ကလေးများ ၀မ်းပျက်ဝမ်းလျှောဖြစ်ခြင်း

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

မင်္ဂလာပါ

Hello ဆရာဝန်ကနေ ကြိုဆိုပါတယ် ။ ဒီတစ်ခေါက် ဆွေးနွေးပေးမှာကတော့ အခုလို ရာသီဥတု အကူးအပြောင်းကာလတွေမှာ ကလေးငယ်တွေ ဖြစ်တတ်တဲ့ ဝမ်းပျက်ဝမ်း‌လျှော ရောဂါအကြောင်းပါ ။

၀မ်းပျက်ဝမ်းလျှောဖြစ်တာက အဓိကအားဖြင့် Rota virus – ရိုတာဗိုင်းရပ်စ်လို့ခေါ်တဲ့ ဗိုင်းရပ်စ်တစ်မျိုးကြောင့် ဖြစ်ရတာပါ ။ တခြားသော ဘက်တီးရီးယား ၊ ကပ်ပါးကောင်တွေကြောင့် ဖြစ်တာလည်း ရှိပါတယ် ။ ၀မ်းပျက်ရောဂါပိုးဟာ မသန့်တဲ့ အစားအစာကနေ တဆင့်ကူးစက်တာ ဖြစ်ပါတယ်။

၀မ်းပျက်ဝမ်းလျှောရောဂါဖြစ်တဲ့ ကလေးတွေမှာ ၀မ်းသွားတာအပြင် ပျို့အန်ခြင်း ၊ မျက်တွင်းကျခြင်း ၊ ရေငတ်ခြင်း ၊ ရေမသောက်နိုင်ခြင်း ၊ ဆီးထွက်နည်းခြင်း နဲ့ မှိန်းခြင်း အစရှိတဲ့ အန္တရာယ်လက္ခဏာတွေ ဖြစ်လာတတ်ပါတယ် ။ ဒါ့ကြောင့် ၂၄ နာရီအတွင်း ၀မ်းလျှောတာ ၃ ခါထက်ပိုရင် တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်ဆီ သွားရောင်ပြီး အမြန်ဆုံး ကုသမှု ခံယူသင့်ပါတယ် ။

၀မ်းပျက်ဝမ်းလျှောရောဂါမှာ ‌လက္ခဏာအလိုက် ရေဓါတ်ဆုံးရှုံးမှု အဆင့်ဆင့်ရှိပါတယ် ။

၁ ၊ ရေဓါတ်ဆုံးရှံးမှု မရှိခြင်း

ဒီအဆင့်မှာတော့ ဆေးရုံတက်ဖို့မလိုပါဘူး  ။ အိမ်မှာပဲ စောင့်ကြည်ပြီးတော့ ကုသမှုအနေနဲ့ ဆရာဝန်ရဲ့ ညွှန်ကြားချက်သောက်ဆေးတွေ Folic acid နဲ့ Zinc ဓါတ်တွေ သောက်ရပါမယ် ။ ပုံမှန်အတိုင်း အစားကို ထည့်ကျွေးပါ ။ ဒါ့အပြင် ဖြစ်နိုင်သမျှ အရည်များများ သောက်သုံးရပါမယ် ။ အထူးသဖြင့် ဓါတ်ဆား ၊ ဆားခတ်ထားတဲ့ ရေသန့် ၊ စွပ်ပြုတ်ရည်တွေကို သောက်ရပါမယ် ။ မသောက်သင့်တဲ့ အရည်တွေကတော့ အချိုရည်တွေ ၊ လက်ဖက်ရည်တွေပဲ ဖြစ်ပါတယ် ။ ရေဓါတ်နဲ့ ဓါတ်ဆားဖြည့်ဖို့အတွက် ဘီပီအိုင်ဓါတ်ဆားကို ရွေးချယ်သင့်ပါတယ် ။

၂ ၊ ၀မ်းလျှောပြီးနောက် ရေဓါတ်ဆုံးရှုံးမှုအနည်းငယ်ရှိခြင်း

အများအားဖြင့် ဆေးရုံတင်လေ့ ရှိပါတယ် ။ သောက်ဆေးတွေနဲ့ ဓါတ်ဆားရည်တွေကို ဆရာဝန်ညွှန်ကြားချက်အတိုင်း အတိအကျသောက်သုံးသင့်ပါတယ် ။ ဒီအခြေအနေမှာတော့ ပုံမှန်အားဖြင့် ဆေးသွင်းလေ့ မရှိပါဘူး ။ အန္တရာယ်ရှိတဲ့ လက္ခဏာတွေကို စောင့်ကြည့်ဖို့တော့ လိုအပ်ပါတယ် ။

၃ ၊ ၀မ်းလျှောပြီး ရေဓါတ်ဆုံးရှုံးမှု အလွန်များခြင်း

အရေးပေါ်အခြေအနေပါ ။ ဆေးရုံတက်ဖို့ လိုအပ်ပါတယ်။ သွေးကြောရှာပြီး  ဆေးပုလင်းချိတ်ရပါမယ် ။ ကလေးမိဘတွေအနေနဲ့ ဆရာဝန်ရဲ့ လမ်းညွှန်ကုသမှုကို အတိအကျလိုက်နာဖို့ လိုအပ်ပါတယ် ။

၀မ်းမပျက်အောင် ဘယ်လိုကာကွယ်မလဲ

  • ကလေးတွေကို အသက် ၆ လအထိ မိခင်နို့တမျိုးတည်းပဲ တိုက်ပါ ။ အသက် ၆ လကျော်မှသာ ဖြည့်စွက်စာကျွေးသင့်ပါတယ်
  • ကာကွယ်ဆေး ပုံမှန်ထိုးပါ
  • သောက်သုံးရေ ရေသန့်သာ သောက်ပါ
  • အိမ်သာတက်ပြီးချိန် ၊ အစာမစားခင်နဲ့ အစာစားပြီး လက်ကိုဆပ်ပြာနဲ့ ဆေးပါ
  • အစားအစာကို ယင်ကောင်တွေ မနားစေဖို့ ၊ အစာကို ကျက်အောင်ချက်ဖို့ သတိပြုပါ
  • ယင်လုံအိမ်သာ အသုံးပြုပါ

ဒီဆောင်းပါးပါ အချက်တွေကို လိုက်နာခြင်းဖြင့် သင်ရော သင့်ပတ်ဝန်းကျင်က ကလေးငယ်တွေရော ၀မ်းလျှောရောဂါပိုးမှ ကင်းဝေးပြီး ကျန်းမာပျော်ရွှင်စွာနဲ့ စာသင်နိုင်မှာပါ။ အားလုံးပဲ ကျန်းမာချမ်းသာကြပါစေ။

ရေးသားသူ – ဒေါက်တာအောင်ကျော့်မြင့်

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

မျှဝေမည်

တည်းဖြတ်သည့်နေ့ နိုဝင်ဘာ 30, 2019 | နောက်ဆုံးတည်းဖြတ်ခြင်း ဒီဇင်ဘာ 2, 2019

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။