backup og meta

သားအိမ်ခေါင်းမှာ ခံစားရနိုင်တဲ့ ကျန်းမာရေးပြဿနာတွေက

မှ အချက်အလက် စစ်ဆေးထားပါသည်။ Hello Sayarwon Panel


Aye Thi Mon မှ ရေးသားသည်။ · 06/01/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သားအိမ်ခေါင်းမှာ ခံစားရနိုင်တဲ့ ကျန်းမာရေးပြဿနာတွေက

    သားအိမ်ခေါင်းမှာ သားအိမ်ခေါင်းကင်ဆာ အပါအဝင် အခြားကျန်းမာရေး ပြဿနာတွေလည်း ဖြစ်စေနိုင်တယ်ဆိုတာကို သိပြီးပြီလား။ မသိသေးဘူးဆိုရင်တော့ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်တော့နော်။ ဒီတစ်ခေါက်တော့ သားအိမ်ခေါင်းမှာ ခံစားရနိုင်တဲ့ ကျန်းမာရေးပြဿနာတွေက ဘာတွေလဲဆိုတာကို ပြောပြပေးသွားမှာပါ။

    သားအိမ်ခေါင်းမှာ ခံစားရနိုင်တဲ့ ကျန်းမာရေးပြဿနာတွေအကြောင်း မပြောခင်မှာ သားအိမ်ခေါင်းက ဘယ်လို အစိတ်အပိုင်းလဲ ဆိုတာနဲ့ သားအိမ်ခေါင်းက ဘာတွေ လုပ်ဆောင်ပေးလဲဆိုတာကို အရင်ဆုံး ပြောပြပေးချင်ပါတယ်။

    သားအိမ်ခေါင်း ဆိုတာ

    သားအိမ်ခေါင်း ဆိုတာ ကြွက်သားတွေနဲ့ ဖွဲ့စည်းထားတဲ့ ပြွန်ပုံစံ အစိတ်အပိုင်း တစ်ခုပါ။ သားအိမ်နဲ့ မိန်းမကိုယ်ကို ဆက်သွယ်ပေးထားပါတယ်။ သားအိမ်ရဲ့ လည်တံလို့လည်း ခေါ်ကြပါတယ်။ သားအိမ်ခေါင်းက သားအိမ်နဲ့ မိန်းမကိုယ်ကြား ဆက်သွယ်ပေးထားတဲ့ အစိတ်အပိုင်း တစ်ခုပေါ့။ ဘေဘီလေး မွေးဖွားချိန်မှာလည်း သားအိမ်ထဲက ဘေဘီလေးကို မွေးလမ်းကြောင်းကနေတဆင့် မွေးဖွားလာစေဖို့ ဆက်သွယ်လုပ်ဆောင်ပေးပါသေးတယ်။

    သားအိမ်ခေါင်းက ဘာတွေ လုပ်ပေးလဲ

    သားအိမ်ခေါင်းက အရေးကြီးတဲ့ တစ်ခုမကသော တာဝန်တွေကို လုပ်ဆောင်ပေးနေတာပါ။

    • ရာသီစက်ဝန်းအတွင်းမှာဆိုရင် သန္ဓေအောင်စေဖို့အတွက် သားအိမ်ခေါင်း အချွဲမြှေးတွေကို ထုတ်ပေးပြီး သုက်ကောင်တွေ မိန်းမကိုယ်ထဲကနေ သားအိမ်ဆီကို ရောက်ရှိအောင် ပို့ဆောင်ပေးပါတယ်။
    • မီးဖွားချိန်မှာ ဘေဘီလေးကို မွေးလမ်းကြောင်းကနေတဆင့် ပြင်ပကို ရောက်ရှိအောင် ပို့ဆောင်ပေးဖို့ လမ်းကြောင်းဖွင့်ပေးပါတယ်။
    • သားအိမ်ထဲကို ဘက်တီးရီးယားတွေနဲ့ ပြင်ပကအရာတွေ ဝင်ရောက်တာမျိုး မရှိအောင် ကာကွယ်ပေးပါတယ်။

    သားအိမ်ခေါင်းမှာ ခံစားရနိုင်တဲ့ ကျန်းမာရေးပြဿနာတွေက

    သားအိမ်ခေါင်းမှာ ခံစားရနိုင်တဲ့ ကျန်းမာရေးပြဿနာတွေက တစ်ခုမကပါဘူး။

    • သားအိမ်ခေါင်းဆဲလ်တွေ ပျက်ယွင်းခြင်း  (Cervical Dysplasia)

    သားအိမ်ခေါင်းဆဲလ်တွေ ပျက်ယွင်းခြင်း  (Cervical Dysplasia) ဆိုတာက သားအိမ်ခေါင်း မျက်နှာပြင်ကဆဲလ်တွေ ပုံမှန်မဟုတ်ဘဲ ကြီးထွားတာကို ဆိုလိုတာပါ။ ကင်ဆာအစောပိုင်း လက္ခဏာအဆင့်လို့လည်း သတ်မှတ်ကြပါတယ်။ များသောအားဖြင့်ကတော့ Human Papillomavirus (HPV) လို့ခေါ်တဲ့ လိင်ကဆင့်ကူးစက်တတ်တဲ့ ဗိုင်းရပ်စ်ကြောင့် ဖြစ်ရတာပါ။ အမျိုးသမီးတိုင်း အသက်အရွယ်မရွေး ခံစားရနိုင်ပေမယ့် အသက် ၂၅ နှစ် နဲ့ အသက် ၃၅ နှစ်ကြား အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။

    ကိုယ်ခံအားကျဆင်းစေနိုင်တဲ့ ရောဂါခံစားနေရတာ၊ ကိုယ်ခံအားကို ချပေးတဲ့ ဆေးတွေ သောက်နေရတာ၊ လိင်ဆက်ဆံဖော် များတာ၊ အသက် ၁၆ နှစ် မတိုင်ခင် ကလေးမွေးဖူးတာ၊ အသက် ၁၈ နှစ်မတိုင်ခင် လိင်ဆက်ဆံမှု စတင်ဖူးတာ၊ ဆေးလိပ်သောက်တာတွေက သားအိမ်ခေါင်းဆဲလ်တွေ ပျက်ယွင်းတာကို ဖြစ်စေနိုင်ပါတယ်။

    လက္ခဏာတွေ အနေနဲ့ သွေးဆင်းများတာ၊ ပုံမှန်ထက် သွေးဆင်းရက်ရှည်တာ၊ သွေးဆုံးပြီးမှ သွေးပြန်ဆင်းတာ၊ မိန်းမကိုယ်ကနေ ပုံမှန်မဟုတ်တဲ့အကျိအချွဲတွေ အဆင်းများတာ၊ အတူနေချိန်မှာ နာကျင်တာတွေကို ခံစားရနိုင်ပါတယ်။

    • သားအိမ်ခေါင်းအသားပို(Cervical Polyps)

    သားအိမ်ခေါင်းအသားပို (Cervical Polyps) ဆိုတာ သားအိမ်ခေါင်း မျက်နှာပြင် ဒါမှမဟုတ် သားအိမ်ခေါင်းပြွန်မှာ ပုံမှန်မဟုတ်တဲ့ သေးငယ်တဲ့ အသားဖုလေးတွေ ဖြစ်တာပါ။ သားအိမ်ခေါင်းက အသားပိုတိုင်းက ကင်ဆာလို့တော့ တထစ်ချ ယူဆလို့ မရပါဘူး။ အချို့သော အခြေအနေတွေမှာတော့ သားအိမ်ခေါင်း အဖုအကျိတ်တွေ အသားပိုတွေက ကင်ဆာအစောပိုင်းအဆင့်ကို ပြောင်းသွားတတ်ပါတယ်။

    သားအိမ်ခေါင်းမှာ ဖြစ်တဲ့ အသားပိုတွေက များသောအားဖြင့် ရှည်မြောပြောပုံစံ အသားပိုလေးတွေပါ။ သားအိမ်ခေါင်း အသားပိုကို ၂ မျိုးခွဲခြားနိုင်ပါတယ်။ ဒါကတော့ သားအိမ်ခေါင်း အပြင်ဘက်မှာ ဖြစ်တဲ့ အသားပိုနဲ့ သားအိမ်ခေါင်းအတွင်းထဲမှာ ဖြစ်တဲ့ အသားပို ဆိုပြီးပါ။ သားအိမ်ခေါင်းအတွင်းပိုင်းမှာတော့ အသားပို အဖြစ်များပါတယ်။

    မျိုးဆက်ပွားနိုင်တဲ့ အရွယ် အမျိုးသမီး ၂ ဦးကနေ ၅ ဦးခန့်မှာ သားအိမ်ခေါင်း အသားပို ဖြစ်နိုင်ပြီး သွေးဆုံးပြီး အမျိုးသမီး အယောက် ၁၀၀ မှာ ၁ ယောက်နှုန်း ဖြစ်နိုင်ခြေ ရှိနေတဲ့ သားအိမ်ခေါင်း ကျန်းမာရေး ပြဿနာ တစ်ခုပါ။

    လက္ခဏာတွေ အနေနဲ့ သွေးဆင်းများတာ၊ အတူနေပြီးချိန်မှာ သွေးဆင်းတာ၊ ပုံမှန် မဟုတ်တဲ့ သွေးဆင်းတာမျိုးတွေ ရှိတာ၊ သွေးဆုံးပြီးချိန်မှာ  သွေးဆင်းတာမျိုးတွေ နဲ့ အနံ့အသက်ဆိုးတဲ့ အဖြူရောင် ဒါမှမဟုတ် အဝါရောင် အကျိအချွဲတွေ ဆင်းတာမျိုး ခံစားရနိုင်ပါတယ်။

    • သားအိမ်ခေါင်း ရောင်ရမ်းခြင်း (Cervicitis)

    သားအိမ်ခေါင်း ရောင်ရမ်းခြင်း (Cervicitis) ဆိုတာက သားအိမ်ခေါင်းရောင်ရမ်းပြီး အဖြူဆင်းတာ၊ သွေးဆင်းတာ၊ အတူနေချိန်မှာ နာကျင်တာတွေကို ခံစားရတဲ့ အခြေအနေ တစ်ရပ်ကို ဆိုလိုတာပါ။ လူတိုင်းမှာတော့ ဒီလက္ခဏာတွေကို တွေ့ရမယ်လို့ တထစ်ချ မဆိုနိုင်ပါဘူး။ အချို့သော အမျိုးသမီးတွေမှာ သားအိမ်ခေါင်းရောင်တာကို ပိုးဝင်ကူးစက်မှုကြောင့် ပြင်းပြင်းထန်ထန် ခံစားရတာမျိုး ရှိနိုင်သလို နာတာရှည် သားအိမ်ခေါင်းရောင်တာကို ခံစားရတာမျိုးလည်း ရှိနိုင်ပါတယ်။

    လိင်ဆက်ဆံဖော် များတဲ့သူတွေ၊ အကာအကွယ်မဲ့ လိင်ဆက်ဆံမှုပြုသူတွေမှာ အဖြစ်များပါတယ်။ လိင်ကတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေ ခံစားရဖူးသူတွေမှာလည်း သားအိမ်ခေါင်းရောင်တာကို ခံစားရနိုင်ခြေ တော်တော်လေးများပါတယ်။ မိန်းမကိုယ် အတွင်းပိုင်းကို ဆေးကြောတာ၊ tampons နဲ့ diaphragms (အမျိုးသမီးသုံးကွန်ဒုံး) တွေကြောင့်လည်း သားအိမ်ခေါင်း ရောင်ရမ်းတာကို ခံစားရနိုင်ပါတယ်။

    သားအိမ်ခေါင်း ရောင်ရမ်းတာက အဖြစ်များပြီး အရွယ်ရောက်ပြီးသူ အမျိုးသမီး ထက်ဝက်နီးပါး ခံစားရတဲ့ သားအိမ်ခေါင်း ကျန်းမာရေးပြဿနာ တစ်ခုပေါ့။ လက္ခဏာတွေ အနေနဲ့ကတော့ အဝါရောင်၊ အဖြူရောင်၊ မီးခိုးရောင်ရှိတဲ့ အနံ့အသက်ဆိုးတဲ့ အကျိအချွဲတွေ ဆင်းတာ၊ ရာသီလာရက်မဟုတ်ဘဲ သွေးနည်းနည်းဆင်းတာ၊ အတူနေချိန်မှာ နာကျင်တာ၊ မိန်းမကိုယ် ယားယံတာလိုမျိုးတွေ ခံစားရနိုင်ပါတယ်။

    • သားအိမ်ခေါင်း မလုံတာ (Cervical incompetence)

    သားအိမ်ခေါင်း မလုံတာ (Cervical incompetence)ကို ဖြစ်စေတဲ့ အကြောင်းကတော့ သားအိမ်ခေါင်း တစ်ရှူးတွေ အားနည်းလာတာပါ။ လမစေ့ခင် မီးဖွားတာနဲ့ ကိုယ်ဝန်ပျက်ကျတာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။ ပုံမှန်အားဖြင့်တော့ သားအိမ်နဲ့ မွေးလမ်းကြောင်းကို ဆက်ထားတဲ့ သားအိမ်ခေါင်းရဲ့ အဖျားပိုင်းနားမှာ ရှိနေတဲ့ သားအိမ်ခေါင်းအဝက ပိတ်ထားလေ့ရှိပြီး ကြွက်သားကလည်း မာကျောပါတယ်။ မွေးမယ့်ရက် နီးလာချိန်မှာတော့ သားအိမ်ခေါင်းက တဖြည်းဖြည်းပျော့ပြီး ပါးလာပါတယ်။

    သားအိမ်ခေါင်းမလုံခြင်းဟာ များသောအားဖြင့် လက္ခဏာမပြတတ်ပါဘူး။ သာမန်အမျိုးသမီးတွေဆို သတိတောင် မထားမိကြပါဘူး။ အမျိုးသမီး တစ်ဦးက ကိုယ်ဝန်ဆောင်ထားမယ်။ မကြာခဏ ကိုယ်ဝန်ပျက်မှပဲ စမ်းသပ်သိရှိကြတာပါ။ တချို့အမျိုးသမီးတွေကတော့ ကိုယ်ဝန်ဒုတိယ ၃လပတ်မှာ သွေးနည်းနည်းဆင်းတာ၊ ခါးကိုက်တာ၊ ပုံမှန်မဟုတ်တဲ့ အဖြူဆင်းတာ၊ ဆီးစပ်ကိုက်တာတွေ ခံစားရတတ်ပါတယ်။

    • သားအိမ်ခေါင်း ကင်ဆာ (Cervical cancer)

    သားအိမ်ခေါင်း ကင်ဆာ (Cervical cancer) ဆိုတာက သားအိမ်ခေါင်းမှာ ပုံမှန်မဟုတ်တဲ့ ဆဲလ်တွေ ကြီးထွားလာတာပါ။ သားအိမ်ခေါင်းကင်တာက စစဖြစ်ချင်းမှာ သိရှိနိုင်ဖို့ ခက်ခဲပါတယ်။  HPV ကာကွယ်ဆေး ထိုးနှံတာက သားအိမ်ခေါင်းကင်ဆာကို ကာကွယ်ပေးနိုင်တဲ့ နည်းလမ်း တစ်ခုပါ။

    လက္ခဏာတွေ အနေနဲ့ ရာသီစက်ဝန်း ၂ ခုကြားမှာ သွေးဆင်းတာ၊ ပုံမှန်ထက် သွေးဆင်းများတာ၊ သွေးဆင်းရက် ရှည်တာ၊ အတူနေချိန်မှာ နာကျင်တာ၊ အတူနေပြီးချိန်မှာ သွေးထွက်တာ၊ တင်ပဆုံထဲက နာကျင်တာ၊ အနံ့ပြင်းတဲ့ အဖြူဆင်းတာ၊ သွေးဆုံးပြီးမှ သွေးပြန်ဆင်းတာမျိုးတွေ ခံစားရနိုင်ပါတယ်။

    အခုပြောခဲ့တာတွေကတော့ လေဒီလေးတိုင်း သတိထားသင့်တဲ့ သားအိမ်ခေါင်းမှာ ဖြစ်နိုင်တဲ့ ကျန်းမာရေးပြဿနာတွေပါ။ သိရှိကာကွယ်နိုင်ကြဖို့ မျှဝေပေးလိုက်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Hello Sayarwon Panel


    Aye Thi Mon မှ ရေးသားသည်။ · 06/01/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement