backup og meta

လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ထိပါးခြင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 12/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ထိပါးခြင်း

    လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ထိပါးခြင်း

    မိန်းကလေးတစ်ယောက် လက်ဖက်ရည်ဆိုင်ရှေ့က ဖြတ်သွားတယ် ဒါမှမဟုတ် ယောက်ျားလေးအုပ်စုထိုင်နေတဲ့ နေရာရှေ့က ဖြတ်သွားတယ်။ ဒါဆိုရင် ‘ဟေ့ အသည်းလေး ဘယ်သွားမလို့လဲ’၊’ရွှတ် ရွှတ်’ ဆိုတဲ့ အဆင့်ကနေ ‘ဆော်ကြီးက မိုက်လိုက်တာကွာ၊ xxxxx လိုက်ရရင်တော့ ရှယ်ပဲ’ အစရှိတဲ့ ညစ်ညစ်ညမ်းညမ်း စကားလုံးတွေအထိ တိုးတိုးတစ်နည်း၊ ကျယ်ကျယ်တစ်ဖုံ ပြောကြတာကို မြင်ဖူးတွေ့ဖူးကြမှာပါ။

    ဘတ်စ်ကားစီးတယ်ဆိုရင်လည်း မိန်းကလေးရဲ့ ကျော၊ တင်ပါး စတာတွေကို အမျိုးသားရဲ့ မတော်ရာနဲ့ လိုက်ထိနေတာစသဖြင့် ရှိတတ်ကြပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာပဲ အဝေးပြေးကားပေါ်မှာ ထိုင်နေတဲ့ အမျိုးသမီးရဲ့ တင်ပါးကို အနောက်ကနေ ခြေထောက်နဲ့ မထိခလုတ်၊ထိခလုတ် ထိုးနေတာကြောင့် ပြဿနာဖြစ်တာကို ကြားလိုက်ကြဦးမှာပါ။

    ဒါတွေဟာ အနိုင်ကျင့်တယ်ဆိုတဲ့ အတိုင်းအတာ မကတော့ပါဘူး။’လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ထိပါးခြင်း’ဆိုတဲ့ အဆင့်ကို ရောက်သွားပါပြီ။ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ထိပါးခြင်းဟာ ကျား၊ မကြီးငယ်မရွေး ကလေးလူကြီးမဟူ တွေ့ကြုံရနိုင်ပေမယ့် အမျိုးသမီးတွေမှာ အဖြစ်အများဆုံးမို့ ဒီဆောင်းပါးလေးမှာတော့ အမျိုးသမီးတွေ တွေ့ကြုံရတတ်တဲ့ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ထိပါးခြင်း အကြောင်းကို အဓိက ဆွေးနွေးသွားပါမယ်။

    ဘယ်လိုအရာတွေကို လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ထိပါးခြင်းလို့ သတ်မှတ်နိုင်သလဲ။

    • အခေါ်အဝေါ်နဲ့ စော်ကားခြင်း

    လူသားတစ်ယောက်ရဲ့ လိင်ပိုင်းဆိုင်ရာ ဖြစ်တည်မှုကို အခေါ်အဝေါ်အားဖြင့် စော်ကားပြောဆိုခြင်းဟာ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ထိပါးခြင်း ဖြစ်ပါတယ်။ဥပမာ ‘အပျက်မ’၊’xxxx ခြောက်’၊’ဘောပြားမ’ အစရှိတဲ့ အသုံးအနှုန်းတွေပဲ ဖြစ်ပါတယ်။ အခေါ်ဝေါ်ခံရသူဟာ ကျားဖြစ်စေ၊ မဖြစ်စေ၊ လိင်တူ/လိင်ကွဲစိတ်ဝင်စားသူဖြစ်စေ ထိုသူကို သရော်စော်ကားလိုတဲ့ စိတ်ဆန္ဒနဲ့ ခေါ်ဝေါ်သုံးနှုန်းမယ်ဆိုရင် ဒါဟာ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ထိပါးခြင်း မြောက်ပါတယ်။

    • အထိအတွေ့နဲ့ စော်ကားခြင်း

    တကယ်လို့ သင်ဟာ အမျိုးသမီးတစ်ဦးရဲ့ ရင်သားကို ထိတွေ့ကိုင်တွယ်လိုက်ပြီး သူမအနေနဲ့ ဒါကို မနှစ်မြို့ဘူး၊ သဘောမတူဘူးဆိုရင် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ထိပါးခြင်းဖြစ်ပါတယ်။ အမျိုးသား/အမျိုးသမီးတစ်ဦးရဲ့ မတော်ရာကို ကိုင်တွယ်ခြင်း (ဥပမာ ယောက်ျားလေးတွေမှာဆိုရင် ပေါင်ခွကြားကို လိုက်ကိုင်ခြင်း၊ရိုက်ခြင်း) ဟာလည်း လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ထိပါးခြင်းပဲဖြစ်တယ်ဆိုတာ သိထားသင့်ပါတယ်။(အပြောင်အပြက်လုပ်တယ်ဆိုရင်တောင် လက်ခံနိုင်စရာ အကြောင်း မရှိပါဘူး)

    • မလိုလားအပ်သော အပြုအမူများနဲ့ စော်ကားခြင်း

    လူတစ်ယောက်ဟာ (သင်ငြင်းဆိုပြီးတဲ့နောက်မှာတောင်) သင်နဲ့ချိန်းတွေ့ဖို့ ထပ်ခါတလဲလဲ နားပူနားဆာလုပ်နေမယ် ဒါမှမဟုတ် လိင်ပိုင်းဆိုင်ရာ အပြုအမူတစ်ခုခု ပြုလုပ်ဖို့ အကြိမ်ကြိမ် တွန်းအားပေး၊ ဖိအားပေးနေတယ်ဆိုရင်လည်း ဒါဟာ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ထိပါးခြင်းပဲ ဖြစ်ပါတယ်။

    • မလျော်ဩဇာသုံးပြီး ဖိအားပေးစော်ကားခြင်း

    ကျောင်းမှာ အဆင့်ကောင်းကောင်းရဖို့၊ မှတ်ချက်ကောင်းကောင်းရဖို့၊ အလုပ်မှာ ရာထူးတိုးဖို့၊လစာတိုးဖို့၊ အလုပ်ချိန်အဆင်ပြေဖို့ အစရှိတဲ့ အခွင့်အရေးတွေ ဗန်းပြပြီး သင့်ဆရာ/အထက်လူကြီးက သင့်ဆီက လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ဖို့ ကြိုးစားနေတယ်ဆိုရင် ဒါဟာ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ထိပါးခြင်း ဖြစ်ပါတယ်။

    လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ထိပါးခြင်းဟာ အပြင်လောကမှာ ဖြစ်ပေါ်နိုင်သလို အွန်လိုင်းပေါ်မှာလည်း ဖြစ်လာနိုင်ပါတယ်။ သင့်ရဲ့ အဝတ်အစားမလုံမခြုံဖြစ်နေတဲ့ပုံ၊ ကိုယ်လုံးတီးပုံ ဒါမှမဟုတ် လိင်မှုရေးရာကိစ္စတစ်ခုခုမှာ ပါဝင်ပတ်သက်နေတဲ့ပုံ အစရှိတာတွေကို သင့်ဆီမေးလ်ပို့မယ်၊ messengerကနေ ပို့မယ်၊ viberကနေ ပို့မယ်၊လူမှုကွန်ယက်ပေါ်ဖြန့်ဝေမယ် ဒီလိုမျိုးအပြုအမူတွေဟာလည်း လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ထိပါးခြင်း ဖြစ်ပါတယ်။

    သင့်ကိုယ်သင် ကာကွယ်ပါ။

    သင်အခုခံစားနေရတဲ့ ကိစ္စဟာ အနိုင်ကျင့်ခြင်းဆိုတဲ့ အဆင့်မဟုတ်ဘဲ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ထိပါးခံနေရတယ်ဆိုတဲ့ဘောင်ကို ရောက်နေပြီဖြစ်ကြောင်း သတိချပ်ပါ။

    အောက်ဖော်ပြပါ အချက်တွေနဲ့ သင့်ကိုယ်သင် ကာကွယ်ပါ။

    • သင့်ရပ်တည်ချက်ကို ဖော်ပြပါ

    သင့်ကို မတော်တရော် လုပ်နေသူကို ချက်ချင်းရပ်ခိုင်းပါ။ နှုတ်အားဖြင့်သော်လည်းကောင်း၊ ကိုယ်အမူအရာ/အပြုအမူအားဖြင့်သော်လည်းကောင်း လက်ရှိအပြုအမူကို သင်မနှစ်မြို့ကြောင်း ရှင်းလင်းစွာ ဖော်ပြပါ။

    • မှတ်တမ်းယူပါ

    သင့်ကို လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ထိပါးသူဟာ ဘယ်သူလဲ၊ ဘယ်အချိန် ဘယ်နေရာမှာဖြစ်တာလဲ၊ ဘယ်လို စကားမျိုး/အပြုအမူမျိုးနဲ့ ထိပါးစော်ကားတာလဲဆိုတာကို ချရေးပြီး မှတ်တမ်းတင်ပါ။ အကယ်၍ အွန်လိုင်းမှာ ဖြစ်တာမျိုးဆိုရင်လည်း ဓာတ်ပုံ၊ စာသား၊ အသံဖိုင် စတာတွေကို မှတ်တမ်းယူပါ။

    • အားကိုးယုံကြည်ရတဲ့ အရွယ်ရောက်ပြီးသူတစ်ဦးဦးကို ဖွင့်ပြောပါ

    တကယ်လို့ သင်ဟာ ငယ်ရွယ်သူ၊ အတွေ့အကြုံနုနယ်သူတဦးဆိုရင် လက်ရှိခံစားနေရတဲ့ ပြဿနာတွေကို တကိုယ်တည်း ကြံ့ကြံ့ခံရင်ဆိုင်နိုင်ဖို့ မလွယ်ကူပါဘူး။ ဒါကြောင့် သင်ယုံကြည်စိတ်ချထိုက်၊ အားကိုးထိုက်တဲ့ အရွယ်ရောက်ပြီးသူတစ်ဦးဦးကို ဖွင့်ဟအကူအညီတောင်းပါ။ တိုင်ပင်ပါ။ သင့်အလုပ်ရှင်နဲ့ သင်နှစ်ဦးတည်း ညအိပ်ညနေ ခရီးသွားဖို့၊ မနက်စောစော၊ ညဉ့်နက်သန်းခေါင် အလုပ်လုပ်ရဖို့ အကြောင်းဖန်လာရင် သင်နဲ့ နီးစပ်သူတစ်ဦးဦးကို ကြိုတင်အသိပေးပါ။

    • အထက်လူကြီး/ကျောင်းအုပ် ကို အကြောင်းကြားသတင်းပို့ပါ

    ရုံး၊ ကျောင်း စတဲ့ နေရာတွေမှာ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ထိပါးခြင်းကို ကြုံတွေ့လာရပြီဆိုရင် သက်ဆိုင်ရာအထက်လူကြီးကို အမြန်ဆုံး သတင်းပို့တင်ပြပါ။ အသိပေး တိုင်ကြားပါ။

    • ဥပဒေအတိုင်း ဆောင်ရွက်ပါ

    ဒီလိုမျိုး အထက်လူကြီးကို သတင်းပို့တိုင်ကြားလို့မှ အဆင်မပြေဘူးဆိုရင် ဥပဒေအတိုင်း ဆောင်ရွက်ပါ။ သင့်အုပ်ထိန်းသူ/လူကြီးမိဘတွေကို အကူအညီတောင်းပြီး အတူတကွ ပူးပေါင်းဆောင်ရွက်ပါ။

    ရုံးလုပ်ထုံးလုပ်နည်းတွေဟာ တစ်ခါတရံမှာ ကြန့်ကြာတတ်တာမို့ အလျင်အမြန် အကျိုးသက်ရောက်မှုတစ်စုံတရာ ရနိုင်စေရန် လူမှုကွန်ယက်ကို အားကိုးပါ။ ခိုင်လုံတိကျတဲ့ သက်သေအထောက်အထားတွေနဲ့ ဖွင့်ချပါ။

    • နှုတ်ထွက်ပါ

    မလုံခြုံတော့တဲ့ ကျောင်း/လုပ်ငန်းခွင်ကနေ (လိုအပ်ရင်) နှုတ်ထွက်ပါ။

    ဟုတ်ပြီ။ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ထိပါးခြင်းဆိုတာ ဘယ်လိုအရာတွေလဲ၊ ဒီလိုမျိုး ခံစားရရင် ဘယ်လိုတွေ တုံ့ပြန်မလဲဆိုတာ ပြောပြပြီးသွားပါပြီ။ အခု နောက်ဆုံးအနေနဲ့ သင်ကိုယ်တိုင်ရော (တမင်တကာဖြစ်စေ၊မတော်တဆဖြစ်စေ) လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ထိပါးသူ မဖြစ်ရလေအောင် ဘယ်လိုဆင်ခြင်နေထိုင်သင့်သလဲဆိုတာ မျှဝေပေးသွားမှာ ဖြစ်ပါတယ်။

    သင်ကိုယ်တိုင် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ထိပါးသူ မဖြစ်စေဖို့

    သူငယ်ချင်း အချင်းချင်း စနောက်တာပဲဖြစ်ဖြစ်၊ သင်နှစ်သက်တဲ့ မိန်းကလေးတစ်ယောက်ယောက်ကို လူပျိုလှည့်တာပဲဖြစ်ဖြစ် စည်းကျော်ဘောင်ကျော် မဖြစ်ရလေအောင် အောက်ပါအချက်လေးတွေကို ဆင်ခြင်သင့်ပါတယ်။

    • ကာလံဒေသံကို သတိချပ်ပါ

    အင်မတန် ရင်းလှပါတယ်ဆိုတဲ့ သူငယ်ချင်းတွေနဲ့ ပြောမနာဆိုမနာ ပြောင်ပြက်ပြုမူခြင်းဟာ ပုံမှန်ဖြစ်ပေမယ့် သင့်သူငယ်ချင်း(တွေ)နဲ့အတူ သင်မသိသူတစ်ဦးဦးရှိနေရင်တော့ သင့်ကိုယ်အမူအရာ၊နှုတ်အမူအရာတွေကို ဆင်ခြင်သင့်ပါတယ်။

    • လူတွေကို တံဆိပ်မကပ်ပါနဲ့

    တခြားလူတွေကို ‘အပျက်မ’၊’ဂျော်တကီး’၊’ဘောပြား’ အစရှိတဲ့ စော်ကားမော်ကား အသုံးအနှုန်းတွေနဲ့ မခေါ်ဝေါ်ပါနဲ့။

    • လက်ငြိမ်ငြိမ်ထားပါ

    တစ်ဖက်သားရဲ့ ခွင့်ပြုချက်မရှိဘဲ သူတို့ရဲ့ ခန္ဓာကိုယ်ဘယ်အစိတ်အပိုင်းကိုပဲဖြစ်ဖြစ် လုံးဝ (လုံးဝ) တို့ထိကိုင်တွယ်ခြင်း မပြုပါနဲ့။ အထူးသဖြင့် မတော်တရော် ထိတွေ့မှုမျိုးကို ရှောင်ကြဉ်ရပါမယ်။

    • တစ်ဖက်သားကို လေးစားပါ

    တစ်ဖက်လူက ‘ရပ်’လို့ ပြောရင် ချက်ချင်းရပ်လိုက်ပါ။ သင့်ချစ်သူရည်းစားပဲဖြစ်ဖြစ်၊ လုံးဝမသိကျွမ်းတဲ့ သူစိမ်းပဲဖြစ်ဖြစ်ပါ။ သူတို့က ရပ် လို့ပြောရင်၊ မနှစ်မြို့တဲ့ ကိုယ်အမူအရာ၊ နှုတ်အမူအရာတွေ ပြလာရင် လုံးဝရပ်လိုက်ပါ။ ချက်ချင်းရပ်လိုက်ပါ။

    • ကောလဟာလတွေ မဖြန့်ပါနဲ့

    ကိုယ်နဲ့ အတိုင်းအတာတစ်ခုထိ ပတ်သက်ခဲ့ဖူးသူတစ်ဦးရဲ့ ကိုယ်ရေးကိုယ်တာတွေကို (သူ့ခွင့်ပြုချက်မရဘဲ) မဖြန့်ဝေပါနဲ့။ သူ့ကို အရှက်ရစေ၊လူမှုရေး၊ စီးပွားရေးတစ်ခုခုမှာ ထိခိုက်စေနိုင်တဲ့ စာသားတွေ၊ ဓာတ်ပုံတွေကို အင်တာနက်ပေါ်မှာ ဝေမျှခြင်း မပြုလုပ်ပါနဲ့။

    လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ထိပါးခြင်းဟာ ရာဇဝတ်မှုမြောက်တဲ့ ပြစ်မှုတစ်ခုပါ။ ဒါကြောင့် ဒီလိုအခြေအနေမျိုးနဲ့ ကြုံတွေ့လာရပြီဆိုရင် ဘယ်လိုကိုင်တွယ်ဖြေရှင်းရမလဲ၊ မိမိကိုယ်တိုင်လည်း လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ထိပါးသူမဖြစ်ရလေအောင် ဘယ်လို ဆင်ခြင်နေထိုင်ရမလဲဆိုတာနဲ့ ပတ်သက်ပြီး လေ့လာသိရှိခြင်းအားဖြင့် မလိုလားအပ်တဲ့ ပြဿနာတွေကနေ ရှောင်လွှဲနိုင်မှာဖြစ်ကြောင်း တင်ပြမျှဝေပေးလိုက်ရပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 12/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement