်လောက် အနှိပ်ခံတဲ့ အမျိုးသမီးတွေက စိတ်ဖိစီးမှုနဲ့ သက်ဆိုင်နေတဲ့ norepinephrineနဲ့ cortisol ဟော်မုန်းတွေ ထွက်တာနည်းသွားပြီး dopamineနဲ့ serotonin ဟော်မုန်းတွေ များလာတာကို တွေ့ရပါတယ်။

ဒီလိုမျိုး ဟော်မုန်းတွေကောင်းတဲ့ဘက်ကို ပြောင်းလဲလာတာက မွေးတဲ့အချိန်မှာ နောက်ဆက်တွဲ ပြဿနာတွေ နည်းစေသလို ပေါင်မပြည့်ဘဲ ကလေးမွေးတာကိုလည်း ဖြစ်နိုင်ခြေ နည်းစေပါသတဲ့။ ဒီတွေ့ရှိချက်က ကိုယ်ဝန်ဆောင်ချိန်မှာ သင့်တော်တဲ့နည်းနဲ့ အနှိပ်ခံဖို့ ထောက်ခံချက်တစ်ခု ဖြစ်စေပါတယ်။

ဖောရောင်တာတွေ သက်သာစေတယ်။

အဆစ်တွေရောင်တာ၊ ခြေထောက်တွေ ဖောတယ်ဆိုတာက ကိုယ်ဝန်ဆောင်ချိန်မှာ ကြီးလာတဲ့ သားအိမ်က သွေးကြောတွေကို ဖိတာကြောင့် သွေးလည်ပတ်မှုမကောင်းဘဲ သွေးတွေအိုင်လာလို့ပါ။ နှိပ်နယ်ပေးတာက တစ်ရှူးထဲက အရည်တွေကို ထွက်သွားစေလို့ အရောင်ကျစေပါတယ်။ ဒါ့အပြင် ပြန်ရည်တွေကနေ အညစ်အကြေးတွေ ဖယ်ရှားပေးတာကိုလည်း ကူညီပေးပါတယ်။

ထုံတာ၊ ကျင်တာတွေကို သက်သာစေတယ်။

ဥပမာ ပေါင်တန်းနာဆိုရင် ကိုယ်ဝန်ရင့်လာတဲ့အခါ အမျိုးသမီးတော်တော်များများမှာ ကြုံရတတ်ပါတယ်။ အကြောင်းက သားအိမ်က တင်ပဆုံကွင်းနဲ့ ခါးက ကြွက်သားတွေ၊ အာရုံကြောတွေကို ဖိထားတာကြောင့်ပါ။ ဒါကြောင့် ပေါင်နဲ့ ခြေသလုံးမှာ တင်းပြီး ရောင်တာ၊ နာတာတွေ ဖြစ်လာပါတယ်။

ဒီလိုနေရာတွေကို နှိပ်နယ်ပေးတာက ကြွက်သားတွေနဲ့ ပိနေတာကြောင့် ရောင်ရမ်းနေတဲ့ အာရုံကြောတွေကို သက်သာစေပါတယ်။ အမျိုးသမီးတော်တော်များများက အနှိပ်ခံလိုက်တဲ့အခါ ပေါင်တန်းနာကြောင့် တင်ပခွက်နာတာတွေ သက်သာသွားတယ်လို့ ဆိုကြပါတယ်။

အခြားအကျိုးကျေးဇူးများ

အခြားအကျိုးကျေးဇူးအနေနဲ့ ကိုယ်ဝန်ဆောင်ကာလမှာ အနှိပ်ခံတာက

  • ခါးနာတာ သက်သာစေပါတယ်။
  • အဆစ်နာတာ သက်သာစေပါတယ်။
  • သွေးလည်ပတ်မှု ကောင်းစေပါတယ်။
  • အရောင်ကျစေပါတယ်။
  • ကြွက်သားတွေ တင်းတာ၊ ခေါင်းကိုက်တာ သက်သာစေပါတယ်။
  • စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေကို သက်သာစေပါတယ်။
  • တစ်ရှူးနဲ့ ကြွက်သားတွေဆီ အောက်ဆီဂျင် ရစေပါတယ်။
  • အိပ်ပျော်စေပါတယ်။

ကိုယ်ဝန်ဆောင်ကာလမှာ အနှိပ်မခံခင် ဘာတွေ သတိထားရမလဲ။

ကိုယ်ဝန်ဆောင်တွေ အနှိပ်ခံတာက သာမန်လူတွေ အနှိပ်ခံတာနဲ့ မတူပါဘူး။ ဒါကြောင့် ကိုယ်ဝန်ဆောင်တွေကို ကျွမ်းကျွမ်းကျင်ကျင်နဲ့ အန္တရာယ်ကင်းကင်း နှိပ်ပေးနိုင်သူနဲ့ပဲ နှိပ်ရပါမယ်။ ဒါ့ပြင် မနှိပ်ခင်မှာ ဆရာဝန်နဲ့ တိုင်ပင်ဖို့လည်း လိုပါတယ်။ ဥပမာ ပြောရရင် ကိုယ်ဝန်ဆောင်တွေ အနှိပ်ခံတဲ့အခါ

  • ကိုယ်ဝန်ဆောင်ချိန်မှာ ဘေးစောင်းပြီး အနှိပ်ခံတာာ ပိုသင့်တော်ပါတယ်။ မှောက်လျက်၊ ပက်လက် မနေသင့်ပါဘူး။
  • ဝမ်းဗိုက်ကို တိုက်ရိုက် မနှိပ်ရပါဘူး။
  • အားသုံးပြီးလည်း မနှိပ်ရပါဘူး။
  • ခြေထောက်မှာ သွေးခဲရှိနေတဲ့ ကိုယ်ဝန်ဆောင်၊ သွေးကြောထုံးနေတဲ့ ကိုယ်ဝန်ဆောင်တွေဖြစ်နေလားဆိုတာကိုလည်း သူတို့က သေချာစစ်ဆေးပေးပါတယ်။

ဒီအချက်တွေ ရှိနေရင် အနှိပ်မခံခင်မှာ ဆရာဝန်နဲ့ တိုင်ပင်ပါ။

  • မကြာခင်ကမှ သွေးဆင်းထားတဲ့ ကိုယ်ဝန်ဆောင်တွေ
  • လမစေ့ဘဲ မွေးနိုင်ခြေများသူတွေ၊ အရင်က လမစေ့ဘဲ မွေးဖူးသူတွေ
  • ကိုယ်ဝန်ကြောင့် သွေးတိုးနေသူတွေ
  • ကိုယ်ဝန်ဆိပ်တက်သူတွေ
  • ရုတ်တရက် သွေးတိုးပြီး ဖောရောင်ကာ ခေါင်းတွေထိုးကိုက်လာတဲ့သူတွေ
  • မကြာခင်ကမှ ကလေးမွေးထားသူတွေ (တချို့မေမေတွေက ရှေ့ကလေးမွေးပြီး သားဆက်မခြားမိတဲ့အခါ နောက်တစ်ယောက်ချက်ချင်းရသွားနိုင်ပါတယ်။)

ကိုယ်ဝန်ဆောင်ကာလမှာ အနှိပ်ခံတာက အန္တရာယ်ရှိ မရှိ

အထက်ပါ အချက်တွေ မရှိဘူးဆိုရင်တော့ ကိုယ်ဝန်ဆောင်ကာလမှာ အနှိပ်ခံတာက အန္တရာယ်မရှိပါဘူး။ ကိုယ်ဝန်ဆောင်ကာလ ဘယ်အချိန်မှာဖြစ်ဖြစ် အနှိပ်ခံနိုင်ပါတယ်။ ပထမ ၃လပတ်စလို့ နောက်ဆုံးလတွေအထိ အနှိပ်ခံနိုင်ပါတယ်။ ဒါပေမယ့် အနှိပ်ပညာရှင်တော်တော်များများကတော့ ပထမ၃လပတ်မှာ မနှိပ်ပေးကြပါဘူး။ ပထမ၃လပတ်က ကိုယ်ဝန်ပျက်ကျတာ အဖြစ်များတဲ့ကာလဖြစ်လို့ နှိပ်တာနဲ့မဆိုင်ပေမယ့် သို့လော သို့လော တွေးကြမှာစိုးလို့ မနှိပ်ပေးကြတာဖြစ်ပါတယ်။

ရေးသားသူ− Wathun Myat Chal

[embed-health-tool-due-date]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Massage And Pregnancy – Prenatal Massage. http://americanpregnancy.org/pregnancy-health/prenatal-massage/. Accessed August 11, 2016.

Can I get a massage while pregnant?  acog.org/womens-health/experts-and-stories/ask-acog/can-i-get-a-massage-while-pregnant  Accessed August 11, 2016.

American Massage Therapy Association, Massage and Pregnancy: A Powerful Combination, https://www.amtamassage.org/articles/3/MTJ/detail/3852/massage-and-pregnancy-a-powerful-combination Accessed August 11, 2016.

Prenatal Massage Benefits and Safety https://health.clevelandclinic.org/prenatal-massage/ Accessed August 11, 2016.

Is massage safe during pregnancy https://utswmed.org/medblog/massage-pregnancy-guidelines/ Accessed August 11, 2016.

 

 

 

ယခုပုံစံ

18/02/2023

Hello Sayarwon Panel မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကိုယ်ဝန် နှင့် ပတ်သက်ပြီး မှားယွင်းနေသည့် ဆိုရိုးစကား (၇) ချက်

ကိုယ်ဝန်ဆောင်ကာလ မှာ ဘာတွေရှောင်ရမလဲ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Hello Sayarwon Panel မှ ရေးသားသည်။ · 18/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement