backup og meta

ကိုယ်ဝန်ဆောင်ကာလမှာ ဝမ်းချုပ်ခြင်း နဲ့ လိပ်ခေါင်းဖြစ်ခြင်းအကြောင်းသိကောင်းစရာ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 21/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်ဝန်ဆောင်ကာလမှာ ဝမ်းချုပ်ခြင်း နဲ့ လိပ်ခေါင်းဖြစ်ခြင်းအကြောင်းသိကောင်းစရာ

    လိပ်ခေါင်းရောဂါနဲ့ ဝမ်းချုပ်ခြင်းဟာ ကိုယ်ဝန်ဆောင်စဉ်ကာလမှာ အဖြစ်များပါတယ်။ ကိုယ်ဝန်ဆောင် အမျိုးသမီးအများစုဟာ ကိုယ်ဝန်ဆောင်ကာလမှာ ဝမ်းချုပ်တာ၊လိပ်ခေါင်းဖြစ်တာ ဒါမှမဟုတ် နှစ်မျိုးလုံးကို ခံစားရလေ့ရှိတယ်လို့ ဆိုပါတယ်။

    ဝမ်းချုပ်တယ်ဆိုတာ ဘာလဲ။

    တကယ်လို့ သင်ဟာ တပတ်ကို သုံးခါထက်နည်းပြီး ဝမ်းသွားတယ်ဆိုရင် ဒါကို ဝမ်းချုပ်တယ်လို့ သတ်မှတ်ပါတယ်။ ရက်သတ္တပတ်အနည်းငယ်ထက် ပိုကြာကြာဝမ်းချုပ်ရင်တော့ ကာလရှည်ဝမ်းချုပ်တယ်လို့ ခေါ်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ်ကာလမှာ အူတွေရဲ့လှုပ်ရှားမှုဟာ ပုံမှန်ထက်ပိုနှေးကွေးတာကြောင့် ဝမ်းချုပ်လေ့ရှိပါတယ်။ ဒါ့အပြင် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ သုံးစွဲလေ့ရှိကြတဲ့ သံဓါတ်အားဖြည့်ဆေးတွေကလည်း ဝမ်းချုပ်တာကို အားပေးပါသေးတယ်။

    လိပ်ခေါင်းဆိုတာ ဘာလဲ။

    အူသိမ်အဆုံးပိုင်းနဲ့ စအိုတဝိုက်မှာရှိတဲ့ သွေးပြန်ကြောတွေ ဖောင်းကားရောင်ရမ်းတာကို လိပ်ခေါင်းလို့ အလွယ်ခေါ်ကြပါတယ်။ တချို့ လူနာတွေမှာဆိုရင် အဲ့ဒီ သွေးကြောလေးတွေဟာ ဖောင်းကားလွန်းနေပြီး အရမ်းတင်းနေတာကြောင့် ပါးလှပ်နေပြီး အပြင်ကိုကျွံထွက်လာတတ်ကာ နေရာတာ ကသိကအောင့်ဖြစ်ပြီး နာကျင်စေပါတယ်(အထူးသဖြင့် အိမ်သာတက်တဲ့ အချိန်တွေမှာပေါ့)။

    ဒီနာကျင်ပြီး ကသိကအောက်ဖြစ်ရတဲ့ အခြေအနေဟာ ကိုယ်ဝန်ဆောင်မိခင်တွေမှာ အရမ်းကို အဖြစ်များလှပါတယ်။ ကိုယ်ဝန် ၂၇ပတ်နောက်ပိုင်းမှာ အဖြစ်များပါတယ်။ ဝမ်းချုပ်တာကနေပြီးတော့လည်း လိပ်ခေါင်းဖြစ်တတ်ပါတယ်။

    ကိုယ်ဝန်ဆောင်ချိန်မှာ လိပ်ခေါင်းဖြစ်ရခြင်းရဲ့ အဓိက အကြောင်းရင်းခံကတော့ အူသိမ်အဆုံးပိုင်းနဲ့ စအိုနားတဝိုက်မှာ ဖိအားတွေပိုလာလို့ဖြစ်ပြီး ဝမ်းချုပ်တာကလည်း တတပ်တအား ပါဝင်ပတ်သက်နေပါတယ်။

    ကိုယ်ဝန်ဆောင်ကာလမှာ ဝမ်းချုပ်ခြင်းနဲ့ လိပ်ခေါင်းဖြစ်ခြင်းကို ဘယ်လိုကာကွယ်မလဲ။

    =နေ့စဉ်စားတဲ့ အစားအသောက်တွေထဲမှာ အမျှင်ဓါတ်ကို လုံလုံလောက်လောက် ပါအောင် စားပေးရပါမယ်(သစ်သီး၊ဟင်းသီးဟင်းရွက် နဲ့ အစေ့အဆံတွေကို များများ စားပေးရပါမည်)။

    =အရည်များများသောက်ပေးပါ(ရေတင်မကပါဖူး။ ဖျော်ရည်တွေ၊စွပ်ပြုတ်တွေလည်း ပါဝင်ပါတယ်)။

    =အိမ်သာတက်တဲ့အခါ အရမ်းမညှစ်ပါနဲ့။

    =လေ့ကျင့်ခန်းမှန်မှန်လုပ်ပါ။

    နာကျင်တာ၊ကသိကအောက်ဖြစ်တာတွေကို ဘယ်လိုသက်သာအောင်လုပ်မလဲ။

    =အိမ်သာတက်ပြီးတိုင်း စအိုပတ်လည်ကို သေသေချာချာ စင်ကြယ်အောင်ဆေးပါ။ ကလေးသုံးတဲ့ တစ်ရှူးအပျော့စားကိုသုံးပြီး အရှေ့ကနေ အနောက်ကို ပွတ်ပီးဆေးပါ။

    =ယားယံတာတွေသက်သာစေဖို့ ရေနွေးစိမ်ပါ။ ရေနွေးထဲကို မုန့်ဖုတ်တဲ့ ဆိုဒါလည်း ဆန္ဒရှိရင် ထည့်လို့ရပါတယ်။

    =ရေခဲအိတ်ကပ်ပါ။

    =အချိန်အကြာကြီး မထိုင်ပါနဲ့။ ခပ်ကြာကြာထိုင်ပြီးတိုင်း ခဏတဖြုတ်နားပါ။ လမ်းထလျှောက်ပါ။

    ဘယ်အချိန်မှာ ဆေးကုသမှုခံယူရမလဲ။

    စအိုက သွေးထွက်တာဟာ ဆိုးရွားပြီး အရေးကြီးတဲ့ ရောဂါတွေဖြစ်တဲ့ အူမကြီးအနာတွေ၊အူမကြီးရောင်တာ၊Crohn’s disease၊ diverticulitis နဲ့ အူမကြီးကင်ဆာတွေရဲ့ ရှေ့ပြေးလက္ခဏာဖြစ်နိုင်တဲ့အတွက် သိသိချင်း ဆရာဝန်နဲ့ ပြဖို့ အရမ်းအရေးကြီးပါတယ်။

    ဆရာဝန်အနေနဲ့ သင်နာကျင်ခြင်းသက်သာစေဖို့အတွက် အောက်မှာပြောပြမယ့် ကုသမှုလေးတွေကို အကြံပြုပါလိမ့်မယ်။

    =ယားယံတာကို သက်သာစေဖို့အတွက် လိမ်းဆေးလေးတွေပေးပါလိမ့်မယ်။ သိထားရမှာက အဲဒီခရင်မ်တွေ လိမ်းလို့လိပ်ခေါင်းပျောက်သွားမှာ မဟုတ်ဘဲ သူတို့က လိပ်ခေါင်းကြောင့်နာကျင်တာကို သက်သာစေရုံသာ ရည်ရွယ်တယ်ဆိုတာကိုပါ။

    =ဝမ်းသွားရင် မညှစ်ရလေအောင် ဝမ်းပျော့ဆေးတွေ ပေးပါလိမ့်မယ်။

    ကံကောင်းတာက ကိုယ်ဝန်ဆောင်ကာလမှာ ဖြစ်တဲ့ လိပ်ခေါင်းဟာ ကလေးမွေးပြီးသွားတာနဲ့ သူလည်းပျောက်သွားတာပါပဲ။ လိပ်ခေါင်းရောဂါကို ကာကွယ်ဖို့အတွက် ဝမ်းချုပ်မခံဖို့ အရမ်းပဲ အရေးကြီးလှပါတယ်။

    တကယ်လို့ ဝမ်းချုပ်နေပြီဆိုရင်လည်း ဝမ်းသွားရင် အရမ်းကြီးမညှစ်မိစေဖို့ သတိထားပါ။ ပြီးတော့ ဝမ်းသွားချင်ရင်လည်း အောင့်မထားပါနဲ့။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 21/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement