backup og meta

ပရိုတင်းရဲ့ လုပ်ငန်းတာဝန်များ


Dr. Thant Zin မှ ရေးသားသည်။ · 21/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ပရိုတင်းရဲ့ လုပ်ငန်းတာဝန်များ

    ပရိုတင်းဆိုတဲ့ အခြေခံအာဟာရကိုတော့ လူတိုင်းကြားဖူးပါလိမ့်မယ်။ မြန်မာလို အသားဓာတ်လို့လည်း ခေါ်ပါတယ်။ ပရိုတင်းဆိုတဲ့ စကားလုံးကတော့ ဂရိစကား proteos ကနေ ဆင်းသက်လာပြီး အဓိကပထမ လို့ အဓိပ္ပာယ်ရပါတယ်။

    ပရိုတင်းကို အမိုင်နိုအက်ဆစ်များစွာ ချိတ်ဆက်ပြီး ဖွဲ့စည်းထားပါတယ်။ ပရိုတင်းကို ပုတီးတစ်ကုံးလို မြင်ယောင်ကြည့်ရင် အမိုင်နိုအက်ဆစ်များဟာ ပုတီးလုံးလေးတွေပါပဲ။ ပရိုတင်းရဲ့ လုပ်ငန်းတာဝန်တွေဟာလည်း များပြားလှပါတယ်။

    ယခုဖော်ပြပေးမှာကတော့ ကိုယ်ခန္ဓာအတွက် အရေးကြီးတဲ့ ပရိုတင်းရဲ့ လုပ်ငန်းတာဝန်အချို့ ဖြစ်ပါတယ်။

    ကြီးထွားဖွံ့ဖြိုးခြင်း

    သင့်ကိုယ်ခန္ဓာကို မွေးစကနေ ယနေ့ထိ ကြွက်သားတစ်ရှူးများနဲ့ ကြီးထွားလာအောင် ပရိုတင်းက တည်ဆောက်ပေးပါတယ်။ ဒါ့အပြင် ဖွံ့ဖြိုးကြီးထွားပြီးတဲ့ ကိုယ်ခန္ဓာကိုလည်း ဆက်လက်တောင့်တင်းအောင် ထိန်းသိမ်းပေးပါတယ်။

    ပုံမှန်အားဖြင့် တစ်ရှူးတွေကို တည်ဆောက်နိုင်ဖို့ ပရိုတင်းများကို တသမတ်တည်းဖြိုခွဲပေမယ့် နေထိုင်မကောင်းချိန်၊ မိခင်နို့တိုက်ချိန် စတဲ့ ပိုမိုလိုအပ်ချိန်တွေမှာ ပရိုတင်းများကို ပိုပြီး ဖြိုခွဲအသုံးချပါတယ်။

    ဇီဝဓာတ်ပြုမှုများဖြစ်ပေါ်စေခြင်း

    ကိုယ်ခန္ဓာထဲမှာ ဇီဝဖြစ်စဉ်တွေကိုဖြစ်ပေါ်စေတဲ့ အင်ဇိုင်းများဟာလည်း ပရိုတင်းတွေပဲ ဖြစ်ပါတယ်။ ဥပမာပြောရရင် လက်တေ့စ်၊ ဆူးခရေ့စ် စတာတွေဟာ အစာချေအင်ဇိုင်းတွေဖြစ်ပြီး သကြားဓာတ်ကို ဖြိုခွဲရာမှာ ပါဝင်ပါတယ်။

    အစာချေခြင်း၊ စွမ်းအင်ထုတ်လုပ်ခြင်း၊ သွေးခဲခြင်း၊ ကြွက်သားများ ကျုံ့ခြင်း စတဲ့လုပ်ငန်းစဉ်တွေလုပ်ဆောင်နိုင်အောင် အင်ဇိုင်းများကို လိုအပ်ပါတယ်။

    သတင်းပို့ပစ္စည်းများ၊ ဟော်မုန်းများအဖြစ်ဆောင်ရွက်ခြင်း

    ပရိုတင်းအချို့ကတော့ ဟော်မုန်းများအနေနဲ့ ဆောင်ရွက်ပါတယ်။ ဆဲလ်များ၊ တစ်ရှူးများအတွင်းမှာ ဓာတုဆက်သွယ်ရေးပစ္စည်းများအနေနဲ့ ဆက်သွယ်ဆောင်ရွက်ပေးပါတယ်။

    ဟော်မုန်းများကို အုပ်စုသုံးမျိုးခွဲနိုင်ပြီး ပရိုတင်း/ပက်တိုဒ် အမျိုးအစားကတော့ အများဆုံး ဖြစ်ပါတယ်။ ဥပမာ အင်ဆူလင် (ဆီးချိုထိန်းပေးသည့်ဟော်မုန်း)၊ ဂလူကာဂွန် (အသည်းမှာ သိုလှောင်သည့် ဂလူးကို့စ်ကို ချေဖျက်သည့်ဟော်မုန်း)၊ hGH ခေါ် ကိုယ်ခန္ဓာတစ်ရှူးများ ဖွံ့ဖြိုးစေတဲ့ ဟော်မုန်း စတာတွေ ဖြစ်ပါတယ်။

    တောင့်တင်းသည့် တည်ဆောက်ပုံဖြစ်ပေါ်စေခြင်း

    ထွားလာအောင် အသားများများ စားပေးရမယ်ဆိုတဲ့ စကားမျိုး ကြားဖူးကြပါလိမ့်မယ်။ ဒီစကားဟာ အမှန်ပါပဲ။ ပရိုတင်းးအချို့ဟာ ဆဲလ်များ တစ်ရှူးများကို စုစည်းတွယ်ဆက်ပေးပြီး ကိုယ်ခန္ဓာတည်ဆောက်ပုံကို ခိုင်မာတောင့်တင်းစေပါတယ်။ ဥပမာ ကရတင် (keratin)၊ ကော်လာဂျင်နဲ့ အလက်စတင် (elastin) စတဲ့ ပရိုတင်းတွေ ဖြစ်ပါတယ်။

    ပရိုတင်းဟာ အသားအရေ၊ ဆံပင်၊ ခြေသည်းလက်သည်း စတာတွေကို ဖွဲ့စည်းဖြစ်ပေါ်စေပြီး ကော်လဂျင်ကတော့ အရိုးများ၊ ကြွက်သားချောင်းများ၊ အရွတ်များနဲ့ အရေပြား ဖွဲ့စည်းရာမှာ ပါဝင်ပါတယ်။ အလက်စတင်ကတော့ ကိုယ်ခန္ဓာရဲ့ အချို့အစိတ်အပိုင်းများ တင်းကားခြင်း၊ ကျုံ့ခြင်းဆန့်ခြင်း စတဲ့လုပ်ငန်းစဉ်တွေကို လုပ်နိုင်အောင် ပါဝင်တည်ဆောက်ပေးထားပါတယ်။ ဥပမာ သားအိမ်၊ အဆုတ်၊ သွေးကြောများ စတာတွေ ဖြစ်ပါတယ်။

    အက်ဆစ် ဘေ့စ် ညွှန်ကိန်း (pH) ကို ထိန်းသိမ်းပေးခြင်း

    pH တန်ဖိုး (ဝ) ကနေ (၇) အတွင်းဟာ အက်ဆစ်ဓာတ်ကဲပြီး (၇) ကနေ (၁၄) အတွင်းကတော့ ဘေ့စ်ဓာတ်များပါတယ်။ ကိုယ်ခန္ဓာအတွင်းက သွေးအပါအဝင် အရည်ဓာတ်တွေမှာ pH တန်ဖိုး အမျိုးမျိုး ရှိပါတယ်။

    ဥပမာ အစာချေရည်များရဲ့ pH ဟာ ၂ ဖြစ်ပြီး သွေးရဲ့ pH ညွှန်ကိန်းဟာ ၇.၄ ဖြစ်ပါတယ်။ ကိုယ်ခန္ဓာအရည်များရဲ့ pH ညွှန်ကိန်းဟာ သူ့နေရာနဲ့သူ တည်ငြိမ်ဖို့ လိုပါတယ်။ ပြောင်းလဲခဲ့ရင် အန္တရာယ် ဖြစ်နိုင်ပါတယ်။ အဆိုပါ pH ကို ထိန်းသိမ်းရာမှာ ပရိုတင်းးဟာ ပါဝင်ပါတယ်။ ဥပမာ ဟေမိုဂလိုဘင် ဖြစ်ပါတယ်။ သူဟာ သွေးရဲ့ pH တန်ဖိုးကို ထိန်းသိမ်းပေးပါတယ်။

    အရည်များကို မျှတစေခြင်း

    ကိုယ်ခန္ဓာအတွင်းက အရည်ဓာတ်တွေကို ဟန်ချက်ညီမျှတအောင် ထိန်းသိမ်းရာမှာ အယ်လ်ဗျူမင်နဲ့ ဂလိုဗျူလင်ဆိုတဲ့ ပရိုတင်းတွေ ပါဝင်ပါတယ်။ သူတို့ဟာ ရေကိုဆွဲယူပေးပြီး ထိန်းသိမ်းပေးပါတယ်။ ပရုတိန်းဓာတ်ကို လုံလောက်စွာ မရရှိရင် အဆိုပါပရိုတင်းနှစ်မျိုးလည်း လျော့နည်းသွားနိုင်ပြီး ဆဲလ်တွေကြားထဲကို ရေတွေဝင်ရောက်လာစေပါတယ်။ အဆိုပါ အခြေအနေကို ဖောရောင်ခြင်းလို့ ခေါ်ပါတယ်။ ဗိုက်နေရာမှာ ရေဖျဥ်းစွဲခြင်းဟာလည်း ဒီသဘောပါပဲ။

    ကိုယ်ခံစွမ်းအား မြှင့်တင်ပေးခြင်း

    ဗိုင်းရပ်စ်၊ ဘက်တီးရီးယား စတဲ့ရောဂါပိုးဝင်တဲ့အခါ ပြန်လည်တိုက်ထုတ်ပေးတဲ့ ကိုယ်ခန္ဓာရဲ့ခုခံပစ္စည်း (antibody) များဟာ ပရိုတင်းတွေ ဖြစ်ပါတယ်။ ခုခံပစ္စည်းတွေမရှိခဲ့ရင် ရောဂါပိုးမွှားပေါင်းစုံဟာ ကိုယ်ခန္ဓာထဲကို ဝင်ရောက်ပြီး စိတ်ကြိုက်ပွားများနိုင်ပါလိမ့်မယ်။

    ရောဂါပိုးအသစ်တစ်မျိုး ဝင်ရောက်လာတိုင်းမှာ ကိုယ်ခန္ဓာကနေ ခုခံပစ္စည်းတွေ ထုတ်လုပ်ပေးပြီး နောင်အခါမှာလည်း ဘယ်လိုပုံစံနဲ့မှ ကိုယ်ခန္ဓာထဲကို မကျူးကျော်နိုင်အောင် ကာကွယ်ပေးပါတယ်။

    အာဟာရဓာတ်များကို သယ်ယူပို့ဆောင်ပေးခြင်း

    ဗီတာမင်၊ သတ္တုဓာတ်စတဲ့ အာဟာရဓာတ်များကို သွေးထဲကတဆင့် ကိုယ်ခန္ဓာအနှံ့အပြားကို ပို့ဆောင်ရာမှာ ပရိုတင်းများက သယ်ယူပေးပါတယ်။ ဥပမာ ဟေမိုဂလိုဘင်ပရိုတင်းဟာ အောက်ဆီဂျင်ကို သယ်ဆောင်ပေးပါတယ်။

    GLUT ဆိုတဲ့ ပရိုတင်းကတော့ ဂလူးကို့စ်ကို ဆဲလ်တွေဆီ သယ်ဆောင်ပေးပါတယ်။ လစ်ပိုပရိုတင်းကတော့ ကိုလက်စထရောနဲ့ တခြားအဆီဓာတ်တွေကို သယ်ဆောင်ပေးပါတယ်။

    စွမ်းအင်ထောက်ပံ့ပေးခြင်း

    ပရိုတင်း တစ်ဂရမ်မှာ ကယ်လိုရီ ၄ ယူနစ်ပါဝင်ပါတယ်။ ဒါဟာ ကာဘိုဟိုက်ဒရိတ်ကနေရတဲ့ စွမ်းအင်နဲ့ အတူတူလောက်ပါပဲ။ ဒါပေမယ့် ထူးခြားတာကတော့ ပရိုတင်းဟာ ပုံမှန်အခြေအနေတွေမှာထက်စာရင် အရေးပေါ် အခြေအနေမှသာ စွမ်းအင်ကို အဓိကထုတ်ပေးပါတယ်။

    ဥပမာ အစာမစားဘဲနေတာကြာလာရင် အရိုးကြွက်သားတွေကို ဖြိုခွဲပြီး စွမ်းအင်ထုတ်ပေးပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thant Zin မှ ရေးသားသည်။ · 21/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement