backup og meta

ကလေးဆံသားကို ထိန်းသိမ်းပေးနိုင်မယ့်နည်းလမ်းများ


Aye Thi Mon မှ ရေးသားသည်။ · 13/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးဆံသားကို ထိန်းသိမ်းပေးနိုင်မယ့်နည်းလမ်းများ

    ချစ်ဖို့ကောင်းပြီးချောမောလှပတဲ့ ကလေးငယ်လေးဖြစ်ဖို့ဆိုရင်ခေါင်းအစခြေအဆုံး ဂရုစိုက်ပေးဖို့လိုပါမယ်။ ခေါင်းပေါ်ကဆံသားကနေစလို့ခြေထောက်တွေအထိ အစစအရာရာကိုဂရုစိုက်ပေးဖို့လိုပါလိမ့်မယ်။ ဆံသားကျန်းမာလှပမှုကလည်း လူတစ်ယောက်ကို အလှတိုးစေဖို့အတွက် မရှိမဖြစ်လိုအပ်တာကြောင့် ရင်သွေးလေးမှာ ကျန်းမာသန်စွမ်းတဲ့ဆံသားပိုင်ဆိုင်ဖို့ဆိုရင် မိဘတွေက ငယ်ငယ်ကတည်းကသေချာဂရုစိုက်ဖို့လိုမှာပါ။

    ကလေးငယ်ရဲ့ဆံသားနဲ့ပတ်သက်လို့သိထားသင့်တာတွေက

    ကလေးငယ်ဟာမွေးစထဲက ဆံပင်ခပ်ပါးပါးလေးပါလာတတ်ကြပါတယ်။ ဒီဆံသားလေးတွေက အရမ်းကိုနူးညံ့လွန်းပါတယ်။ မွေးစဆံပင်လေးတွေက ကလေးငယ်အရွယ်ရောက်လာတာနဲ့အမျှ တဖြည်းဖြည်းချင်းပြောင်းလဲလာပါတယ်။ ကလေးရဲ့ ဆံသားအခြေအနေက အသက်အရွယ်အလိုက်တဖြည်းဖြည်းချင်းပြောင်းလဲလာတာနဲ့အမျှ မိဘတွေအနေနဲ့ကလည်းသေချာဂရုစိုက်ပေးဖို့လိုပါမယ်။ ဒါမှကလေးက ကျန်းမာသန်စွမ်းတဲ့ဆံသားကိုပိုင်ဆိုင်နိုင်မှာပါ။

    ကလေးကို ဘယ်လောက်တစ်ကြိမ်ခေါင်းလျှော်ပေးမလဲ

    ၁ နှစ်ကနေ ၂ နှစ်အတွင်း – တစ်ပတ်ကို တစ်ကြိမ် ကနေ နှစ်ကြိမ်လောက်လျှော်ပေးပါ။ ကလေးရဲ့ဦးရေပြားက အဆီပြန်တတ်တယ်ဆိုရင်ခေါင်းမလျှော်ခင်မှာ ကလေးရဲ့ ဦးရေပြားကိုသံလွင်ဆီ ဒါမှမဟုတ် Baby Oil လိမ်းပြီးဖြည်းညင်းစွာနှိပ်နယ်ပေးပြီး တစ်ပတ်ကို နှစ်ကြိမ် ကနေ ၃ ကြိမ်လောက်ခေါင်းလျှော်ပေးပါ။

    ၂ နှစ် ကနေ ၄ နှစ် – တစ်ပတ်ကို ၃ ကြိမ်လောက်ခေါင်းလျှော်ပေးတာအကောင်းဆုံးပါ။ ကလေးကိုခေါင်းလျှော်ပေးတဲ့အခါ ဘေဘီလေးတွေအတွက် သီးသန့်ထုတ်ထားတဲ့ခေါင်းလျှော်ရည်နဲ့ပဲလျှော်ပေးပါ။

    ၄ နှစ်နဲ့အထက် – ကလေးဆံပင်ကရှည်နေမယ်ဆိုရင်တော့ တစ်ရက်ခြားတစ်ခါလောက်လျှော်ပေးတာက အဆင်ပြေမှာပါ။ ကလေးကခေါင်းချွေးပြန်တတ်တယ်။ ဦးရေပြားအဆီပြန်တတ်တယ်ဆိုရင်တော့ခေါင်းကို တစ်ရက်ခြားတစ်ခါသေသေချာချာလေးလျှော်ပေးတာကအဆင်ပြေမှာပါ။ ကလေးကိုဘယ်အရွယ်ပဲဖြစ်ဖြစ် တစ်ပတ်ကို ၂ ကြိမ်တော့ အနည်းဆုံးခေါင်းလျှော်ပေးဖို့လိုပါမယ်။ ကလေးကိုခေါင်းလျှော်ပေးတဲ့အခါဘေဘီလေးတွေအတွက် သီးသန့်ထုတ်ထားတဲ့ခေါင်းလျှော်ရည်ကို အသုံးပြုပြီးလျှော်ပေးတာက ကလေးငယ်ရဲ့ ဆံသား နဲ့ ဦးရေပြားအတွက် စိတ်ချရသလို ကလေးကို မျက်စိကျိန်းစပ်တာ အရေပြားထိခိုက်တာတွေဖြစ်မှာကိုလည်း မပူရတော့ပါဘူး။

    ကလေးဆံသားကို ထိန်းသိမ်းတဲ့နေရာမှာနောက်ထပ်လုပ်ပေးနိုင်တာတစ်ခုက Conditioner အသုံးပြုတာပါ။ ကလေးကိုခေါင်းလျှော်ပေးတိုင်းမှာတော့Conditioner ကိုသုံးဖို့မလိုပေမယ့် ကလေးကို တစ်ပတ်တစ်ခါလောက်တော့Conditioner အသုံးပြုပေးလိုက်ပါ။ ဆံသားကြမ်းတမ်းခြောက်သွေ့မှုကို သက်သာစေနိုင်ပြီး နူးညံ့ကျန်းမာသန်စွမ်းတဲ့ ဆံသားကို ပိုင်ဆိုင်နိုင်စေမှာပါ။

    ဆံသားကျန်းမာသန်စွမ်းစေမယ့် နည်းလမ်းတွေက

    ကလေးဆံသားနဲ့သင့်တော်မယ့်ခေါင်းလျှော်ရည်ကိုရွေးချယ်ပါ – ကလေးကိုခေါင်းလျှော်ပေးတဲ့အခါ လူကြီးတွေအတွက် အသုံးပြုတဲ့ခေါင်းလျှော်ရည်နဲ့လျှော်ပေးတာမျိုးမလုပ်ပါနဲ့။ ကလေးတွေအတွက်သီးသန့်ထုတ်လုပ်ထားတဲ့ ခေါင်းလျှော်ရည်နဲ့လျှော်ပေးပါ။ ဒီလိုလျှော်ပေးတဲ့နေရာမှာလည်း ကလေးရဲ့ ဆံသားနဲ့လိုက်ဖက်မယ့်ခေါင်းလျှော်ရည်ကိုသေချာရွေးချယ်ပေးပါ။

    ခေါင်းလျှော်တဲ့အခါ ဦးရေပြားကိုနှိပ်နယ်ပေးပါ – ကလေးကိုခေါင်းမလျှော်ခင်မှာ ဆံသားတွေအားလုံကိုရေစွတ်လိုက်ပါ။ပြီးရင်တော့ခေါင်းလျှော်ရည်ကို လက်ခုပ်ထဲထည့်ပြီးခေါင်းအနှံ့ကိုသေချာပွတ်လိုက်ပြီးမှ လက်ချောင်းလေးတွေသုံးပြီး ဦးရေပြားအနှံ့ကို နှိပ်နယ်ပေးပါ။ပြီးရင်တော့ခေါင်းလျှော်ရည်တွေကိုရေနဲ့သန့်စင်အောင်ဆေးကြောချလိုက်ပါ။

    နေ့စဉ် ဆံပင်ဖြီးသင်ပေးပါ –ဆံပင်ဖြီးတာကလည်း ဦးရေပြားနဲ့ ဆံသားကျန်းမာဖို့အတွက်လိုအပ်တဲ့အချက်တစ်ချက်ပါ။ ဆံပင်ကို အုန်းဆီစစ်စစ်လေး ဒါမှမဟုတ် သံလွင်ဆီလိုမျိုး အဆီတစ်ခုခုကိုလူးပြီးသေချာဖြီးသင်ပေးမယ်ဆိုရင် ဦးရေပြားကိုသွေးလည်ပတ်မှုကောင်းစေမှာဖြစ်သလို ဆံပင်ရှုပ်ထွေးတာ၊ ဆံသားမွဲခြောက်ကြမ်းတမ်းတာတွေမဖြစ်အောင်လည်း ကာကွယ်နိုင်မှာပါ။

    ဆံပင်ဖြီးတဲ့အခါ ဘီးကျဲကိုသုံးပါ – ကလေးတွေရဲ့ ဆံပင်ကိုဖြီးသင်ပေးတဲ့အခါ ဘီစိတ်အစား ဘီးကျဲကိုအသုံးပြုပေးတာက ဆံပင်ကျွတ်တာ၊ ဆံပင်အရင်းတွေနာကျင်တာကိုလျော့ပါးသက်သာစေမှာဖြစ်တာကြောင့် ကလေးကိုခေါင်းဖြီးပေးတဲ့အခါ ဘီးကျဲကို အသုံးပြုပေးပါ။

    Conditioner ကိုရေနွေးနဲ့စပ်ပြီး အသုံးပြုပေးပါ – ကလေးကိုခေါင်းလျှော်ပေးပြီးတဲ့အခါ ဆံသားကျန်းမာသန်စွမ်းစေဖို့အတွက် ဖျန်းလို့ရတဲ့ဗူးတစ်ခုထဲမှာရေနွေးခပ်နွေးနွေးလေးနဲ့ Conditioner ကိုရောစပ်ပြီး ကလေးရဲ့ဆံသားပေါ်မှာ ဖျန်းပေးလိုက်ပါ။ ဒါကလါယ်ကူပြီး ထိရောက်တဲ့ ဆံသားထိန်းသိမ်းမှုတစ်ခုပေါ့။Conditionerရွေးတဲ့အခါ ရင်သွေးလေးရဲ့ ဆံသားနဲ့ကိုက်ညီတာကိုရွေးချယ်မိဖို့တော့လိုပါမယ်။

    တစ်ပတ်တစ်ခါ ပန်းသီးရှာလကာရည်အသုံးပြုပေးပါ -ရေ ၁၀၀ မီလီလီတာ ကို ပန်းသီးရှာလကာရည် ၂၅ မီလီလီတာနဲ့ရောစပ်ပြီး ဖျန်းလို့ရတဲ့ဗူးထဲကိုထည့်လိုက်ပါ။ပြီးရင် သမသွားအောင်ဗူးကိုလှုပ်ပြီးခေါင်းမလျှော်ပေးခင် ကလေးရဲ့ ဆံသားမှာဖျန်းပေးလိုက်ပါ။ပြီးရင် ၁၅ မိနစ်ထားပြီးခေါင်းလျှော်ချလိုက်ပါ။ ကလေးရဲ့ ဆံသားတောက်ပြောင်ပြီး ကျန်းမာလာတာကိုတွေ့ရမှာပါ။

    ကလေးကို Dryer မသုံပေးပါနဲ့ -ပြင်းလွန်းတဲ့အပူချိန်က ဆံသားကိုပျက်စီးစေနိုင်ပါတယ်။ နူးညံ့တဲ့ဘေဘီလေးတွေရဲ့ ဆံသားတွေဆိုပိုဆိုးမှာ အသေအချာပါ။ ဒါကြောင့် ကလေးကိုခေါင်းလျှော်ပေးပြီးတဲ့အခါ တဘက်ကို အသုံးပြုပြီးပဲရေခြောက်အောင်လုပ်ပေးပါ။ Dryer သုံးပြီး အခြောက်ခံတာမျိုးမလုပ်ပါနဲ့။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 13/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement