backup og meta

ကလေးများ သွားပိုး မစားစေဖို့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 03/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးများ သွားပိုး မစားစေဖို့

    ကလေးတွေဟာ ငယ်စဉ်ကတည်းက အချိုတွေ အစားများတာကြောင့်ရော၊ သွားကို ဂရုမစိုက်တာကြောင့်ရော၊ မေမေတွေက ကလေးတွေကို သွားတိုက်ဖို့ သတိမထားတာကြောင့်ရော သွားပိုး စားတတ်ကြပါတယ်။ ဒါကြောင့် ကလေးတွေက အရွယ်မတိုင်ခင် သွားပိုးစားတာ၊ ငယ်သွားလဲတာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ကလေးတွေကို ကြည့်လိုက်ရင် သွားမည်းမည်းလေးတွေ၊ သွားကျိုးလေးတွေ ဖြစ်နေတာပေါ့။ သွားကိုက်တာကြောင့် ဂျီကျတာမျိုးလည်း လုပ်တတ်ပါသေးတယ်။ ကလေးငယ်ငယ်လေးတွေမှာ ဘာတွေကြောင့်များ သွားပိုးစားရတာလည်း၊ ဘယ်လိုနည်းလမ်းတွေနဲ့ ကာကွယ်ကြမလဲဆိုတာ ပြောပြပေးပါ့မယ်။

    သွားပိုး စားတယ်ဆိုတာ ဘာလဲ။

    သွားပိုးစားတယ်ဆိုတာ သွားကြွေလွှာတွေ အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးတာကို ပြောတာပါ။ သွားကြွေလွှာဆိုတာ သွားရဲ့ အပြင်ဆုံးအလွှာပါ။ သွားပိုးစားတာကြောင့် သွားမှာ အပေါက်တွေ ဖြစ်လာပါတယ်။

    ကလေးတွေမှာ ဘာလို့ သွားပိုး စားတာလဲ။

    သွားပိုးစားတာက ဘက်တီးရီးယားနဲ့ အခြားအကြောင်းတွေကြောင့်ပါ။ ကာဘိုဟိုက်ဒရိတ်ပါတဲ့ အစားအစာတွေ (အထူးသဖြင့် ချိုပြီး စေးကပ်တဲ့) စားပြီးတဲ့အခါ အကြွင်းအကျန်တွေက သွားမှာ ကပ်ပြီး ကျန်ခဲ့တတ်ပါတယ်။ ဥပမာ နို့၊ သစ်သီးခြောက်၊ သကြားလုံး၊ ကိတ်၊ သစ်သီးဖျော်ရည်တွေ၊ ပေါင်မုန့်တို့ စားပြီးရင်ပေါ့။ ဒီအခါမှာ ပါးစပ်ထဲမှာ သဘာဝအတိုင်းရှိနေတဲ့ ဘက်တီးရီးယားတွေက ဒီအစားအစာတွေကို ချေဖျက်လိုက်ပြီး အက်စစ်ဓာတ်တွေ ထွက်လာပါတယ်။

    ဘက်တီးရီးယားရယ်၊ အစာရယ်၊ အက်စစ်ရယ်၊ တံတွေးရယ်ပေါင်းပြီး သွားချေးဖြစ်လာပါတယ်။ ဒီသွားချေးက သွားမှာကပ်ပြီး အချိန်ကြာလာတဲ့အခါ ဘက်တီးရီးယားတွေကြောင့် ထွက်လာတဲ့ အက်စစ်ဓာတ်တွေက သွားကြွေလွှာကို ဖျက်ဆီးလိုက်တာကြောင့် သွားပိုးပေါက်တွေ ဖြစ်လာတာပါ။ အပြင်မှာ လူတွေ ထင်သလို သွားထဲကနေ ပိုးကောင်တွေ ထွက်လာတာမျိုး မဟုတ်ပါဘူး။

    ဘယ်လိုကလေးတွေက ပိုပြီး သွားပိုးစားနိုင်လဲ။

    ကလေးတိုင်းရဲ့ ပါးစပ်ထဲမှာ ဘက်တီးရီးယားတွေ ရှိနေတဲ့အတွက် ကလေးတိုင်း သွားပိုးစားနိုင်တယ်လို့ ပြောရင် မမှားပါဘူး။ ဒါပေမယ့် အောက်ကအချက်တွေ ရှိရင်တော့ ပိုပြီး သွားပိုးစားနိုင်ချေ ရှိပါတယ်။

    • ပါးစပ်တွေမှာ ဘက်တီးရီးယားတွေ များနေတာ
    • အချိုများတဲ့ အစားအစာတွေ စားလွန်းတာ
    • သောက်တဲ့ရေထဲမှာ ဖလိုရိုက် မပါတာ၊ ရေအလုံအလောက်မရတာ
    • ခံတွင်း သန့်ရှင်းရေး မကောင်းတာ
    • တံတွေးအထွက်နည်းတာ စတဲ့ ကလေးတွေက ပိုဖြစ်တတ်ပါတယ်။

    သွားပိုးစားတဲ့ ကလေးတွေ ဘယ်လို ခံစားရမလဲ။

    ကလေး တစ်ယောက်နဲ့ တစ်ယောက်တော့ မတူပါဘူး။ များသောအားဖြင့်တော့

    • သွားပိုးစားတဲ့ သွားမှာ အရင်ဆုံး အဖြူစက်လေးတွေ ထွက်လာပါတယ်။ ဒါက သွားကြွေလွှာ စပြီး ပျက်စီးနေတာကို ပြတာပါ။ ဒီအချိန်မှာ သွားကျဉ်တာလောက်တော့ ဖြစ်တတ်ပါတယ်။
    • နောက်ကျရင် ပိုးပေါက်လေး တွေ့ရပါမယ်။ အညိုရောင် ရှိပါတယ်။
    • ပိုးပေါက် ပိုကြီးပြီး နက်လာရင်တော့ အမည်းရောင် ပြောင်းသွားပါမယ်။

    ခံစားရတာကတော့ ကလေးတစ်ယောက်နဲ့ တစ်ယောက် တူချင်မှ တူမှာပါ။ တချို့ကလေးတွေက သွားပိုးပေါက် ရှိပေမယ့် ဘာလက္ခဏာမှ မပြတာတွေ ရှိပါတယ်။ တစ်ခါတစ်လေ သိတောင်မသိဘဲ သွားဆရာဝန်နဲ့ သွားပြမှ တွေ့တာမျိုးလည်း ရှိပါတယ်။ တချို့ကလေးတွေကျတော့

  • သွားနာတာ
  • အချိုတွေ၊ ပူလွန်း၊ အေးလွန်းတဲ့ အစားအစာတွေ စားတဲ့အခါ သွားကျဉ်တာ၊ သွားကိုက်တာမျိုးတွေ ရှိတတ်ပါတယ်။
  • ဘယ်လိုကုသလို့ရလဲ။

    ကုသနည်းတွေကတော့ ကလေးရဲ့ အသက်၊ ကျန်းမာရေး အခြေအနေနဲ့ ခံစားရတဲ့ လက္ခဏာပေါ်မှာ မူတည်ပါတယ်။ နောက်ပြီး သွားပိုးပေါက်က ဘယ်လောက်အခြေအနေဆိုးလဲပေါ်  မူတည်ပြီး ကုသပေးရပါတယ်။ များသောအားဖြင့်တော့ သွားပိုးစားနေတဲ့အပိုင်းကို ဖယ်ပြီးတော့ ပြန်ဖာတာပါ။ ဒါကို Restorationလုပ်တယ်လို့ ခေါ်ပါတယ်။

    ကလေးတွေကို သွားပိုးမစားအောင် ဘယ်လိုကာကွယ်ကြမလဲ။ 

    • မေမေက သွားနဲ့ ခံတွင်းကို ဂရုစိုက်ပါ။ မေမေကိုယ်တိုင် သွားနဲ့ ခံတွင်းကို ဂရုစိုက်တတ်တဲ့ အကျင့်ရှိမှသာ မွေးလာတဲ့ ကလေးကို ဂရုစိုက်ရကောင်းမှန်း သိမှာပါ။ ကိုယ်ဝန်ရှိစဉ်မှာလည်း သွားကို ပုံမှန် စစ်ဆေးဖို့ မမေ့ပါနဲ့။
    • မေမေနို့ပဲ တိုက်တိုက်၊ နို့ဘူးပဲ တိုက်တိုက် ကလေးရဲ့ သွားတွေကို ဂရုစိုက်ပေးပါ။

    မွေးစမှ ၁၂လ – ကလေးရဲ့ သွားဖုံးလေးတွေကို သန့်စင်တဲ့ ရေစိုဝတ်နဲ့ သန့်ရှင်းရေး လုပ်ပေးပါ။ သွားပေါက်ပြီဆိုတာနဲ့ ကလေးကို တိုက်တဲ့ သွားပွတ်တံ အပျော့စားလေးနဲ့ ဖလိုရိုက်ပါတဲ့ သွားတိုက်ဆေးသုံးပြီး တိုက်ပေးပါ။

    ၁၂လမှ ၃၆လ – ကလေးတွေကို လူကြီးလိုပဲ တစ်ခါတိုက်ရင် ၂မိနစ်နဲ့ တစ်နေ့ ၂ကြိမ်တိုက်ပေးပါ။ ကလေး အသက် ၃နှစ်ပြည့်တဲ့အထိ ဖလိုရိုက်ပါတဲ့ သွားတိုက်ဆေးကို ဆန်စေ့အရွယ်လောက်သုံးပြီး တိုက်ပေးပါ။ လူကြီးတွေလိုပဲ မနက်တစ်ခါ ညတစ်ခါ တိုက်ပေးပါ။

    • ကလေးကို သိပ်တဲ့အခါ အစားအစာတွေ ကျွေးရင်း၊ နို့ဘူးတွေတိုက်ရင်း မသိပ်ပါနဲ့။ တချို့မေမေတွေက ကလေးတွေကို နို့ဘူးငုံခိုင်းပြီး သိပ်လေ့ရှိပါတယ်။ ဒါဟာ ကလေးရဲ့ သွားကို အချိုနဲ့ အကြာကြီး ထိတွေ့စေတဲ့အတွက် သွားပိုးစားစေပါတယ်။ ဒါ့ပြင် နားပြည်ယိုတာ၊ နို့သီးတာတွေလည်း ဖြစ်တတ်ပါတယ်။
    • ကလေးငြိမ်အောင် သကြားလုံးပေးစုပ်တာမျိုး၊ နို့ဘူးပေးငုံတာမျိုး မလုပ်ပါနဲ့။ တကယ်လို့ ပေးထားချင်တယ်ဆိုလည်း ၆လအထက်ကလေးတွေမှာ ရေထည့်ပြီး ပေးထားလို့ရပါတယ်။ ဒါကလည်း အစာစားပြီးတဲ့ အချိန်မှပါ။
    • သောက်ရေမှာ ဖလိုရိုက်ပါပါစေ။ တကယ်လို့ သောက်ရေမှာ ဖလိုရိုက်မပါရင် သွားဆရာဝန်နဲ့ တိုင်ပင်ပြီး ဖလိုရိုက်ဖြည့်စွက်ဆေး ပေးလို့ရပါတယ်။
    • တတ်နိုင်ရင် ခွက်နဲ့ပဲ သောက်ပါစေ။ ကလေးက ခွက်နဲ့ ကိုင်သောက်တတ်ပြီ ဆိုတာနဲ့ နို့ပဲဖြစ်ဖြစ်၊ သစ်သီးဖျော်ရည်ပဲ ဖြစ်ဖြစ် ခွက်နဲ့ သောက်ခိုင်းပါ။ ခွက်နဲ့ သောက်တာက သွားပတ်လည်မှာ အရည်စုဖို့ အခွင့်အလမ်းနည်းစေပါတယ်။ ပြီးတော့ ခွက်က အိပ်ရာထဲလည်း ယူသွားလို့ မရဘူးလေ။
    • သင့်ကလေး အချိုစားတာကို ကန့်သတ်ပါ။ သကြားလုံးတွေ၊ ကွတ်ကီးတွေ၊ ဘီစကစ်တွေမှာ သကြားဓာတ်အများကြီးပါပါတယ်။ ဒါတွေကို ကလေးက ခဏခဏစားနေရင် မကောင်းပါဘူး။ တစ်နေ့ တစ်ခါလောက်ပဲ စားသင့်ပါတယ်။ စားပြီးတဲ့အခါမှာ သွားတိုက်တာဖြစ်ဖြစ်၊ ပလုတ်ကျင်းတာဖြစ်ဖြစ် လုပ်ဖို့ အလေ့အကျင့် လုပ်ပေးပါ။
    • အချိုရည်တွေ အများကြီး မတိုက်ပါနဲ့။ ကလေးအသက် ၆လအထိတော့ မိခင်နို့ကလွဲပြီး ဘာမှ မတိုက်ရပါဘူး။ ၆လနဲ့ ၁နှစ်ကြားဆိုရင်တော့ သစ်သီးဖျော်ရည်တွေကို တစ်နေ့ ၄အောင်စ တိုက်လို့ရပါတယ်။ အချိုနည်းအောင် ရေနဲ့ ဆတူရောပြီး တိုက်ပါ။ အသက် ၁နှစ်က ၆နှစ်ကြားဆိုရင်တော့ တစ်နေ့ကို ၄အောင်စကနေ ၆အောင်စ အထိ တိုက်လို့ရပါတယ်။
    • အသက်၁နှစ် မတိုင်မီ သွားဆရာဝန်နဲ့ ပြသပါ။ ဒါမှ သွားပိုးစားတာကို စောစောသိမှာပါ။ သောက်တဲ့ ရေထဲမှာ ဖလိုရိုက်မပါဘူးဆိုလည်း ဆရာဝန်နဲ့ တိုင်ပင်ပြီး ဖလိုရိုက် ဖြည့်စွက်လို့ရမှာပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 03/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement