brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ကိုယ်ဝန်ဆောင်ချိန် မေမေငိုရင် ကလေး ရုပ်ဆိုးမှာလား!

ငိုကြွေးတာက သာမန်အချိန်တွေမှာ ပြဿနာ မရှိပေမယ့် ဘေဘီလေးကို ကိုယ်ဝန်ဆောင်ထားရချိန်မှာ မိခင်က ငိုနေရင် ကလေးကို ထိခိုက်စေမလား! နောက်ပြီး ရှိသေးတာက ကိုယ်ဝန်ဆောင်ချိန် မေမေငိုရင် ကလေး ရုပ်ဆိုးမှာလား! ဆိုတာပါ။ 

ကိုယ်ဝန်ဆောင်ချိန် မေမေငိုရင် ကလေး ရုပ်ဆိုးမှာလား!

လူတိုင်းမှာ စိတ်ခံစားမှုဆိုတာက ရှိပါတယ်။ ဒါကြောင့်ပဲ စိတ်ခံစားမှုတွေကို ရယ်မောရင်း တလှည့် ငိုကြွေးရင်း တလှည့် ပေါက်ကွဲရင်း တလှည့်နဲ့ ဖော်ပြကြတာပေါ့။ ဒီလို အမျိုးမျိုးသော စိတ်ခံစားမှုတွေကို ဖော်ပြတဲ့အခါ ငိုကြွေးရင်း ဖော်ပြကြတာမျိုးလည်း ရှိပါတယ်။ ငိုကြွေးလိုက်တာက စိတ်ဖိစီးမှုတွေကို ပြေလျော့စေဖို့ရော တင်းကျပ်နေတဲ့ ခံစားရမှုတွေကို သက်သာစေဖို့ရော အထောက်အကူတော့ ဖြစ်ပါတယ်။ ဒီလို ငိုကြွေးတယ် ဆိုတဲ့နေရာမှာလည်း အချိန်တိုင်း ငိုနေတာမျိုး မဟုတ်ပါဘူး။ စိတ်ခံစားမှု အခြေအ​နေ ပြောင်းလဲမှုကို လိုက်ပြီး ငိုကြွေးကြတာပါ။ 

ကိုယ်ဝန်ဆောင်ချိန်မှာ ငိုကြွေးတာ ပုံမှန်ပဲလား!

ကိုယ်ဝန်ဆောင်ချိန်မှာ ငိုကြွေးတာက ပုံမှန်ပဲလို့ ဆိုရမယ့် ဖြစ်လေ့ဖြစ်ထရှိတဲ့ အခြေအနေလေး တစ်ခုပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ ဟော်မုန်း ပြောင်းလဲတာ စိတ်ခံစားမှု ပြောင်းလဲတာတွေကြောင့် စိတ်ခံစားမှု မကောင်းဖြစ်ပြီး ကိုယ်ဝန်ဆောင်ချိန်မှာ ငိုကြွေးတာကို ဖြစ်စေတာပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ ငိုကြွေးတာက အဓိကအားဖြင့်ကတော့ ဟော်မုန်း ပြောင်းလဲမှုကြောင့်ပါ။

ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်တွင်းက ဟော်မုန်းတွေ ပြောင်းလဲတာကြောင့် ထိရှလွယ်ပြီး စိတ်ခံစားမှု ပြောင်းလဲတာကို ဖြစ်စေပြီး ကိုယ်ဝန်ဆောင်ချိန်မှာ ငိုကြွေးတာကို ဖြစ်စေတာပါ။ 

ဘာတွေကြောင့်များ ကိုယ်ဝန်ဆောင်ချိန်မှာ ငိုကြွေးကြတာလဲ!

ကိုယ်ဝန်ဆောင်ချိန် မေမေ ငိုကြွေးရတဲ့ အချက်တွေကတော့ အများကြီးပါ။ ဘာတွေကြောင့်လဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။

ကိုယ်ဝန်ဆောင် ပထမ ၃ လပတ် 

ကိုယ်ဝန်ဆောင်ချိန်မှာ အမျိုးသမီးခန္ဓာကိုယ်ထဲမှာ အီစထရိုဂျင် နဲ့ ပရိုဂျက်စတင် ဟော်မုန်းတွေ အမြင့်ဆုံး ပမာဏကို ရောက်ရှိနေတာကြောင့် ခြေကုန်လက်ပမ်းကျတာ၊ မအီမသာဖြစ်တာ၊ အားနည်းတာ၊ ဇီဝကမ္မဖြစ်စဉ်တွေ ပြောင်းလဲမှုတွေအပြင် စိတ်ခံစားမှု ပြောင်းလဲတာတွေ ဖြစ်ပေါ်စေပြီး ကိုယ်ဝန်ဆောင်ချိန်မှာ အလွယ်တကူ ငိုချင်တာမျိုး ခံစားရတာပါ။ 

ကိုယ်ဝန်ဆောင် ဒုတိယ ၃ လပတ်

ကိုယ်ဝန်ဆောင်ကာလ ဒုတိယ ၃ လပတ်ကို ရောက်လာချိန်မှာ ကိုယ်တွင်းမှာ မြန်ဆန်တဲ့ ပြောင်းလဲမှုတွေကို ဖြစ်စေပြီး ဝက်ခြံ နဲ့ အကြောပြတ်ရာတွေကို ဖြစ်စေနိုင်သလို မကြာခဏဆိုသလို ဆီးသွားတာ၊ ခြေကုန်လက်ပမ်း ကျတာတွေကြောင့် ကောင်းကောင်း အိပ်ပျော်ဖို့ ခက်တာကို ခံစားရပါတယ်။ ဒီလို ခံစားရမှုတွေကပဲ ကိုယ်ဝန်ဆောင် ဒုတိယ ၃ လပတ်မှာ ငိုကြွေးတာကို ဖြစ်စေတာပါ။ 

ကိုယ်ဝန်ဆောင် တတိယ ၃ လပတ်

မွေးဖို့ ရက်နီးလာလေလေ မွေးဖွားချိန်မှာ နာကျင်မှာကို ကြောက်တာ၊ ကလေးမွေးဖွားရမှာကို စိုးရိမ်တဲ့စိတ်၊ ကိုယ်အလေးချိန် တက်လာတာ၊ ငွေကြေးဆိုင်ရာ ဖိအားတွေကြောင့်လည်း ကိုယ်ဝန်ဆောင်ချိန်မှာ ငိုကြွေးတာကို ဖြစ်စေနိုင်ပါတယ်။ 

ဘယ်လို အခြေအနေဆိုရင် စိုးရိမ်ဖို့ လိုမလဲ!

ပုံမှန်အားဖြင့်ကတော့ ကိုယ်ဝန်ဆောင်ချိန်မှာ ငိုကြွေးတာက ပုံမှန် ကိစ္စ မဟုတ်ပေမယ့် အမြဲလိုလို ငိုချင်နေမယ်ဆိုရင်တော့ ရေရှည်မှာ စိတ်ဓာတ်ကျတာကို ခံစားရနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ငိုကြွေးတာက အခုလို အခြေအနေတွေဆိုရင် စိတ်ပူစရာ လိုမှာပါ။

  • ဝမ်းနည်းပြီး မျှော်လင့်ချက်မဲ့သလို ခံစားရမယ်
  • တစ်ချိန်လုံး ငိုနေမယ်
  • ကိုယ့်ကိုယ်ကို တန်ဖိုးမဲ့သလို ခံစားနေရမယ်
  • အပြစ်ရှိသလို ခံစားရမယ်
  • အိပ်ရေးပျက်မယ်
  • အစားစားချင်စိတ် မရှိတာမျိုး ဖြစ်မယ်
  • စိတ်အားထက်သန်မှု ကင်းမဲ့နေမယ်
  • ဘာမှလုပ်ဖို့ စိတ်မဝင်စားဘူး ဖြစ်နေမယ်
  • ထိုင်းမှိုင်းနေမယ်
  • အပျက်သဘောဆောင်တဲ့ အတွေးတွေ ရှိနေမယ်
  • ကိုယ့်ကိုယ်ကိုယ် သတ်သေချင်စိတ် ဖြစ်နေတာမျိုး ဖြစ်နေမယ်ဆိုရင်တော့ သေချာလေး ဂရုစိုက်ဖို့ လိုအပ်နေပါပြီ။ 

ကိုယ်ဝန်ဆောင်ချိန် မေမေငိုရင် ကလေး ရုပ်ဆိုးမှာလား!

ကိုယ်ဝန်ဆောင်ချိန် မေမေငိုရင် ကလေး ရုပ်ဆိုးမှာလား! ဆိုတော့ မဆိုးပါဘူး။ ကိုယ်ဝန်ဆောင်ချိန်မှာ မေမေငိုရင် ကလေးကို ရုပ်ဆိုးစေတာမျိုး မဖြစ်စေပေမယ့် အမြဲလိုလို ငိုနေမယ်၊ စိတ်ဓာတ်ကျနေမယ်၊ စိတ်ဖိစီးနေမယ်ဆိုရင်တော့ ဗိုက်ထဲက ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်ပါတယ်။

ဒီလို ပြောရတာက ဘေဘီလေးက ကိုယ်ဝန်ဆောင်ကာလ ၂၂ ပတ်ကြာပြီးနောက်မှာ မိခင်ရဲ့ ခံစားမှုကို ခံစားနိုင်ပြီ ဖြစ်သလို မိခင်ရဲ့ စကားသံတွေကိုလည်း ကြားနိုင်ပြီ ဖြစ်ပါတယ်။ ဒီလိုမျိုး အတွေ့အကြုံက ကလေးရဲ့ ဘဝတလျှောက်လုံးအပေါ်ကို သက်ရောက်မှု ရှိနေပါတယ်။ 

ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်က ကျန်းမာပျော်ရွှင်နေမှ ကလေးကလည်း ကျန်းမာ​နေမှာပါ။ မိခင်က ကိုယ်ဝန်ဆောင်ချိန်မှာ စိတ်ဓာတ်ကျတာ စိတ်ဖိစီးတာတွေကို ခံစားရပြီး ခဏခဏ ငိုနေရင်းက အာဟာရ ပြည့်ဝအောင် မစားမိတာ ကျန်းမာရေးနဲ့ ညီညွတ်အောင် မနေထိုင်ဖြစ်တာတွေက ကလေးရဲ့ ကြီးထွားမှုကို ထိခိုက်စေပြီး ရေရှည်မှာ – 

  • ကိုယ်ဝန်ပျက်ကျတာ
  • ကလေး ကြီးထွားမှု နောက်ကျတာ
  • လမစေ့မီ မွေးဖွားတာ
  • ပေါင်မပြည့်ဘဲ မွေးဖွားတာ
  • ကလေးက ကိုယ်ခံအားနည်းတာ
  • ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု အားနည်းတာ
  • အပြုအမူပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု အားနည်းတာ
  • သင်ယူနိုင်စွမ်း အားနည်းတာ
  • စိတ်ခံစားမှု ထိန်းချုပ်နိုင်စွမ်း အားနည်းတာမျိုးတွေ ခံစားရနိုင်ပါတယ်။ 

ဒါတွေက ဖြစ်ကို ဖြစ်မယ်ဆိုတာထက် ဖြစ်နိုင်ခြေ ရှိတာကို သတိပေးချင်တာ ဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ ငိုချင်နေတဲ့ စိတ်ကို ဘယ်လို ဖြေဖျောက်မလဲ!

ကိုယ်ဝန်ဆောင်ချိန်မှာ ငိုချင်မိတဲ့ စိတ်ကို ဖြစ်စေတဲ့ အဆိုးမြင်ဝါဒီတွေကို လျှော့ချဖို့ဆိုရင် 

  • ကိုယ့်ကိုယ်ကိုယ် ချစ်ပါ၊ ဂရုစိုက်ပါ
  • အိပ်ရေးဝဝ အိပ်ပါ
  • သူငယ်ချင်းတွေ မိသားစုဝင်တွေနဲ့ စကားစမြည်ပြောပါ
  • မနိုင်ဝန်တွေထမ်းပြီး စိတ်ဖိစီးစေမယ့် အလေ့အထတွေကို ရှောင်ပါ
  • အကောင်းမြင်စိတ်လေး ထားပါ
  • တတ်ကျွမ်းနားလည်သူတွေနဲ့ ဆွေးနွေးမှုခံယူပါ။

# အမေးအဖြေကဏ္ဍ

၁ – ကိုယ်ဝန်ဆောင်ချိန်မှာ ငိုတာက ကလေးကို စိတ်ဖိစီးစေသလား!

မေမေ့ဗိုက်ထဲက ဘေဘီလေးက မေမေနဲ့ ခိုင်မြဲစွာ ရစ်ပတ်ထားမှုတွေကြောင် မေမေရဲ့ ခံစားမှုတိုင်းကို ခံစားနိုင်သလို မေမေ့အသံကိုလည်း ကြားမိနိုင်ပါတယ်။ နောက်ပြီး မေမေ ငိုကြွေးချိန်မှာ ဖြစ်လာတဲ့ စိတ်ဖိစီးဟော်မုန်းတွေကလည်း ကလေးအပေါ်မှာ သက်ရောက်မှု ရှိနေပါတယ်။ 

၂ – ငိုကြွေးတာက ကလေးကို ထိခိုက်စေမလား!

ငိုကြွေးတာက စိတ်ဖိစီးမှုဟော်မုန်းတွေ ဖြစ်ကြတဲ့ ကော်ဆီစောနဲ့ norepinephrine တွေကို ထွက်ရှိစေပြီး ကလေးကို လမစေ့ဘဲ မွေးဖွားတာ၊ ပေါင်မပြည့်ဘဲ မွေးဖွားတာမျိုးတွေကို ဖြစ်စေနိုင်သလို မွေးကင်းစအချိန်မှာ သေဆုံးတာမျိုးလည်း ဖြစ်စေနိုင်ပါတယ်။

ဒါပေမယ့် ကိုယ်ဝန်ဆောင်ချိန်မှာ စိတ်ကျတာ၊ ငိုချင်စိတ်ပေါက်တာတွေက မိခင်ရဲ့ အပြစ် လုံးဝ (လုံးဝ) မဟုတ်ပါ။ ဒါကြောင့် ငါ ခဏခဏငိုလို့ ကလေးထိခိုက်တော့မယ်ဆိုပြီး အစိုးရိမ်မကြီးပါနဲ့။ မိခင်အနေနဲ့ အကြောင်းရင်း မရှိဘဲ ခဏခဏ ငိုကြွေးချင်နေရင်၊ ကိုယ့်ကိုယ်ကို အပြစ်တင်စိတ်တွေ ဖြစ်ပြီး စိတ်ကျဝေဒနာ ခံစားရတယ်ဆိုရင် စိတ်ကျန်းမာရေးပညာရှင်နဲ့ တိုင်ပင်ဖို့ အကြံပေးချင်ပါတယ်။

Htet Htet Zaw Win
Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG · ပြန်လည်သုံးသပ်သူ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 13/03/2024 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။