လိင်ပိုင်းဆိုင်ရာစော်ကားခံရတဲ့ကလေးဟာ သူကြုံခဲ့ရတဲ့နေရာ၊ ကျူးလွန်သူရှိနေတဲ့နေရာ၊ အနေအထား အပါအဝင် တချို့ပတ်ဝန်းကျင်တွေကိုကြောက်ရွံ့နေတာ၊နောက်တွန့်နေတာ၊ရှောင်နေတာတွေဖြစ်လာမှာပါ။ သူကြုံခဲ့ရတဲ့အိပ်မက်ဆိုးကိုပြန်သတိရစေမယ့် အရာမှန်သမျှ သူကြောက်နေမှာပါ။ ကလေးက အကြောက်အကန်ငြင်းနေတဲ့နေရာ၊ အနေအထား၊ လူပုဂ္ဂိုလ်တွေကို အတင်းမပို့လွှတ်ဘဲသေချာလေ့လာပါ။
ဆိုးဆိုးဝါးဝါးလိင်အကြမ်းဖက်ခံရတဲ့ကလေးမှာတော့ အသက်အန္တရာယ်ရှိလာနိုင်တဲ့အထိ လက္ခဏာပြင်းထန်တယ်ဆိုပေမယ့် ကိုယ်မသိဘဲ ကာလတာရှည် လိင်နှောင့်ယှက်မှု၊စော်ကားမှုကြုံနေရပြီးပြောလည်းမပြောပြရဲတဲ့ကလေးမှာရော ဘာတွေဖြစ်နေနိုင်လဲမေမေတို့သိဖို့လိုပါတယ်။ သမီးလေးရဲ့မိန်းမကိုယ်က အရည်ထွက်နေသလား၊ ကလေး(သားဖြစ်ဖြစ်၊ သမီးဖြစ်ဖြစ်) ရဲ့ကိုယ်အောက်ပိုင်းအင်္ဂါတဝိုက်နာကျင်မှု၊ယားယံမှုရှိနေသလား၊ ဆီးလမ်းကြောင်းပိုးဝင်မှု သို့မဟုတ် လည်ချောင်းနာခြင်း မကြာခဏဖြစ်နေသလား၊ ဆီးသွားရင် သို့မဟုတ် ဝမ်းသွားရင် ကလေးကနာကျင်နေရသလား၊ လိင်အင်္ဂါတွေမှာသွေးထွက်သလား၊ ဒဏ်ရာအနာတရဖြစ်နေသလားဆိုတာ သတိထားမိသင့်ပါတယ်။
ကလေးက လူတွေကို မယုံတော့ဘူး
လိင်စော်ကားခံရတဲ့ကလေးတွေဟာ လုံးဝသူစိမ်းတွေထက် ရင်းနှီးတဲ့သူတွေ၊ နီးစပ်တဲ့သူတွေ၊ ယုံကြည်ရသူတွေဆီကကြောက်စရာကြုံရတာများတာမို့ ဘယ်သူ့ကိုမှ မယုံတော့တာ၊သံသယများလာတတ်တာပါ။ ရုတ်တရက်လှုပ်ရှားမှုတွေ၊ အသံကျယ်ကျယ်တွေကို အရင်ကနဲ့မတူ လန့်တတ်နေသလို တစ်ယောက်ယောက်က လာထိလိုက်၊ကိုင်လိုက်ရင်တောင်ကြောက်ရွံ့နေတတ်တာ လိင်စော်ကားခံထားရတဲ့ လက္ခဏာဖြစ်နိုင်ပါတယ်။
ပေါင်းသင်းဆက်ဆံရေးမှာပြဿနာရှိလာတယ်
ကလေးက သူငယ်ချင်းတွေနဲ့ဆက်ဆံရေးမှာ ရင်းနှီးဖို့ ခက်လာတယ်၊ သူရင်းနှီးတဲ့သူတစ်ယောက်ယောက်ရဲ့ ကျူးလွန်မှုကြောင့် ဒီလိုကြုံခဲ့ရတဲ့အခါပေါင်းသင်းဆက်ဆံရေးကိုကြောက်လာတာလည်း ပါပါတယ်။ ကိုယ့်ကိုယ်ကိုကာကွယ်ဖို့အတွက် ကလေးဟာ တခြားသူတွေကိုရှောင်တော့မှာပါ။ ကလေးက လူတစ်ဦးတည်းကိုပဲရှောင်ဖို့ကြိုးစားနေပြီဆိုရင်တော့ ကိုယ့်ကလေးကိုချော့ပြီးမေးသင့်နေပါပြီ။
