backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း

1

ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

လမစေ့မီ ကလေးမွေးခြင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. K Zin Thwe မှ ရေးသားသည်။ · 09/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

လမစေ့မီ ကလေးမွေးခြင်း

လမစေ့မီ ကလေးမွေးခြင်း အကြောင်း ဗဟုသုတ အနေနဲ့ လေ့လာနိုင်စေဖို့ မျှဝေပေးလိုက်ပါတယ်။

လမစေ့မီ ကလေးမွေးခြင်း ဆိုတာ ဘာလဲ။

လမစေ့မီ ကလေးမွေးခြင်း ဆိုတာာ ကိုယ်ဝန် ၃၇ ပတ်မပြည့်မီတွင် မွေးဖွားခြင်းကို ခေါ်ပါတယ်။ ပုံမှန်အားဖြင့် ကိုယ်ဝန်က အပတ်၄၀ ခန့် ကြာတတ်ပါတယ်။  လမစေ့မီ မွေးတဲ့ ကလေးတွေက မိခင်ရဲ့ သားအိမ်ထဲမှာ ကြီးထွားဖွံ့ဖြိုးချိန် လုံလုံလောက်လောက် မရှိတဲ့အတွက် မွေးပြီးတဲ့အချိန်မှာ နောက်ဆက်တွဲဆိုးကျိုးများ ပိုများတတ်ပါတယ်။

စောမွေးတဲ့ အချိန်ကာလအပေါ်မူတည်ပြီး အောက်ပါအတိုင်း အမျိုးအစားခွဲခြားထားပါတယ်။

  • ၃၄ ပတ်မှ ၃၆ ပတ်အတွင်းဆိုရင် အနည်းငယ် လမစေ့ခြင်း လို့ ခေါ်ပါတယ်။
  • ၃၂ ပတ်မှ ၃၄ ပတ်အတွင်းဆိုရင်တော့ အတော်အသင့် လမစေ့တာလို့ ခေါ်ပါတယ်။
  • ၃၂ ပတ်အောက် မွေးရင်တော့ အလွန်အကျွံ စောမွေးတာ ဖြစ်ပါတယ်။
  • ၂၅ ပတ်အောက် မွေးတာကိုတော့ ဆိုးရွားစွာ လမစေ့ခြင်းလို့ ခေါ်ပါတယ်။

အများစုသော လမစေ့တဲ့ ကလေးတွေကတော့ ၃၄ ပတ်မှ ၃၆ ပတ်အတွင်းမွေးတဲ့ ကလေးတွေ ဖြစ်ပါတယ်။

လမစေ့မီ ကလေးမွေးခြင်းက အဖြစ်များပါသလား။

ကိုယ်ဝန်ဆောင်တွေရဲ့ ၁၂ရာခိုင်နှုန်းက လမစေ့ဘဲ မွေးနိုင်ခြေ ရှိပါတယ်။

လမစေ့မီ ကလေးမွေးခြင်း ရဲ့ လက္ခဏာများ

လမစေ့မီ ကလေးမွေးတဲ့အခါ မွေးလာတဲ့ ကလေးလေးမှာ အောက်ပါလက္ခဏာတွေ တွေ့ရပါတယ်။

  • ခန္ဓာကိုယ်သေးကွေးပြီး ခေါင်းကြီးနေခြင်း
  • အဆီနည်းပါးတဲ့အတွက်ကြောင့် ပုံမှန်ကလေးတွေထက် ကြုံလှီသေးကွေးနေခြင်း
  • တစ်ကိုယ်လုံးတွင် အမွေးငယ်လေးများ ဖုံးအုပ်နေခြင်း
  • ခန္ဓာကိုယ်အပူချိန်နည်းခြင်း (အထူးသဖြင့် မွေးမွေးပြီးချင်းဆို ပိုဖြစ်တတ်ပါတယ်။ ကိုယ်တွင်းအဆီဓာတ်နည်းလို့ပါ။)
  • အသက်ကို အားထုတ်ပြီး ရှူနေရခြင်း
  • စုပ်ဖို့၊ မျိုချဖို့ တုံ့ပြန်နိုင်စွမ်းတွေ မရှိတာကြောင့် နို့တိုက်ကျွေးရခက်ခဲခြင်း

လမစေ့မီ ကလေးမွေးခြင်းကို ဖြစ်စေသော အကြောင်းရင်းများ

အကြောင်းရင်း အမျိုးမျိုးရှိပေမယ့် အများစုကတော့ တိကျတဲ့ အကြောင်းရင်းကြောင့် မဟုတ်ဘဲ သူ့အလိုလို စောမွေးသွားကြတာပဲ ဖြစ်ပါတယ်။

လမစေ့မီ ကလေးမွေးခြင်းကို ဖြစ်နိုင်ခြေများစေတဲ့ အကြောင်းရင်းတွေကတော့

  • အရင်က ကလေးစောမွေးဖူးခြင်း
  • ကလေး၂မြွာပူး၊ ၃မြွာပူးနဲ့ အခြားအမြွာပူးများ မွေးဖူးခြင်း
  • ကိုယ်ဝန်တစ်ခုနဲ့ တစ်ခု ၆လအောက်ပဲ ခြားခြင်း
  • ဖန်ပြွန်သန္ဓေသားကိုယ်ဝန်ယူခြင်း
  • သားအိမ်၊ သားအိမ်ခေါင်းနဲ့ အချင်းတို့မှာ ပြဿနာ တစ်ခုခု ရှိနေခြင်း
  • ဆေးလိပ် ဒါမှမဟုတ် မူးယစ်ဆေးများအသုံးပြုခြင်း
  • ပိုးဝင်ခြင်း (အထူးသဖြင့် ရေမြွာ၊ ဆီးလမ်းကြောင်း၊ မွေးလမ်းကြောင်းတို့တွင် ပိုးဝင်ခြင်း)
  • သွေးတိုးနဲ့ ဆီးချိုတို့လိုမျိုး နာတာရှည်ရောဂါများရှိခြင်း
  • ကိုယ်ဝန်မဆောင်ခင်က အဝလွန်ဖူးခြင်း ဒါမှမဟုတ် ကိုယ်အလေးချိန်မပြည့်ခြင်း
  • အိမ်တွင်းပြဿနာတွေ ဒါမှမဟုတ် ချစ်ရသူသေဆုံးမှုတွေလိုမျိုး စိတ်ဖိစီးမှုများတဲ့ ကိစ္စတွေ ရှိခြင်း
  • ခဏခဏကလေးပျက်ကျဖူးခြင်း
  • ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုများရရှိခြင်း

လမစေ့မီ ကလေးမွေးခြင်းကို ဘယ်လိုသိနိုင်မလဲ။

လမစေ့မီ မွေးလာတဲ့ ကလေးကို ဆက်ပြီး ပြုစုဖို့၊ လိုအပ်တဲ့ ကုသမှုတွေ ပေးနိုင်ဖို့ သူ့ကို ကလေးအထူးကြပ်မတ်ကုသဆောင်ကို ပို့ရပါတယ်။ လိုအပ်တဲ့ စစ်ဆေးမှုတွေကတော့

  • အသက်ရှူခြင်းနဲ့ နှလုံးခုန်နှုန်းစစ်ဆေးစောင့်ကြည့်ခြင်း

ပုံမှန်စောင့်ကြည့်သွားမှာဖြစ်ပြီး သွေးပေါင်ချိန်ကိုတော့ မကြာခဏ စစ်ဆေးပါလိမ့်မယ်။

  • အရည်ဓာတ်စောင့်ကြည့်ခြင်း

နို့တိုက်ကျွေးခြင်းနဲ့ အကြောတွင်းအရည်ထည့်သွင်းပေးခြင်းတို့ကနေ ကလေးရေဓာတ်ဘယ်လောက်ရရှိသလဲဆိုတာရယ် ကလေးဒိုက်ပါ၊ သွေးစစ်ခြင်းနဲ့ အခြားစစ်ဆေးမှုတို့ကနေ ရေဘယ်ဆုံးရှုံးသွားတယ်ဆိုတာကို သေချာစောင့်ကြည့်ပါလိမ့်မယ်။

  • သွေးစစ်ခြင်း

သွေးအားနည်းရောဂါ ရှိ မရှိ၊ တခြားဆားဓာတ်တွေ လုံလောက်မှု ရှိ၊ မရှိ စစ်ဆေးမှာပါ။

  • နှလုံးအက်ခိုးရိုက်ခြင်း

ကလေးနှလုံးမှာ ပြဿနာရှိ၊ မရှိကြည့်မှာဖြစ်ပါတယ်။

  • အာထရာစောင်းရိုက်ခြင်း

ဦးနှောက်သွေးယိုစီးမှု ဒါမှမဟုတ် ဝမ်းဗိုက်တွင် အစာအိမ်အူလမ်းကြောင်း၊ အသည်း၊ ကျောက်ကပ်တို့မှာ အရည်တွေစုပုံလာမှုရှိမရှိကို စစ်ဆေးမှာဖြစ်ပါတယ်။

  • မျက်လုံးစစ်ဆေးခြင်း

မြင်လွှာချို့ယွင်းမှုတွေကို မျက်စိဆရာဝန်က စစ်ဆေးပေးပါလိမ့်မယ်။

လမစေ့မီ ကလေးမွေးခြင်း အတွက် ကုသနည်းများ

လမစေစ့ဘဲ မွေးလာတဲ့ ကလေးက အထူးဂရုစိုက်မှု လိုအပ်ပါတယ်။ အသက်ရှင်ပြီး နောက်ဆက်တွဲဆိုးကျိုးတွေ မရှိစေဖို့

  • ကလေးကို ဖန်ပေါင်းချောင် (incubator)ထဲမှာ ထားခြင်း (ကလေးရဲ့ ကိုယ်အပူချိန်ကို ထိန်းဖို့အတွက်ပါ။)
  • ကလေးရဲ့ အသက်ရှူနှုန်း၊ နှလုံးခုန်နှုန်းတွေကို စောင့်ကြည့်ခြင်း
  • အကြောဆေး ဒါမှမဟုတ် မိခင်နို့ကို နှာခေါင်းပိုက်က ထည့်ခြင်း (တကယ်လို့ ကလေးက စုပ်နိုင်တယ်၊ မျိုချနိုင်တယ်ဆိုရင်တော့ မိခင်နို့ကို တိုက်ရိုက်တိုက်နိုင်ပါတယ်။)
  • ကလေးကိုယ်တွင်းက အရည်ဓာတ်ကို ထိန်းသိမ်းခြင်း
  • အသားဝါပါခဲ့ရင် မီးချောင်းပြခြင်း
  • သွေးသွင်းခြင်း စတာတွေ လုပ်ရနိုင်ပါတယ်။

ဒါ့ပြင်

  • ကလေးအဆုတ်ကောင်းအောင် ဆေးပေးတာ
  • ပိုးဝင်ရင် ပိုးသတ်ဆေးပေးတာ
  • အရည်တွေပိုနေရင် ဆီးဆေးပေးတာ
  • မြင်လွှာမထိခိုက်အောင် မျက်စဉ်းခတ်ပေးတာ
  • နှလုံးအပေါက်မပါအောင် ဆေးပေးတာတွေ လုပ်ပေးနိုင်ပါတယ်။

ခွဲစိတ်တာကတော့ ရှားပါတယ်။ ကလေးရဲ့ နောက်ဆက်တွဲပြဿနာတွေက ခွဲစိတ်ဖို့ လိုတယ်ဆိုရင်တော့ ခွဲရပါလိမ့်မယ်။

လမစေ့မီ ကလေးမွေးခြင်းကို ဘယ်လိုကာကွယ်နိုင်မလဲ။

ဘာလို့ ဒီလိုလမစေ့မီမွေးလဲဆိုတာကို အကြောင်းအရင် အတိအကျ မသိရတဲ့အတွက် ကာကွယ်လို့ရတဲ့ နည်းလမ်းဆိုတာလည်း တိတိကျကျ မရှိပါဘူး။ ဒါပေမယ့် ဖြစ်နိုင်ခြေများတဲ့သူတွေကိုတော့ ကူညီပေးလို့ရတာ ရှိပါတယ်။ ဥပမာ

  • အရင်က လမစေ့မီ ကလေးမွေးထားဖူးတယ်။ သားအိမ်ခေါင်းကလည်း တိုနေတယ်ဆိုရင် ပရိုဂျက်စတီရုန်းပေးပြီး ဖြစ်နိုင်ခြေကို လျှော့ချနိုင်ပါတယ်။
  • သားအိမ်ခေါင်းတိုလို့ လမစေ့မီ ကလေးမွေးဖူးတဲ့ အမျိုးသမီးတွေဆိုရင်လည်း Cervical cerclageလို့ ခေါ်တဲ့ ခွဲစိတ်မှု လုပ်ပေးနိုင်ပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. K Zin Thwe မှ ရေးသားသည်။ · 09/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement