အချုပ်အနေနဲ့ ဝက်သက်နဲ့ ပက်သက်လို့ သိထားသင့်တဲ့အချက်တွေက
- ဝက်သက်ရောဂါဆိုတာ လူတစ်ယောက်ကနေ အခြားတစ်ယောက်ဆီကို ကူးစက်ပျံ့လွယ်တတ်တဲ့ ရောဂါတစ်မျိုးပါ။
- ဝက်သက်ဖြစ်စေတဲ့ ဗိုင်းရပ်စ်မှာ မျိုးစိတ်ပေါင်း ၂၁ မျိုးရှိပါတယ်။
- ဝက်သက်ဟာ ဗိုင်းရပ်စ်ပိုးဖြစ်တာကြောင့် ဗိုင်းရပ်စ်ပိုးတို့ ထုံးစံအတိုင်း သူတို့ကိုသေချာကုသနိုင်တဲ့ ဆေးနည်းတွေ မရှိသေးတာကြောင့် ကာကွယ်ခြင်းက ကုသခြင်းထက်အကောင်းဆုံးပါ။ ဒီတော့ ဝက်သက်ကာကွယ်ဆေးကို လူတိုင်း ထိုးထားသင့်ပါတယ်။ အထူးသဖြင့် အသက် ကိုးလကနေ ငါးနှစ်အတွင်းကလေးတွေ အနည်းဆုံး ဝက်သက်ကာကွယ်ဆေး နှစ်ကြိမ်ထိုးဖို့ လိုအပ်ပါတယ်။
- ကာကွယ်ဆေးဆိုတာ ဖန်တီးထားတဲ့ဗိုင်းရပ်စ်ပိုး အနုစားလေးတွေကို ကိုယ်တွင်းကို ထည့်ပေးပြီး အဲဒီ ဗိုင်းရပ်စ်ပိုးကိုတိုက်တဲ့ ပဋိုပစ္စည်းထွက်အောင် လုပ်လိုက်တာဖြစ်လို့ လူတိုင်းထိုးလို့ရပေမယ့် ရင်သွေးလေးတွေရှိတဲ့ ကိုယ်ဝန်သည်တွေ ကိုယ်ဝန်ဆောင်နေစဉ်တော့ ထိုးလို့ မရပါဘူး။ ။
အသားချင်းထိတွေ့မှ မဟုတ်ဘဲ လေထဲကနေတောင်ကူးစက်တဲ့အထိပြင်းထန်တဲ့ ဝက်သက်ရောဂါကိုခပ်ပေါပေါ့လေးသဘောမထားသင့်တာကတော့ အမှန်ပါ။ ဒီရောဂါက ကလေးတွေမှာတင်မဟုတ် လူကြီးတွေမှာလည်း ဖြစ်ပွားနိုင်ပါတယ်။ ဒီရောဂါကို မေမေတို့အနေနဲ့ အမှုမဲ့အမှတ်မဲ့မထားစေချင်ပါဘူး။ အကြောင်းကတော့ ကိုယ်ခံအားစနစ်က ဖွံ့ဖြိုးဆဲဖြစ်ပြီး နုနယ်လွန်းတဲ့ ကလေးငယ်လေးတွေမှာ ဝက်သက်ရောဂါကြောင့် အသက်သေဆုံးတာမျိုးအထိဖြစ်နိုင်ပါတယ်။ ကိုယ့်ရဲ့ အဖိုးမဖြတ်နိုင်တဲ့ သားသမီးလေးတွေကို ဒီရောဂါဆိုးကြီးကနေ ကာကွယ်ပေးကြဖို့ တိုက်တွန်းပါရစေ။
ရောဂါရှိတာကို ဘယ်လိုသိနိုင်မလဲ
ဝက်သက်ရောဂါပိုးက လေထုထဲကနေတဆင့် ကူးစက်နိုင်သလို ပြင်ပလေထုထဲမှာ နာရီတော်တော်ကြာ ကြာတဲ့အထိရှင်သန်နေနိုင်ပါတယ်။ ရောဂါပိုး ကူးစက်ခံထားရပြီး ၁၀ ရက်ကနေ ၁၄ ရက်ကြာမှ ရောဂါလက္ခဏာပြတတ်တာပါ။ များသောအားဖြင့်ကတော့ အရေပြားမှာ အနီရောင် အဖုအပိမ့်လေးတွေထွက်လာတာပါ။ ပါးစပ်ထဲမှာလည်း အဖုငယ်လေးတွေဖြစ်လာနိုင်ပါတယ်။ ဒီအခြေအနေတွေကို စစ်ဆေးပြီးမှ ဆရာဝန်ကကလေးမှာ ဝက်သက်ဖြစ်နေပြီဆိုတာကို ဆုံးဖြတ်ပေးတာပါ။ အတိကျဆုံးအဖြေထွက်ဖို့အတွက်ကတော့ သွေးစစ်တာ၊ ဆီးစစ်တာတွေလုပ်ပြီး စစ်ဆေးတာမျိုးရှိနိုင်ပါတယ်။
ဘယ်လိုကုသမလဲ
ဝက်သက်ရောဂါပိုးကူးစက်ခံရမှုအတွက် ကုသမှုရယ်လို့တိတိကျကျမရှိပါဘူး။ အကောင်းဆုံးနည်းလမ်းကတော့ ကာကွယ်ဆေးထိုးတာ ဒါမှမဟုတ် ရောဂါပိုးကူးစက်မခံရအောင် ကာကွယ်ထားတာပါ။ ကိုယ်နေထိုင်တဲ့ပတ်ဝန်းကျင်အနီးအနားတွေမှာ ဝက်သက်ဖြစ်တယ်ဆိုရင် ကာကွယ်ဆေးမဖြစ်မနေထိုးဖို့လိုအပ်ပါတယ်။
အဖျားကျဆေးတွေပေးနိုင်တယ် – ဝက်သက်ဖြစ်တဲ့အခါ အဖျားကြီးတာမျိုးဖြစ်နိုင်ပါတယ်။ ဒီလိုအခြေအနေမှာ ဆရာဝန်က ကလေးကို အဖျားကျစေတဲ့ဆေးတွေပေးပြီး ဝက်သက်ကြောင့် အဖျားကြီးတာကို သက်သာအောင်လုပ်ဆောင်ပေးနိုင်ပါတယ်။
ပဋိဇီဝဆေးဝါးတွေ ပေးနိုင်တယ် – ဝက်သက်နဲ့အတူ ကလေးငယ်မှာ အဆုတ်ရောင်တာ၊ နားပိုးဝင်ကူးစက်တာလိုမျိုး ဘက်တီးရီးယားကူးစက်ခံရတာမျိုးဖြစ်လာမယ်ဆိုရင် ဆရာဝန်က ပဋိဇီဝဆေးတွေတိုက်ကျွေးနိုင်ပါတယ်။
ဗီတာမင် A – ကလေးတွေမှာ ဗီတာမင် A နည်းတဲ့အခါ ဝက်သက်ရောဂါကိုခံစားရနိုင်ပါတယ်။ ဗီတာမင် A ဖြည့်စွက်ပေးတာကြောင့် ကလေးမှာ ဝက်သက်ကြောင့်ဖြစ်တဲ့ လက္ခဏာတွေပြင်းပြင်းထန်ထန်ခံစားရနိုင်ခြေနည်းသွားမှာပါ။
ကာကွယ်ခြင်းက အကောင်းဆုံးနည်းလမ်းပါ
ကာကွယ်ခြင်းက ကုသခြင်းထက်ပိုကောင်းပါတယ်။ ဝက်သက်လိုမျိုးရောဂါမှာဆိုရင် ပိုပြီးတောင် မှန်နေပါတယ်နော်။ ဝက်သက်က ခံစားရဆိုးသလို နောက်ဆက်တွဲပြဿနာတွေကလည်း ပြင်းထန်ပါတယ်။ ကြောက်စရာအကောင်းဆုံး အချက်တစ်ခုကဝက်သက်ရောဂါက အဆိုးဆုံးနောက်ဆက်တွဲအနေနဲ့ အသက်သေဆုံးတာမျိုးအထိဖြစ်စေနိုင်တာပါ။
ဝက်သက်ကို ကာကွယ်ဖို့အကောင်းဆုံးသောနည်းလမ်းကတော့ ကာကွယ်ဆေးထိုးတာပါပဲ။ ကလေးက အရမ်းငယ်သေးရင်တော့ ကာကွယ်ဆေးထိုးလို့မရသေးပါဘူး။ ကလေးရဲ့ ကိုယ်ခံအားစနစ်က အပြည့်အဝမဖွံ့ဖြိုးသေး တာကြောင့်ပါ။ ကလေးလေးတွေကို အသက် ကိုးလကနေစပြီး ကာကွယ်ဆေးထိုးနိုင်တယ်။ မဖြစ်မနေ ထိုးပေးထားဖို့လိုအပ်တယ်။ အနည်းဆုံးနှစ်ကြိမ်ထိုးရမယ်။ ကာကွယ်ဆေးထိုးပေးတာကြောင့် ကလေးငယ်မှာ ထိခိုက်သွားတာမျိုးမရှိပါဘူး။ မေမေတို့တွေထင်နေသလို ဝက်သက်ကာကွယ်ဆေးကြောင့် ကလေးမှာ အော်တစ်ဇင်ရောဂါ လိုမျိုး ရောဂါတွေခံစားရနိုင်တယ်ဆိုတဲ့ အထောက်အထားလေ့လာချက်တစ်စုံတစ်ရာမရှိပါဘူး။ ဒီနေရာမှာ ပြင်းပြင်းထန်ထန်သတိပေးချင်တာက ဝက်သက်ကာကွယ်ဆေးထိုးလို့ ထိခိုက်မှုတစ်စုံတရာမဖြစ်နိုင်ပါဘူး။ ကာကွယ်ဆေးမထိုးရင်သာ ကလေးမှာ အကြီးအကျယ်ထိခိုက်နိုင်တယ်။ ကံအကြောင်းမသင့်ရင် ဆုံးရှုံးနိုင်တယ်ဆိုတာ သတိထားစေချင်တယ်။
ကလေးယူဖို့ ဆန္ဒရှိတဲ့ မေမေလောင်းလျာတွေအနေနဲ့လည်း ကာကွယ်ဆေးကိုကြိုတင်ထိုးနှံထားတာက အကောင်းဆုံးဖြစ် မှာပါ။ ကိုယ်ဝန်ဆောင်နေချိန်မှာ ဝက်သက်ကာကွယ်ဆေးထိုးလို့မရသလို ကိုယ်ဝန်ဆောင်ချိန် ဝက်သက်ရောဂါပိုးကူးစက်ခံရမယ်ဆိုရင် သန္ဓေသားအတွက် ထိခိုက်မှုကကြီးပါတယ်။
ဝက်သက်ဖြစ်တဲ့အခါ အသုံးတည့်မယ့်နည်းလမ်းအချို့
ကလေးငယ်တွေမှာ ဝက်သက်ဖြစ်လာပြီဆိုရင် အကောင်းဆုံးကတော့ ဆရာဝန်ဆီအမြန်ဆုံးသွားရောက်ပြသတာပါပဲ။ ကလေးက ဝက်သက်ပေါက်နေတဲ့အခါ မေမေတို့အနေနဲ့ ကလေးကို သက်တောင့်သက်သာဖြစ်စေဖို့ ဒီအချက်လေးတွေဂရုစိုက်ပေးသင့်ပါတယ်။
သက်သောင့်သက်သာထားပါ – ကလေးကို လှုပ်လှုပ်ရှားရှားမနေခိုင်းပါနဲ့။ တတ်နိုင်သမျှ သက်တောင့်သက်သာနေခိုင်းပါ။
ရေဓာတ်ပြည့်ဝအောင်ဂရုစိုက်ပါ – ကလေးကို နို့များများတိုက်ပါ၊ ရေတိုက်ပေးပါ။ ရေဓာတ်ပြည့်ဝနေအောင် သေချာလေး ဂရုစိုက်ပေးပါ။
အစိုဓာတ်ထိန်းစက်လေးဖွင့်ပေးပါ – ဝက်သက်ကြောင့် လည်ချောင်းနာတာမျိုးဖြစ်နိုင်တဲ့အတွက် လည်ချောင်းနာတာကို သက်သာစေဖို့ အခန်းထဲမှာ အစိုဓာတ်ထိန်းစက်လေးဖွင့်ပေးထားပါ။
မျက်လုံးလေးတွေကို အနားပေးပါ – ကလေးရဲ့ မျက်လုံးတွေက အလင်းဒဏ်ကိုမခံနိုင်ဘဲ ကျိန်းစပ်နေတာမျိုးတွေဖြစ်နိုင်ပါတယ်။ ဒါကြောင့် အခန်းမီးကို ခပ်မှိန်မှိန်လေးပဲထွန်းပေးပါ။ ကလေးရဲ့ မျက်လုံးလေးတွေကို အနားပေးနိုင်အောင် ကူညီပေးပါ။
နိဂုံးချုပ်အနေနဲ့ ပြောချင်တာကတော့ ဒီလိုမျိုးကြောက်စရာကောင်းတဲ့ ဝက်သက်ရောဂါကို အကောင်းဆုံးကာကွယ်ပေးနိုင် မယ့်နည်းလမ်းက ကာကွယ်ဆေးထိုးနှံတာဖြစ်တာကြောင့် မိမိတို့ရဲ့ ရင်သွေးလေကို ဝက်သက်ကာကွယ်ဆေးမပျက်မကွက်ထိုးနှံပေးကြဖို့ပြောပါရစေ။ ကာကွယ်ဆေးကြောင့် ဆိုးရွားတဲ့ ထိခိုက်မှုမရှိနိုင်ပါဘူးနော်။ ကာကွယ်ဆေးမထိုးရင်သာ ထိခိုက်မှုဖြစ်လာနိုင်တာပါ။
ကာကွယ်ဆေးထိုးမယ်ဆိုရင်
လက်ရှိ ဝက်သက်ရောဂါဖြစ်ပွားမှု မြင့်မားနေတဲ့ရန်ကုန်မြို့ ၇မြို့နယ်မှာ ဝက်သက်ကာကွယ်ဆေးထိုးနှံပေးနေပါတယ်။ ဖေဖော်ဝါရီလ ၁၇ရက်နေ့ကနေ ၂၈ရက်နေ့အထိ မနက်၈နာရီကနေ ၄နာရီအထိ သွားရောက်ထိုးနှံနိုင်ပါတယ်။ အသက် ၉လကနေ ၁၅နှစ်အတွင်း ကလေးလူငယ်တွေအားလုံး ထိုးဖူးသည်ဖြစ်စေ မထိုးဖူးသည်ဖြစ်စေ အခမဲ့သွားရောက်ထိုးနိုင်ပါတယ်။ နဂိုထိုးပြီးသားလား မထိုးရသေးလား မသေချာလည်း ထိုးလို့ရပါတယ်။ ထိုးပြီးသားဆက်ထိုးလို့ ဘာမှ ပြဿနာမရှိနိုင်ပါဘူး။ ထိုးနှံနိုင်တဲ့နေရာတွေကတော့
- လှိုင်သာယာ
- အင်းစိန်
- မင်္ဂလာဒုံ
- ရွှေပြည်သာ
- ဒဂုံမြို့သစ် (တောင်ပိုင်း၊ အရှေ့ပိုင်း)
- ဒဂုံဆိပ်ကမ်းမြို့နယ် စုရပ်တွေမှာ ထိုးနှံပေးမှာပါ။ နေရာအတိအကျကို ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနဲ့ ကျန်းမာရေးဝန်ထမ်းတွေကို မေးမြန်းနိုင်ပါတယ်။
ကာကွယ်ဆေးထိုးပြီးရင် ဘာတွေဖြစ်နိုင်မလဲ။
- ထိုးထားတဲ့နေရာမှာ ရောင်ရမ်းနေတာ
- အဖျားအနည်းငယ်တက်တာ
- ချမ်းတုန်တာ
- ခေါင်းကိုက်တာ
- ကြွက်သားနဲ့ အဆစ်အမြစ်တွေနာတာ
ဒါတွေက ကာကွယ်ဆေးထိုးတာကြောင့်ဖြစ်တဲ့ နောက်ဆက်တွဲအပျော့စားဆိုးကျိုးတွေဖြစ်ပါတယ်။ ရေရှည်မှာ ဘေးထွက်ဆိုးကျိုးမရှိပါဘူး။ ပြဿနာကြီးကြီးမားမားမရှိတတ်ပါဘူး။ ကာကွယ်ဆေးမဖြစ်မနေထိုးပါ။ ကိုယ့်ပေါ့ဆမှုနဲ့ ယုံလွယ်မှုကြောင့်တန်ဖိုးရှိတဲ့ အသက်တွေမဆုံးရှုံးပါစေနဲ့။
Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။