backup og meta

၄-၅ နှစ်အရွယ် ကလေးကို ဘယ်လို ကျွေးမွေးပြုစုသင့်သလဲ

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ၄-၅ နှစ်အရွယ် ကလေးကို ဘယ်လို ကျွေးမွေးပြုစုသင့်သလဲ

    ကလေးတွေရဲ့အသက်အရွယ်ကိုလိုက်ပြီး ကြီးထွားဖို့လိုအပ်တဲ့အာဟာရဓါတ်တွေကလည်း မတူညီပါဘူး။ မူကြိုတက်တဲ့အရွယ်ဟာ အပြောင်းအလဲကာလတခု ဖြစ်ပါတယ်။ သင့်ကလေး အသက်လေးနှစ်အရွယ်ရောက်တဲ့အခါ မိသားစုတွေစားတဲ့အစားအစာတွေအတိုင်း အတူတကွလိုက်စားသင့်ပါပြီ။ ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေကို ဘယ်လိုရွေးချယ်မလဲဆိုတာနဲ့အစားအသောက်ရွေးတဲ့ကလေးတွေကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတဲ့ အချက်တွေနဲ့ပတ်သက်ပြီး မိဘတွေကို အကူအညီပေးနိုင်ဖို့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါဦး။

    ၁။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေအများကြီးနဲ့ ကလေးကို မိတ်ဆက်ပေးပါ။

    ကလေးတွေအနေနဲ့အစားအစာမျိုးစုံကို စားခွင့်ရတဲ့အခါ ဘယ်အစားအစာက သူတို့အတွက်ကောင်းပြီး ဘယ်အစားအစာကတော့ ကျန်းမာရေးနဲ့မညီညွတ်ဘူးဆိုတာ ပိုပြီးသိလာပါလိမ့်မယ်။ ဒါ့အပြင် အစားမျိုးစုံစားပေးခြင်းအားဖြင့် ကလေးရဲ့ ကိုယ်ခန္ဓါဖွံ့ဖြိုးမှုအတွက် လိုအပ်တဲ့အာဟာရဓါတ်တွေကို မျှတစွာရရှိစေမှာ ဖြစ်ပါတယ်။ ပရိုတင်းဓါတ်ပါတဲ့ အစားအစာ (ပဲ၊ ကြက်၊ ကြက်ဆင်၊ ငါး၊ အသားများများပါတဲ့ဟမ်ဘာဂါ၊ တို့ဖူးနဲ့ဥမျိုးစုံစသည်)၊ အစေ့အဆန်၊ ပေါင်မုန့်၊ လတ်ဆတ်တဲ့ဟင်းသီးဟင်းရွက်၊ သစ်သီး၊ အဆီနည်းတဲ့နို့ထွက်ပစ္စည်းတွေ (နွားနို့၊ ဒိန်ခဲ၊ဒိန်ချဉ်စသည်)ဟာရွေးချယ်သင့်တဲ့ အစားအစာတွေပဲ ဖြစ်ပါတယ်။

    ၂။ ကလေး စားနိုင်သလောက်ပဲ ချင့်ချိန်ကျွေးပါ။

    ကလေးတွေဟာ သူတို့ပန်းကန်ထဲရှိသမျှထမင်းတွေကို အကုန်ပြောင်စင်အောင်စားနိုင်တာ ရှားပါတယ်။ ဒီလိုမျိုး ထမင်းဟင်းမကုန်တာကို အကျင့်မဖြစ်သွားစေပါနဲ့။ သူတို့စားနိုင်မယ့်ပမာဏလောက်ကိုပဲ ထည့်ပေးပါ။ ဒါမှမဟုတ် သူတို့စားချင်တဲ့ပန်းကန်အရွယ်အစားကို သူတို့ဖာသာရွေးပါစေ။ မဝသေးရင် ထပ်ထည့်ပေးလို့ရပါတယ်။ ဒါဟာ ပြဿနာမဟုတ်ပါဘူး။ မကုန်လို့ ကျန်တာကိုသွန်ပစ်ရတာထက် အများကြီးသာပါတယ်။ ဒီအရွယ်မှာ ကလေးတွေအနေနဲ့ တွေ့သမျှအကုန်လျှောက်စားတာထက် ဗိုက်ဝပြီ၊ ပြည့်အင့်ပြီဆိုတဲ့အခြေအနေကို သူတို့ဖာသာသိပါစေ။ ဝသွားရင်လည်း အတင်းထပ်ပြီးမကျွေးပါနဲ့။ ကလေးငယ်အနေနဲ့ ထမင်းစားရတာ၊ အစာစားရတာကို ဖိစီးမှုကြီး၊ စိတ်ညစ်စရာကြီးတစ်ခုအနေနဲ့ ယူဆမသွားပါစေနဲ့။

    ၃။ ကလေးကို ကျွေးတဲ့အတိုင်း မိဘတွေပါ လိုက်စားပါ။ အချိန်မှန်အစာစားပါစေ။

    ကလေးတွေစားတဲ့ပုံစံအတိုင်း မိဘတွေပါ လိုက်စားမယ်ဆိုရင် ကလေးတွေအတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေကို ကျွေးရလွယ်ကူစေတာကို တွေ့ရပါတယ်။ ဒါတင်မကသေးပါဘူး။ အစားအသောက် အတူတူစားခြင်းက သင်နဲ့ရင်သွေးလေးတို့ကြား မေတ္တာဓါတ်ကိုလည်း ပိုလို့တိုးစေ၊ ခိုင်မာစေပါတယ်။ ထမင်းစားချိန်၊ သရေစာစားချိန်တွေကို သတ်သတ်မှတ်မှတ်လုပ်ထားရပါမယ်။ ပုံမှန်ထမင်းစားချိန်မှာ သရေစာတွေစားတာမျိုးကို ခွင့်မပြုရပါဘူး။ အစာစားနေချိန်မှာ တီဗွီ၊ ဗွီဒီယိုဂိမ်းစတာတွေကို ပိတ်ထားဖို့လိုမှာ ဖြစ်သလို ကလေးငယ်ကိုအာရုံပြောင်းစေနိုင်တဲ့ အရာတွေမှန်သမျှကိုလည်း ဖယ်ရှားထားရပါမယ်။ ဒါမှသာ သင့်ကလေးအနေနဲ့အစားအသောက်ပေါ်မှာ အပြည့်အဝအာရုံစိုက်နိုင်မှာဖြစ်ပြီး ဗိုက်အောင့်၊ ဗိုက်နာခြင်းစတာတွေကနေ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

    ၄။ အသင့်စားအစားအစာတွေ၊ ပီဇာ၊ ဘာဂါ၊ အာလူးကြော်တို့လို အမြန်စားအစားအစာတွေနဲ့အချိုရည်တွေသောက်သုံးမှုကို ကန့်သတ်ပါ။

    လူတိုင်း အမြန်စားအစားအစာတွေကို ကြိုက်ပါတယ်။ ကလေးတွေက သာလို့တောင်ဆိုးပါသေးတယ်။ ဒါပေမယ့် ဒီအစားအစာတွေနဲ့အချိုရည်တွေက ကလေးရဲ့ကျန်းမာရေးအတွက် မကောင်းဘူးဆိုတာ ကျွန်တော်တို့အားလုံးသိကြပါတယ်။ အသင့်စားအစားအစာတွေနဲ့အချိုရည်တွေဟာ ငယ်ရွယ်တဲ့ကလေးတွေ အဝလွန်တာနဲ့ဆီးချိုဖြစ်ရခြင်းတို့ရဲ့ အဓိကတရားခံလို့တောင်ပြောလို့ရပါတယ်။ ဒီအစားအစာတွေကို လုံးဝမစားဖို့ပိတ်ပင်ရမယ်လို့တော့ မဆိုလိုပါဘူး။ သင်တောင် မစားဘဲနေနိုင်လို့လား။ ဒါပေမယ့် အလွန်အကျွံ မစားရလေအောင်၊ ပုံမှန်ကြီးမစားရလေအောင်တော့ ကန့်သတ်ရပါမယ်။ ဒါ့အပြင် ဆိုဒါ၊ သစ်သီးဖျော်ရည်၊ သံပုရာရည်၊ အားဖြည့်အချိုရည်စတဲ့ အရည်တွေသောက်သုံးမှုကိုလည်း

    ကန့်သတ်ရပါမယ်။ ရေခဲမုန့်တို့ ဘာတို့ကိုလည်း တခါတလေစားတာက ပြဿနာမရှိပေမယ့် နေ့တိုင်းစားရင်တော့ အဆင်မပြေပါဘူး။ ကလေးတွေအတွက် နွားနို့နဲ့ အရသာအကောင်းဆုံး အာဟာရအရည်တွေ ဖြစ်ပါတယ်။ နွားနိုဟာ အရသာရှိတဲ့အပြင် ကယ်လ်ဆီယမ်နဲ့ ဗီတာမင်ဒီတို့လို အာဟာရဓါတ်တွေလည်း ပြည့်ဝစွာ ပါဝင်ပါသေးတယ်။

    မူကြိုအရွယ်ကလေးတွေဟာ အင်မတန်မှကို အဆော့သန်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့သူတို့လေးတွေ ကျန်းမာရေးနဲ့ညီညွတ်ပြီး အာဟာရပြည့်ဝတဲ့ အစားအစာတွေကို စားသောက်ဖြစ်စေဖို့အတွက် ချော့တခါခြောက်တလှည့်နဲ့ပဲ ကြိုးစားရမှာပါ။ ထမင်းစားဖို့အချိန်တစ်ခုသတ်မှတ်ပေးမယ်ဆိုရင် သင့်ကလေးအနေနဲ့ အချိန်မှန်မှန်ထမင်းစားတတ်လာမှာ ဖြစ်ပါတယ်။ သင့်ကလေးတွေရဲ့အလုပ်ကတော့ ရှင်းပါတယ်။ ဘယ်အချိန်အစာစားမလဲ ဆုံးဖြတ်ဖို့နဲ့ ကျွေးတာကိုဘယ်လောက်စားမလဲ စဉ်းစားဖို့အလုပ်ပဲရှိတာမို့ပါ။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement