backup og meta

ကလေးက ကိုယ်အပူကြီးပြီး တက်နေရင် အရေးပေါ်ဘယ်လိုပြုစုမလဲ

အိမ်က ကလေးနေမကောင်းဘူး၊ဆေးခန်းပြပြီးပေမယ့် ညကျ အဖျားတွေတက်လာရင် ဘယ်လိုလုပ်ရမလဲ။ ကိုယ်အပူကြီးပြီး တက်နေရင်ကော။ ဒါမေမေတို့ စိတ်ပူနေကျမေးခွန်းပါ။ ကလေးငယ်တွေမှာက အဖျားကြီးပြီဆို တက် တာအဖြစ်များပါတယ်။ အဖျားတက်တာမြန်လာတာရဲ့ ရလဒ်အဖြစ် seizure တက်ခြင်းဖြစ်လာရတာပါ။ ဒါပေမယ့် ကိုယ်ပူကြောင့် ရိုးရိုးတက်တာလား၊ တခြားရောဂါအကြောင်းရင်းကြောင့်တက်တာလားဆိုတာတော့ ဆရာဝန်ပြပြီး စစ်ဆေးကုသမှုခံယူသင့်ပါတယ်။
Febrile Seizure လို့ခေါ်တဲ့ ကိုယ်အပူကြီးပြီးတက်ခြင်း က အသက် ၃ လကနေ ၆ နှစ်အတွင်း ကလေးတွေမှာဖြစ်လေ့ရှိပါတယ်။ ဒါပေမယ့် ၁၂ လနဲ့ ၁၈ လအရွယ်တွေမှာ အဖြစ်များဆုံးပါ။ ကလေးတိုင်းတော့မဖြစ်ပေမယ့် တစ်ကြိမ်ဖြစ်ဖူးတဲ့ကလေးမှာတော့ နောက်ပိုင်း ထပ်ဖြစ်နိုင်ခြေများပါတယ်။

တက်တာ ဘယ်လိုမျိုးလဲ

febrile seizure အမျိုးအစားကိုမူတည်ပါတယ် –

ရိုးရိုး တက်ခြင်း –အဖြစ်များတဲ့အမျိုးအစားဖြစ်ပြီး တစ်မိနစ်၊နှစ်မိနစ်လောက်ပဲဖြစ်လေ့ရှိပါတယ်။ အလွန်ဆုံးကြာရင် ၁၅မိနစ်ထိ တက်နိုင်ပါတယ်။ အဖျားကြီးလို့ တက်တာက ပုံမှန်အားဖြင့် အန္တရာယ်မရှိတတ်ပါဘူး။

လက္ခဏာတွေကတော့ –

  • အကြောဆွဲခြင်း – တစ်ကိုယ်လုံးတုန်ခါ၊ တွန့်ခြင်း
  • မျက်ဖြူလန်ခြင်း
  • ခေါ်လို့မရ၊ မတုံ့ပြန်နိုင်ခြင်း
  • ညည်းနေခြင်း စတာတွေဖြစ်လာနိုင်ပါတယ်။

တက်ပြီး နာရီပိုင်းအတွင်းမှာ ကလေးက အိပ်ငိုက်နေတာ၊ စိတ်ဆိုးလွယ်တာ၊ ဂျီကျနေတာ၊ အာရုံရှုပ်ထွေးနေတာတွေဖြစ်နေနိုင်ပါတယ်။

တခြားအကြောင်းရင်းကြောင့် တက်ခြင်း (Complex seizures) – ဒီအမျိုးအစားကတော့ အဖြစ်မများပါဘူး။ ဖြစ်ပြီဆိုလည်း ၁၅ မိနစ်ထက်ပိုကြာနိုင်ပါတယ်။ တစ်နေ့တည်းမှာ တစ်ကြိမ်မကလည်းဖြစ်နိုင်တယ်။ ကလေးရဲ့ကိုယ်တခြမ်းမှာပဲ တွန့်တာ၊ အကြောဆွဲတာဖြစ်နေနိုင်တယ်။နောက်ပိုင်းမှာတော့ အဲဒီတဖက်မှာခြေ သို့မဟုတ် လက် မသန်ဘဲဖြစ်သွားနိုင်ပါတယ်။

ဒီအမျိုးအစားက ပိုပြီးစိတ်ပူစရာကောင်းပါတယ်။ရောဂါရှာဖွေမှုသေချာလုပ်ဖို့လိုအပ်ပြီးဆေးရုံတင်ရနိုင်ပါတယ်။

ဘာကြောင့်ဖြစ်တာလဲ

ကလေးအသက် ၆ နှစ်မပြည့်ခင်အတွင်း အဖျားတက်တဲ့အချိန်တိုင်းfebrile seizure ဖြစ်နိုင်ခြေရှိပါတယ်။ အဖြစ်များတဲ့ အကြောင်းရင်းတွေကတော့ –

ရောဂါပိုးကြောင့် – ကလေးမှာ ဗိုင်းရပ်စ်သို့မဟုတ် ဘက်တီးရီးယားပိုးကြောင့် အဖျားတက်ရနိုင်ပါတယ်။ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တဲ့ ရိုစီရိုလာ (Roseola) ရောဂါဆိုရင် အဖျားတက်တာ မြန်စေနိုင်ပါတယ်။

ကာကွယ်ဆေးကြောင့် – ဝက်သက်၊ ဂျိုက်သိုး၊ပါးချိတ်ရောင်ကာကွယ်ဆေး အပါအဝင် တချို့ကာကွယ်ဆေးတွေထိုးပြီးရင် အဖျားတက်နိုင်ပါတယ်။ဆေးထိုးပြီး ၈ ရက်ကနေ ၁၄ ရက်အတွင်း ကိုယ်ပူနေနိုင်ပါတယ်။

ဘယ်လိုပြုစုရမလဲ

ကလေးက တက်နေရင် အရင်ဆုံး ကိုယ်က စိတ်ကိုတည်ငြိမ်အောင်ထားပါ။ ပျာယာခတ်ပြီး အမှားမလုပ်မိစေဖို့ ဒါလေး လိုက်နာပေးပါ –

  • ကလေးကို (လိမ့်ကျတာ၊ပြုတ်ကျတာမဖြစ်စေဖို့) ညီညာတဲ့ကြမ်းပြင်မှာ ထားပါ။
  • တံတွေး၊ ပျို့အန်တာတွေနဲ့ တစ်ဆို့မသွားစေဖို့ဘေးတစ်ဖက်စောင်းပေးထားပါ
  • အဝတ်အစားတွေကိုချောင်ချိအောင်လုပ်ပေးပါ။ ကြယ်သီးဖြုတ်တာ၊ အနွေးထည်ချွတ်တာ။စောင်တွေဖယ်ပါ။
  • ကလေးရဲ့ ပါးစပ်ထဲ ဘာမှမထည့်ပါနဲ့။
  • တက်နေတဲ့အချိန် ဘာမှမခွံ့ပါနဲ့။ အလွန်ဆုံးရေပါမတိုက်ပါနဲ့။
  • ကလေးကို ချီမထားပါနဲ့၊ အကြောဆွဲတာ၊ တွန့်လိမ်နေတာကို ထိန်းချုပ်ပေးဖို့မကြိုးစားပါနဲ့။
  • ကလေးကို လွတ်လွတ်လပ်လပ်ထားပေးပါ။
  • တစ်ယောက်တည်းပစ်မထားပါနဲ့။
  • အနီးအနားမှာ ထိခိုက်စေမယ့်ပစ္စည်းတွေ ရှင်းထားပါ။
  • ကလေးက ပါးစပ်ထဲမှာ အန်တာတွေ၊ ချွဲတွေ ရှိနေတယ်ဆိုရင်ဘေးစောင်းစေပါ ဒါမှမဟုတ်မှောက်ပေးလိုက်ပါ။ လျှာအနေအထားက အသက်ရှူလမ်းကြောင်းကိုပိတ်မသွားစေဖို့ အရေးကြီးပါတယ်။

ပြီးရင်တော့ ဆရာဝန်ပြပြီး တက်ရတဲ့အကြောင်းရင်းကိုရှာဖွေပါ။ တချို့မှာ ဦးနှောက်အမြေးရောင်ပိုးကြောင့် အဖျားတက်တာဖြစ်နိုင်လို့ မပေါ့ဆပါနဲ့။

အရေးပေါ်ကုသမှုလိုအပ်ချိန်

တကယ်လို့ –

  • တက်တာ ၅ မိနစ်ထက်ပိုကြာရင်
  • ကလေးက အသက်ရှူရခက်နေရင် ဒါမှမဟုတ် ပြာနှမ်းလာရင်
  • ကလေးရဲ့ခန္ဓါကိုယ်တစ်ဖက်ခြမ်းပဲ အကြောဆွဲနေတာဆိုရင်
  • ရေဓါတ်ခန်းခြောက်တဲ့ပုံစံဖြစ်နေရင်
  • ၂၄ နာရီအတွင်းနောက်တစ်ကြိမ်တက်ရင်
  • တက်ပြီး ၁ နာရီကျော်ကြာလောက်ထိ ထူးထူးဆန်းဆန်းလက္ခဏာဖြစ်နေရင် အရေးပေါ်ကုသမှုခံယူဖို့ကြိုးစားပါ။

Febrile Seizuresကြောင့် တခြားပြဿနာတွေဖြစ်စေနိုင်သလား

ကိုယ်အပူကြီးလို့ တက်တာက ကလေးရဲ့ဦးနှော်က်ကိုမထိခိုက်စေနိုင်သလို သင်ယူလေ့လာနိုင်စွမ်းကိုလည်းမထိခိုက်စေနိုင်ပါဘူး။ တက်တယ်ဆိုတိုင်း ဝက်ရူးပြန်တာမဟုတ်ပါဘူး။ ဒါပေမယ့် Febrile seizuresဖြစ်ထားတဲ့ကလေးတွေက ဝက်ရူးပြန်ရောဂါဖြစ်နိုင်ခြေ နည်းနည်းလေးပိုများနိုင်ပါတယ်။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

https://kidshealth.org/en/parents/febrile.html

Accessed May 6, 2019.

https://www.webmd.com/children/febrile-seizures#2

Accessed May 6, 2019.

https://medlineplus.gov/ency/article/000980.htm

Accessed May 6, 2019.

https://www.healthychildren.org/English/health-issues/conditions/head-neck-nervous-system/Pages/Febrile-Seizures.aspx

Accessed May 6, 2019.

 

ယခုပုံစံ

24/06/2022

Yun Sandi Nan Mon မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ညဘက်အဖျားတက်တဲ့ကလေးကို အရေးပေါ်ဘယ်လိုပြုစုမလဲ

Simple partial seizure အမျိုးအစား အတက်ရောဂါများအကြောင်းသင်သိထားသင့်သော အရာများ။


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Yun Sandi Nan Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 24/06/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement