home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

ကိုယ်ဝန်ဆောင်ချိန် မှာ ခဏခဏ မေ့တတ်တာ ဘာကြောင့်လဲ။

ကိုယ်ဝန်ဆောင်ချိန် မှာ ခဏခဏ မေ့တတ်တာ ဘာကြောင့်လဲ။

ကိုယ်ဝန်ဆောင်ချိန် မှာ အမျိုးသမီးတွေက ဘဝမှာ တစ်ခါမှ မကြုံဖူးတဲ့ အတွေ့အကြုံတွေကို ခံစားရပါတယ်။ အများအမြင်မှာ ဗိုက်လေး ဆူထွက်လာတာပဲ ဆိုပေမယ့် တကယ်တော့ သူကြုံတွေ့နေရတာ အများကြီးပါ။ ရုပ်ပိုင်းဆိုင်ရာမှာရော စိတ်ပိုင်းဆိုင်ရာမှာရော အပြောင်းအလဲတွေ အများကြီး ခံစားရပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ့်ကိုယ်ကို မှတ်ဉာဏ်ကျဆင်းသွားတယ်လို့ရော ခံစားမိပါသလား။ အခန်းထဲကို တစ်ခုခုယူဖို့ ဝင်သွားပြီး အခန်းထဲရောက်မှ ဘာလုပ်ရမှန်း မသိတာမျိုးပေါ့။ ဒီလိုဖြစ်တာ မေမေတစ်ယောက်တည်း မဟုတ်ပါဘူး။

ကိုယ်ဝန်ဆောင်များနဲ့ မေ့တတ်တဲ့ ပြဿနာ

ဒီလို ဖွတ်မေ့ ပဒတ်မေ့ မေ့တတ်တာ ကိုယ်ဝန်ဆောင်ချိန်မှာ ကြုံရတတ်တဲ့ အပြောင်းအလဲတွေ များစွာထဲက တစ်ခုပါ။ Pregnancy brain ဒါမှမဟုတ် Momnesia လို့ ခေါ်ပါတယ်။ တချို့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာ တွေ့ရတတ်ပြီး ဒါက ပုံမှန်ပါပဲ။ အရင်ကလောက် မှတ်ဉာဏ်တွေ မကောင်းတော့ဘူး။ ဟိုမေ့ ဒီမေ့နဲ့လို့ မေမေတို့ ငြီးတာကို ကြားရပါလိမ့်မယ်။

ကိုယ်ဝန်ဆောင်ချိန် မှာ ဘာကြောင့် ဒီလို မေ့တတ်ရတာလဲ။

  • ဟော်မုန်းတွေကြောင့်

ကိုယ်ဝန်ဆောင်တွေမှာ ကြုံရသမျှ အပြောင်းအလဲတွေက ဟော်မုန်းတွေကြောင့် ဖြစ်တာပါ။ ခုလည်း ဟော်မုန်းကြောင့်ပါပဲ။ ကိုယ်ဝန်ဆောင်ချိန် အထူးသဖြင့် ၆လနောက်ပိုင်းမှာ လိင်ဟော်မုန်းတွေ တက်လာတဲ့အတွက် မှတ်ဉာဏ်အားနည်းတာမျိုး ဖြစ်လာတာပါတဲ့။ ဒီဟော်မုန်းတွေကြောင့် မေ့တတ်တာတင်မကဘဲ စိတ်မကြည်တာ၊ စိတ်ရှုပ်ထွေးတာတွေပါ ဖြစ်လာပါတယ်။

ဒါ့ပြင် ကိုယ်ဝန်ဆောင်ချိန်မှာ အီစထရိုဂျင်နဲ့ ပရိုဂျက်စတုန်းက နဂိုထက် ၁၅-၄၀ဆလောက် ဦးနှောက်ထဲကို ဝင်လာပါတယ်။ အောက်စီတိုစင်ဟော်မုန်းတွေလည်း ပိုများလာပါတယ်။ ဒီဟော်မုန်းတွေက ကိုယ်ဝန်ဆောင်တွေရဲ့ မှတ်ဉာဏ်အပေါ် သက်ရောက်မှု ရှိပါတယ်။

  • အိပ်ရေးပျက်တာကြောင့်

ကိုယ်ဝန်ဆောင်မှာ အကြောင်းကြောင်းကြောင့် အိပ်မပျော်တဲ့ ပြဿနာကို ခံစားရနိုင်ပါတယ်။ လနုတုန်းကဆိုရင်လည်း နုံးနေတာကြောင့် ညဆို အိပ်ပျော်ဖို့ ခက်ပြီး အပြည့်အဝအနားရဖို့ မလွယ်ပါဘူး။

လရင့်လာပြန်တော့လည်း ရင်ပူရတာနဲ့ ညဘက် ကြွက်တက်လို့ လန့်နိုးရတာနဲ့ တချိုးတည်း အိပ်လိုက်ရတယ်ဆိုတာ ရှားပါတယ်။ လရင့်လာလေလေ သူတို့အတွက် အိပ်ဖို့ ခက်လေလေပါပဲ။ ဗိုက်နဲ့မို့ လှည့်ရ စောင်းရခက်တာနဲ့၊ ကလေး ကန်တာနဲ့၊ ခါးနာတာနဲ့၊ ညဆို ရှူးထထပေါက်နေရတာနဲ့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တယ်ဆိုတာ သူတို့အတွက် ရှားပါတယ်။

အိပ်ရေးပျက်တာက သာမန်လူတွေတောင် ရက်ကြာလာရင် အာရုံစူးစိုက်မှုတွေ ထိခိုက်လာတာ မေမေတွေလည်း ဒီလိုပါပဲ။ သူတို့မှာ အိပ်ရေးပျက်လို့ ဦးနှောက်အနားမရတာကြောင့် ဟိုမေ့ ဒီမေ့ ဖြစ်လာနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်ပြီဆို အနည်းနဲ့ အများတော့ စိတ်ဖိစီးတာပါပဲ။ ကလေးက ကျန်းမာပါ့မလား၊ မွေးရဖွားရ လွယ်ပါ့မလား စသဖြင့် မသိစိတ်ထဲမှာ အမြဲတမ်း တွေးနေမိမှာပါ။ ဒါ့ပြင် ရက်ချိန်းပြဖို့ ပြင်ရတာတွေ၊ မွေးလာတဲ့ ကလေးအတွက် ပြင်ရတာတွေ၊ Working mumတွေဆို အလုပ်အတွက်တစ်မျိုး စိတ်ပူရတာတွေ စသဖြင့် သူတို့ကို ဖိစီးစေတဲ့ အကြောင်းတွေ အများကြီးပါပဲ။

စိတ်ဖိစီးမှုက ဦးနှောက်ကို ပင်ပန်းစေတယ်ဆိုတာ သိထားပြီးသားပါ။ အချိန်တိုင်း စိတ်ထဲမှာ တွေးစရာတွေ ပြည့်နေတော့ မေ့တတ်လာတာ အထူးအဆန်းတော့ မဟုတ်ပါဘူး။

  • ဦးနှောက်ရဲ့ ပုံစံပြောင်းသွားတာ

ကိုယ်ဝန်ဆောင်ချိန်မှာ မှတ်သားနိုင်စွမ်းတွေ၊ စိတ်ခံစားမှုတွေကို ထိန်းချုပ်တဲ့ ဧရိယာတွေ ပြောင်းလဲသွားပါတယ်။ ဘယ်လောက်တောင် ပြောင်းလဲသွားလဲဆို လေ့လာချက်တစ်ခုမှာ ဦးနှောက်scanကို ကြည့်ပြီး ဒီအမျိုးသမီးမှာ ကိုယ်ဝန်ရှိမရှိ ပြောနိုင်လောက်တဲ့အထိပါတဲ့။

နောက်လေ့လာချက်တစ်ခုမှာတော့ ပြင်ပလှုံ့ဆော်ချက်တွေကို ပြန်တုံ့ပြန်တဲ့ gray matter လို့ ခေါ်တဲ့ နေရာလေးဆို ကျုံ့သွားပါတယ်။ ကျုံ့သွားတယ်ဆိုတာ ဦးနှောက်သေးသွားတယ်လို့ ပြောချင်တာတော့ မဟုတ်ပါဘူး။ တခြားကိစ္စတွေမှာ အာရုံလျှော့ပြီး ကလေးပေါ်မှာ ပိုပြီး အာရုံစိုက်နိုင်အောင် နေရာကျုံ့သွားတဲ့ သဘောပါပဲ။

ကိုယ်ဝန်ဆောင်ချိန် မှာ ခဏခဏ မေ့တတ်တာကို ဘယ်လို ဖြေရှင်းကြမလဲ။

  • တစ်နေ့တာ လုပ်စရာကို စာရင်းလုပ်ထားပါ။ ဘာပြီးရင် ဘာလုပ်မယ်ဆိုတာကို အစဉ်လိုက် မှတ်ထားနိုင်ရင် ပိုကောင်းပါတယ်။
  • အရေးကြီးတဲ့ ပစ္စည်းတွေကို တစ်စုတစ်စည်းတည်း ထားပါ။ ကားသော့၊ အိမ်သော့လိုမျိုး၊ အရေးကြီးတဲ့ စာရွက်စာတမ်းလိုမျိုးကို တစ်နေရာတည်းမှာ စုထားပါ။
  • Alarm လုပ်ထားပါ။ ဆေးသောက်ရမယ့် အချိန်တွေ၊ ရက်ချိန်းပြရမယ့် နေ့တွေကို ကျော်မသွားအောင် Alarm လုပ်ထားပါ။
  • မှတ်စုစာအုပ်ဆောင်ထားပါ။ အပြင်သွားရင်းနဲ့ တစ်ခုခု မှတ်ဖို့ လိုလာပြီဆို ချက်ချင်း ချရေးလိုက်ပါ။ ဦးနှောက်ထဲမှာ မမှတ်ပါနဲ့တော့။
  • အိပ်ရေး ဝဝအိပ်ပါ။ ညဘက်မှာ အိပ်ရခက်တယ်ဆိုပေမယ့် တတ်နိုင်သမျှ သက်သောင့်သက်သာ ဖြစ်အောင် ပြုပြင်ပြီး အိပ်ပါ။ နေ့ဘက်တွေမှာလည်း မှေးပါ။
  • လေ့ကျင့်ခန်း လုပ်ပါ။ ကိုယ်ဝန်ဆောင်တွေ လုပ်လို့ရတဲ့ လေ့ကျင့်ခန်းတွေကို ပုံမှန်လုပ်ပေးပါ။ စိတ်ဖိစီးမှု သက်သာစေသလို မွေးရလွယ်စေပါတယ်။
  • အာဟာရပြည့်အောင် စားပါ။ အိုမီဂါ သရီးနဲ့ DHAကြွယ်ဝတဲ့ အဆီပါတဲ့ ငါးတွေ (ငါးကြီးဆီ)၊ ကိုလင်း ကြွယ်ဝတဲ့ ကြက်ဥအနှစ်၊ ဖောလိတ်ကြွယ်ဝတဲ့ အစိမ်းရောင် အရွက်ဖားဖား ဟင်းသီးဟင်းရွက်တွေကို စားပေးပါ။

ကိုယ်ဝန်ဆောင်ချိန် မှာ မေ့တတ်တာ စိုးရိမ်စရာလား။

အများစုအတွက်တော့ ဒါဟာ ပုံမှန်ပါပဲ။ ဒါပေမယ့် မေ့တတ်တာအပြင် အာရုံစူးစိုက်မရဘဲ စိတ်က အကျဘက်ကို သွားနေတာ၊ ဘာကိုမှ စိတ်မဝင်စားသလို ဖြစ်နေပြီဆိုရင်တော့ သတိထားသင့်ပါတယ်။ အထူးသဖြင့် ၂ပတ်ထက်ကျော်အောင် ခံစားနေရရင် ကိုယ်ဝန်ဆောင် စိတ်ကျဝေဒနာ ဖြစ်နိုင်လို့ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Dr. Htet Htet Zaw Win မှ ရေးသားသည်။ 20/09/2021 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။