ကလေးဆိုတာက ထိခိုက်လွယ်ကြပါတယ်။ ဒီတော့ ရာသီ အကူးအပြောင်းမှာ ဖြစ်ဖြစ်၊ အချို့သော အခြေအနေတွေမှာ လူကြီးတွေလို ခံနိုင်ရည် မရှိဘဲ ခဏခဏ ဖျားနာတတ်ကြတာပေါ့။ ဒီလို ဖျားနာတာက ခဏခဏ ဆိုတော့ မေမေတွေက ကလေးဖျားပြီဆိုရင် ရိုးရိုးဖျားနာမှုလို့ပဲ ယူဆလိုက်ကြတာ များပါတယ်။ တကယ်ကတော့ ကလေးတွေမှာ ကိုယ်ပူတာ ဖျားနာတာတွေက ရိုးရိုးဖျားနာတာမျိုး ဖြစ်နိုင်သလို တစ်ခါတလေမှာ သွေးလွန်တုပ်ကွေးရောဂါကြောင့် ကလေးမှာ ကိုယ်ပူဖျားနာတာကို ခံစားရနိုင်ပါတယ်။
ဒီအခြေအနေ ၂ ခု ခပ်ဆင်ဆင်ဆိုတော့ မေမေဖေဖေတို့က အမှုမဲ့အမှတ်မဲ့ ထားလိုက်ရင်း အချိန်လွန်မှ ကလေးမှာ သွေးလွန်တုပ်ကွေး ဖြစ်နေတာကို သိရှိပြီး မလိုအပ်ဘဲ အဖိတ်အစဉ် ဖြစ်တာမျိုးတွေ တွေ့ကြုံရတော့တာပေါ့။ ဒါကြောင့် သတိထားနိုင်စေဖို့ ကလေးက ရိုးရိုးဖျားတာလား သွေးတုပ်ကွေးလား ဆိုတာကို ခွဲခြားနိုင်စေဖို့ လက္ခဏာလေးတွေကို ခွဲခြားလို့ရအောင် ပြောပြပေးလိုက်ပါတယ်။
သားသားမီးမီးတို့ ဖျားနာတာကို ခပ်ပေါ့ပေါ့ မတွေးပါနဲ့
ကလေးလေးတွေကို ကိုယ်ခံအားကို တည်ဆောက်နေတဲ့ အရွယ် ဖြစ်တာကြောင့် လူကြီးတွေထက်စာရင် ခဏခဏ ဖျားနိုင်ပါတယ်။ လေ့လာတွေ့ရှိချက်တွေအရတော့ ကလေးငယ်လေးတွေက တစ်နှစ်ကို ၈ ကြိမ် ကနေ ၁၂ ကြိမ်လောက်အထိ ဖျားနိုင်ပြီး ကလေးက ဆယ်ကျော်သက် မတိုင်ခင်လေးမှာတောင် ကလေးတွေက တစ်နှစ်ကို ၆ ကြိမ်လောက်အထိ ဖျားနာနိုင်ပါတယ်။ ဒီလို ခဏခဏ ဖျားနာတတ်တော့ မေမေတွေ စိတ်ထဲမှာ ကလေး ဖျားနာတဲ့အခါ ရိုးရိုးသာမန် ဖျားနာမှုလို့ပဲ ယူဆမိတာမျိုးတွေ ရှိနိုင်တာပေါ့။
ဒီလို ဖျားနာတတ်တော့ ကလေးဖျားတဲ့အခါ ၁ ပတ်လောက်ဆို ပြန်ကောင်းသွားမယ့် အဖျားလို့ပဲ ယူဆရင်း အရမ်း သတိမထားမိလိုက်တာမျိုးတွေ ရှိပါတယ်။ သာမန်ဖျားနာမှုက အသက်အန္တရာယ်ကို မထိခိုက်နိုင်ပေမယ့် သွေးလွန်တုပ်ကွေး ဖြစ်မယ်ဆိုရင်တော့ လိုအပ်တဲ့ ကုသစောင့်ရှောက်မှုကို မရဘူးဆိုရင် ကလေးကို အသက်အန္တရာယ်ထိခိုက်စေတာမျိုးအထိ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကလေးဖျားတဲ့အခါ ခပ်ပေါ့ပေါ့ မတွေးမိဖို့ လိုပါမယ်။
ကလေးက ရိုးရိုးဖျားတာလား သွေးလွန်တုပ်ကွေးလား
ကလေး ဖျားပြီဆိုရင် ဖြစ်နိုင်တဲ့ အကြောင်းအရာတွေက အများကြီးပါ။ မိုးတွင်းလိုမျိုး အချိန်ဆိုရင်တော့ မေမေတို့ စိတ်အပူဆုံးက သွေးလွန်တုပ်ကွေး ဖြစ်မှာပါ။
သွေးလွန်တုပ်ကွေးနဲ့ ရိုးရိုးအအေးမိ တုပ်ကွေးဖြစ်လို့ ဖျားတာက လက္ခဏာတွေနဲ့ ခွဲခြားလို့ မရပါဘူး။ ဘာကြောင့်လဲဆိုတော့ တော်တော်များများက တူနေလို့ပါ။ အထူးသဖြင့် သိပ်မပြင်းထန်တဲ့ သွေးလွန်တုပ်ကွေးက ရိုးရိုးဖျားတာနဲ့ တော်တော်တူပါတယ်။
သွေးလွန်တုပ်ကွေးမှာရော၊ အအေးမိတုပ်ကွေးဖြစ်လို့ ဖျားတာမှာရော
- ကလေးက ဖျားတာ
- ကိုယ်လက်ကိုက်တာ
- ခေါင်းကိုက်တာတွေ ခံစားရတတ်ပါတယ်။
သွေးလွန်တုပ်ကွေးကြောင့် ဖျားတဲ့အခါ
- အဖျားကြီးတာ
- မျက်လုံးအောင့်တာတွေ ခံစားရတတ်ပေမဲ့ ဒါကိုပဲ ကြည့်ပြီး သွေးလွန်တုပ်ကွေးပါလို့ ပြောဖို့ ခက်ပါတယ်။
နောက်ပြီး သွေးလွန်တုပ်ကွေးရဲ့ တခြားလက္ခဏာတွေဖြစ်တဲ့
- အရေပြားမှာ အနီစက်တွေ ထွက်တာ
- အညိုရောင်အန်တာ
- ဝမ်းမည်းသွားတာ
- နှာခေါင်းသွေးလျှံတာ၊ သွားဖုံးသွေးယိုတာ
- ဗိုက်အောင့်တာ
- ကလေးက အဖျားကျတာတောင် မှိန်းနေတာ စတာတွေကိုတော့ မေမေတို့ သိပြီးသား နေမှာပါ။
ဒါက သွေးလွန်တုပ်ကွေး သွေးလန့်ခါနီး ဒါမှမဟုတ် သွေးလန့်တဲ့ အချိန် ဖြစ်နေပါပြီ။ ဒီအချိန်ကျမှဆိုရင်တော့ ဆေးကုရတာာ ခက်ပါတယ်။ ဒီအခြေအနေတွေ မတိုင်ခင်မှာတည်းက သွေးလွန်တုပ်ကွေးလား၊ ရိုးရိုးဖျားတာလားဆိုတာကို သိဖို့ လိုပါတယ်။
ကလေးက ရိုးရိုးဖျားတာလား သွေးလွန်တုပ်ကွေးလား ဘယ်လိုခွဲကြမလဲ။
အကောင်းဆုံးကတော့ ဆေးစစ်ကြည့်တာပါ။ မြန်မာနိုင်ငံအနေနဲ့ ပြောရမယ်ဆိုရင် မိုးတွင်းအပါအဝင် ဘယ်ရာသီမှာပဲဖြစ်ဖြစ် ကလေးဖျားတာ ၃ရက်ကျော်တာနဲ့ သွေးလွန်တုပ်ကွေးကို သတိထားသင့်ပါတယ်။
မေမေတို့ ကလေးဖျားတယ်။ ၃ရက်ကျော်တာတောင် မသက်သာရင် နီးစပ်ရာဆေးခန်းပြပါ။ သွေးလွန်တုပ်ကွေးပိုး NS1 Ag၊ Dengue IgG/ IgM စတာတွေ စစ်ဆေးဖို့ လိုပါတယ်။
အဲ့မှာမှ အဖြေပေါ် မူတည်ပြီး သက်ဆိုင်ရာ ကုသနည်းတွေနဲ့ ဆက်ပြီး ကုသရမှာ ဖြစ်ပါတယ်။
ရိုးရိုးဖျားနေတဲ့ ဒါမှမဟုတ် သွေးလွန်တုပ်ကွေးဖြစ်နေတဲ့ ကလေးကို ဘယ်လိုပြုစုမလဲ။
ကလေးတွေမှာ ဖျားရတဲ့ အကြောင်းရင်း အများစုက ဗိုင်းရပ်စ်ကြောင့်ပါ။ သွေးလွန်တုပ်ကွေးကလည်း ဗိုင်းရပ်စ်ပါပဲ။ ဒီတော့ ဒီနှစ်မျိုးလုံးအတွက် ကုသစရာ ဆေးမရှိပါဘူး။ ဆိုလိုတာက ပိုးသတ်ဆေးတွေ ပေးလို့ မရပါဘူး။ လက္ခဏာတွေပေါ် မူတည်ပြီးပဲ ကုသရတာ ဖြစ်ပါတယ်။
နောက်ပြီး သွေးလွန်တုပ်ကွေးအဆင့် ၁ဆိုရင် ဆေးရုံမဖြစ်မနေ တင်စရာမလိုဘဲ အိမ်မှာတင် ကုသလို့ရပါတယ်။ သွေးလွန်တုပ်ကွေး အဆင့် ၁ဆိုတာ ကလေးက ဖျားမယ်၊ ကိုယ်လက်ကိုက်မယ်၊ သွေးပေါင်ချိန်တဲ့ ကိရိယာနဲ့ စမ်းကြည့်ရင် လက်မှာ အနီစက်တွေ အများကြီး ထွက်နေမယ်။ ဒီလိုအခြေအနေကို ဆိုလိုတာပါ။ အလိုအလျောက် သွေးယိုတဲ့ လက္ခဏာတွေ မရှိသေးတဲ့အတွက် အိမ်မှာ စောင့်ကြည့်ကုသလို့ရပါတယ်။
ရိုးရိုးအဖျားပဲဖြစ်ဖြစ် သွေးလွန်တုပ်ကွေးအဆင့် ၁လောက်ဆိုရင်ဖြစ်ဖြစ် မေမေတို့ လုပ်ပေးနိုင်တာတွေက
- ကလေးကို လက္ခဏာတွေအလိုက် သက်သာအောင် လုပ်ပေးပါ။ ဖျားရင် အဖျားကျဆေး တိုက်လို့ ရပါတယ်။ သွေးလွန်တုပ်ကွေးဆိုရင်တော့ ဆရာဝန်နဲ့ ပြန်တိုင်ပင်ပါ။ ပါရာစီတမောက အသည်းကို ဝန်ပိစေလို့ပါ။
- အကိုက်အခဲ ပျောက်ဆေးတွေ မတိုက်ရပါ။
- အာဟာရရှိအောင် ကျွေးပါ။ နည်းနည်းနဲ့ ခဏခဏ ကျွေးလို့ ရပါတယ်။
- အရည်ဓာတ်ဖြည့်ပေးပါ။ သွေးလွန်တုပ်ကွေးမှာ ပိုပြီး အရေးကြီးပါတယ်။ သွေးလွန်တုပ်ကွေးမှာ အဖျားတက်လို့ တစ်ကြောင်း၊ ဗိုင်းရပ်စ်က ဆံချည်မျှင်သွေးကြောတွေကို တိုက်ခိုက်ပြီး အရည်တွေ စိမ့်ထွက်လို့ တစ်ကြောင်း ရေနဲ့ ဓာတ်ဆား ဆုံးရှုံးနေပါတယ်။ ဒါကြောင့် ရေ၊ စွပ်ပြုတ်၊ ဓာတ်ဆားရည် တိုက်ပေးပါ။ဓာတ်ဆားရည်ကလည်း ဝမ်းလျှောရင် သောက်ကြတဲ့ WHO ဓာတ်ဆားမှ မဟုတ်ပါဘူး။ ဓာတ်ဆားဖြည့်အချိုရည်တွေလည်း ရပါတယ်။ ကလေးသဘာဝ အရသာမကြိုက်လို့ မသောက်ရင် အရည်မဝင်ဘဲ ပိုဆိုးလာနိုင်လို့ ဓာတ်ဆားဖြည့်အချိုရည် သောက်တယ်ဆိုရင် ဝင်အောင် တိုက်ပေးပါ။ အရည်မဝင်တာထက်စာရင် ဒါက ရေရော၊ ဓာတ်ဆားရော၊ ဂလူးကို့စ်ရောပါလို့ တိုက်နိုင်ပါတယ်။
- အညိုရောင်၊ အနီရောင် အစားအသောက်တွေကို ရှောင်ပါ။ ဥပမာ – ကော်ဖီ၊ နဂါးမောက်သီးအနီ။ သွေးလွန်တုပ်ကွေးကြောင့် သွေးအန်တာနဲ့ မှားတတ်ပါတယ်။
- သံဓာတ် ကြွယ်ဝတာတွေ၊ ဗီတာမင် စီ ကြွယ်ဝတာတွေ ကျွေးပေးပါ။
- အပူအစပ်နဲ့ အဆီအစိမ့်ပါတာတွေ ရှောင်ပေးပါ။ သွေးလွန်တုပ်ကွေးကြောင့် အသည်းရောင်ပြီး ဗိုက်အောင့်တာလား၊ အစားအသောက်ကြောင့် အောင့်တာလား ခွဲရခက်နိုင်ပါတယ်။
နောက်ဆုံးအနေနဲ့ သွေးလွန်တုပ်ကွေးရဲ့ အန္တရာယ်ရှိ လက္ခဏာတွေကို အမြဲစောင့်ကြည့်နေပါ။ သွေးလွန်တုပ်ကွေး အဆင့် ၁ကနေ ကိုယ်ခံအားက အနိုင်ရပြီးပြန်ကောင်းလာနိုင်သလို အဆင့်တွေ တက်ပြီး သွေးလန့်တဲ့အထိ ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် ရိုးရိုးပဲဖျားဖျား၊ သွေးလွန်တုပ်ကွေးကြောင့်ပဲ ဖျားဖျား
- ကလေးအဖျားကျပြီး မလန်းရင်
- ခန္ဓာကိုယ်တစ်နေရာရာက သွေးထွက်လာရင် (ဥပမာ နှာခေါင်းသွေးလျှံတာ၊ ကော်ဖီရောင်အန်တာ)
- ရုတ်တရက် ဗိုက်အောင့်တာ
- ခြေဖျားလက်ဖျားတွေ အေးပြီး မှိန်းလာရင် နီးစပ်ရာ ဆေးရုံကို အမြန်သွားဖို့ လိုပါတယ်။
# သတိပြုရန်
သွေးလွန်တုပ်ကွေး ခံစားနေရသူအများစု အထူးသဖြင့်တော့ ကလေးငယ်တွေ နဲ့ ဆယ်ကျော်သက်တွေမှာ ရောဂါသိပ်မပြင်းထန်ဘူးဆိုရင် ရောဂါလက္ခဏာတွေက သိသိသာသာမတွေ့ရတတ်ပါဘူး။ ခြင်ကိုက်ခံရပြီးပြီးချင်းမှာလည်း ရောဂါလက္ခဏာတွေ မပြတတ်ပါဘူး။ ရောဂါပိုးသယ်ဆောင်ထားတဲ့ ခြင်ကိုက်ခံရပြီး ၄ ရက်ကနေ ၇ ရက်အတွင်းမှာမှ ရောဂါလက္ခဏာစပြီး ပြတတ်တာဖြစ်ပါတယ်။
[embed-health-tool-vaccination-tool]