ကလေးက ဘာကိုမှ စိတ်မဝင်စားတော့ဘူး
သူတို့အရင်က တက်တက်ကြွကြွရှိခဲ့ဖူးတဲ့ အရာတွေကို လုံးလုံးစိတ်မဝင်စားတော့တာဆိုရင် ကလေးကို သတိထားဂရုစိုက်သင့်ပါတယ်။ အမှန်က ကလေးမှာ တခုခုကို အာရုံစူးစိုက်ဖို့အခက်အခဲဖြစ်နေတာပါ။
အပြစ်လုပ်ထားသလို ခံစားနေရတယ်
ကလေးက သူ့ကိုယ်သူအပြစ်တခုခုလုပ်ထားသူလို ခံစားနေရတဲ့အရိပ်အယောင်တွေ့ရရင် ဒီတိုင်းမထားပါနဲ့။ ရင်းရင်းနှီးနှီး စကားပြောပေးရင်း ကလေးရဲ့ခံစားချက် ဖွင့်ဟလာအောင်ဖြည်းဖြည်းချင်းလုပ်ယူပါ။ သူ့ရဲ့လျှို့ဝှက်ချက်ကို လူသိမှာစိုးပြီး တစ်ဦးတည်းသီးသန့်နေတာ၊ ကိုယ့်ကိုယ်ကို အပြစ်တင်နေတာရေရှည်မှာ ကလေးအတွက်မကောင်းပါဘူး။
လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံထားရတဲ့ ကလေးတစ်ယောက်မှာ အသိသာဆုံးလက္ခဏာတွေက –
- လိင်အင်္ဂါတဝိုက် နာကျင်တာ၊ ယားယံတာ၊ စုတ်ပြဲအနာ၊သွေးထွက်တာတွေဖြစ်ပါတယ်။
- လိင်အင်္ဂါ သို့မဟုတ် စအို နာကျင်မှုကြောင့် လမ်းလျှောက်ရတာ၊ ထိုင်ရတာ အခက်အခဲဖြစ်နေတတ်တယ်။
- လူတွေနဲ့သိပ်မရောတော့ဘဲ တစ်ယောက်တည်းသီးခြားနေတာများလာတယ်။
- ဝမ်းနည်းစိတ်ဓါတ်ကျတဲ့ပုံစံ မှိုင်နေတတ်တယ်။
- အစားသိပ်မစားတော့ဘူး။
ဒါပေမယ့်လည်း လိင်ပိုင်းဆိုင်ရာစော်ကားခံရတဲ့ကလေးတွေမှာ ပြင်းထန်တဲ့အခြေအနေမဟုတ်ခဲ့ရင် အပြင်ပန်းထိခိုက်ဒဏ်ရာလည်းမရှိ၊ လူကြီးတွေကိုပြန်ပြောပြတာလည်းမရှိဘဲကြောက်စိတ်နဲ့ကြိတ်ခံစားတာ များတယ်ဆိုတာမေမေတို့မမေ့ပါနဲ့။ မသိမသာနဲ့ ကာလကြာရှည် ကိုယ့်ကလေးကို လိင်အမြတ်ထုတ်ခံနေရတာ ၊ခြိမ်းခြောက်ခံထားရတာ ကိုယ်မသိခဲ့ရင် ရင်နာစရာပါ။ အလုပ်တွေများလည်း ကိုယ့်ရင်သွေးရတနာလေးတွေကို အမြဲမပြတ်ဂရုစိုက်ပေးပါလို့။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။