တီဘီရောဂါဟာ Mycobacterium tuberculosisဆိုတဲ့ဘက်တီးရီးယားကြောင့်ဖြစ်လာတာပါ။ အဓိကအားဖြင့် အဆုတ်ကိုထိခိုက်စေတယ်ဆိုပေမယ့် တခြားကိုယ်တွင်းအင်္ဂါတွေကိုလည်း ထိခိုက်စေပါတယ်။
တီဘီရှိတဲ့သူကချောင်းဆိုး၊ နှာချေလိုက်ရင်လေထုထဲလွင့်ထွက်လာတဲ့ အမှုန်လေးတွေထဲရောဂါပိုးတွေပါလာ ပျံ့နှံ့နိုင်ပါတယ်။ ဒါတွေကိုရှူသွင်းမိတဲ့သူတွေမှာ တီဘီရောဂါရသွားနိုင်တာပေါ့။ ဒါလူတိုင်းနီးပါးသိထားပြီးသားပါ။
ဒါဆို ကလေးတွေမှာဖြစ်တဲ့ တီဘီရောဂါကရော ဘယ်လိုမျိုးလဲ။
ဘယ်လို လက္ခဏာတွေတွေ့ရတတ်လဲ
အသက်အရွယ်နဲ့ အနေအထားတွေကိုမူတည်ပြီး ကလေးတစ်ယောက်နဲ့တစ်ယောက် လက္ခဏာတွေမတူတတ်ကြပါဘူး။ ကလေးတွေမှာ တွေ့ရတတ်တဲ့ တီဘီလက္ခဏာတွေကတော့ –
-
ကိုယ်ပူတာ
- ကိုယ်အလေးချိန်ကျတာ
-
ကြီးထွားဖွံ့ဖြိုးမှုနှေးတာ
- ချောင်းဆိုးတာ
-
ဂလင်းတွေရောင်တာ
- ချမ်းတုန်တာ တို့ပါဝင်ပါတယ်။
ဆယ်ကျော်သက်ကလေးတွေမှာ အဖြစ်များတဲ့ တီဘီလက္ခဏာတွေက –
- ၃ ပတ်ထက်ကျော်ပြီးချောင်းဆိုးနေတာ
-
ရင်ဘတ်အောင့်တာ
-
ချွဲသလိပ်မှာ သွေးပါတာ
-
အားနည်းတာ
-
ပင်ပန်းနွ်မ်းနယ်တာ
- ဂလင်းတွေရောင်တာ
-
ကိုယ်အလေးချိန်ကျတာ
- အစာစားချင်စိတ်နည်းလာတာ
-
ဖျားတာ
- ညဘက်ချွေးထွက်တာ
-
ချမ်းတုန်တာ တို့ခံစားရနိုင်ပါတယ်။
ဘယ်လို ကုသလဲ
ကလေးမှာ ဒီလက္ခဏာတွေသံသယရှိတာနဲ့ တီဘီရှိမရှိ ကနဦးဆေးစစ်ဖို့နဲ့ ကုသဖို့ ဆရာဝန်ကဆေးရုံကိုညွှန်းပေးမှာပါ။ အထူးသဖြင့် ကလေးက –
- အရမ်းငယ်သေးရင်
- ဆေးကို တုံ့ပြန်မှုပြင်းထန်နေရင်
- တီဘီအပြင် တခြားရောဂါတွေရှိနေရင် ပိုအရေးကြီးပါတယ်။
ဒါပေမယ့် တီဘီရှိတဲ့ကလေးအများစုကိုပြင်ပလူနာအဖြစ်ကုသပေးပြီးနေအိမ်မှာပဲပြုစုစေတာများပါတယ်။ ပုံမှန်အားဖြင့်သောက်ဆေးတွေနဲ့ကုသလေ့ရှိပါတယ်။ ကုသမှုက လနဲ့ချီပြီးကြာမြင့်တယ်ဆိုပေမယ့် ညွှန်ကြားထားတဲ့အတိုင်း တသဝေမတိမ်းလိုက်နာပြီးဆေးကိုအချိန်မှန်၊ပြီးပြတ်အောင်တိုက်ကျွေးဖို့ အရေးကြီးပါတယ်။
ဘယ်လောက်ကြာတတ်လဲ
တီဘီရောဂါဆိုတာ မကုသရင် နှစ်ပေါင်းများစွာကျန်ရှိနေတတ်တဲ့ နာတာရှည်ရောဂါပါ။ ကုသမှုခံယူတဲ့အခါ ၆ လကနေ ၉လ အထိဆေးပုံမှန်သောက်သုံးရပါတယ်။
ဘယ်အချိန်မှာ ဆရာဝန်ပြသင့်လဲ
ကလေးမှာ ဒီလက္ခဏာတွေဖြစ်လာရင် ဆရာဝန်အမြန်ပြပြီး စစ်ဆေးကုသမှုခံယူသင့်ပါတယ် –
- တီဘီရှိသူ( သို့မဟုတ် တီဘီရှိတယ်လို့ သံသယရှိသူ)နဲ့ နီးနီးကပ်ကပ်နေမိသွားရင်
- အဖျားတာရှည်နေရင်
- ညညဆို ချွေးတွေထွက်နေရင်
- ချောင်းဆိုးတာရှည်နေရင် တီဘီကူးစက်ခံရခြင်းရှိမရှိ စစ်ဆေးသင့်ပါတယ်။
Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။
[embed-health-tool-vaccination-tool]